သီရိလင်္ကာမှာ ဗုဒ္ဓစာပေသင်ကြားနေတဲ့ မြန်မာသံဃာတချို့ အဓိကရုဏ်းကြောင့် အသွားအလာဆင်ခြင်နေရ

သီရိလင်္ကာမှာ အီစတာဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ခဲ့ ဓာတ်ပုံ မူပိုင် LAKRUWAN WANNIARACHCHI/AFP/Getty Images
Image caption သီရိလင်္ကာမှာ အီစတာဗုံးခွဲတိုက်ခိုက်ခံရမှုအပြီး မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်ခဲ့

သီရိလင်္ကာမှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကြောင့် မြန်မာနိုင်ငံကနေ သွားရောက်ပြီး ပညာသင်ကြားနေတဲ့ မြန်မာသံဃာတွေကို ကျောင်းထိုင်ဆရာတော်တွေက အသွားအလာ ဆင်ခြင်ဖို့ မိန့်ကြားထားတယ်လို့ သီရိလင်္ကာရောက် ရဟန်းတချို့က ဘီဘီစီကို ပြောပါတယ်။

လတ်တလောမှာ မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းတွေဖြစ်နေတဲ့ ကိုလံဘို မြို့တော်ကနေ အနီးဝန်းကျင်ကို ကူးစက်တာ ကာကွယ်တဲ့အနေနဲ့ တစ်နိုင်ငံလုံးကို ညမထွက်ရ ကာဖျူးအမိန့် သီရိလင်္ကာအစိုးရက ထုတ်ထားပါတယ်။

လက်ရှိ သီရိလင်္ကာမှာ ပါရဂူဘွဲ့ ကျမ်းပြုနေတဲ့ ဦးဇင်း ပညိန္ဒက " အရေးမကြီးရင် အပြင်မထွက်ဖို့ နာယက သံဃာတော်တွေက သတိပေးထားတယ်၊ အခုချိန်မှာတော့ ပုံမှန်တော့မဟုတ်ပေမယ့် စိုးရိမ်ရတဲ့ အခြေအနေတော့မဟုတ်ပါဘူး၊ စိတ်ထဲမှာတော့ ဒီသတင်းဒီလိုဖြစ်နေတဲ့အတွက် ဘယ်နေရာများ ဘယ်မှာဖြစ်မလဲဆိုတဲ့ စိုးရိမ်စိတ်ကတော့ အတိုင်းအတာတစ်ခုထိရှိတယ်" လို့ ဘီဘီစီကို ပြောပါတယ်။

သီရိလင်္ကာနိုင်ငံ၊ ချီလ်လောမြို့မှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီးတဲ့နောက်မှာ ဖေ့ဘုတ်၊ Whatsapp အပါအဝင် လူမှုကွန်ရက် တချို့ကို သီရိလင်္ကာ အာဏာပိုင်တွေက ယာယီပိတ်ထားလိုက်ပါတယ်။ ကက်သလစ် ဘာသာဝင် အများဆုံးနေထိုင်တဲ့ ချီလ်လောမြို့မှာ ဖေ့ဘုတ် ပို့စ်တစ်ခုကြောင့် အငြင်းပွားရာကနေ မွတ်စလင်ပိုင် ဈေးဆိုင်တွေနဲ့ ဗလီတွေ တိုက်ခိုက်ခံရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သီရိလင်္ကာမှာ မျက်နှာဖုံးတပ် သွားလာမှုတွေကို ကန့်သတ်

အီစတာပွဲတော်နေ့က သီရိလင်္ကာနိုင်ငံက ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေဖြစ်ခဲ့အပြီး မွတ်စလင် ဆန့်ကျင်ရေး မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေတဲ့အတွက် နိုင်ငံတဝန်းညမထွက်ရ အမိန့်ထုတ် တဲ့ အထိ ဖြစ်လာခဲ့တာပါ။

နိုင်ငံအနောက်မြောက်ပိုင်းပြည်နယ်က မွတ်စလင်ဆန့်ကျင်ရေး ဆူပူမှုတွေကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး မွတ်စလင်ပိုင် ဆိုင်တွေနဲ့ ဗလီတွေ မေ ၁၃ ရက်နေ့က တိုက်ခိုက်ခံခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ဆက်နွယ်တဲ့ မသင်္ကာသူ အမျိုးသား ၇၀ကျော်ကို ရဲကဖမ်းမိထားပြီး အဲဒီထဲမှာ လက်ယာအစွန်း ဗုဒ္ဓဘာသာ အဖွဲ့ခေါင်းဆောင်တစ်ဦးလည်း ပါဝင်ပါတယ်။

နိုင်ငံအနောက် မြောက်ပိုင်းက ကီနီယာမမြို့မှာ လူရာချီဟာ ဗလီတစ်လုံးထဲ ဝင်ရောက်ပြီး ပြတင်းပေါက်တွေနဲ့ တံတားတွေကို ဖျက်ဆီးခဲ့ရာကနေ ဆူပူမှုတွေစတင်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောထားပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာသာ အများစုနေထိုင်ပြီး မွတ်စလင်ကတော့ ၁၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓစာပေ သင်ကြားသူ မြန်မာသီလရှင်နဲ့ သံဃာ စုစုပေါင်း ၅၀၀ နီးပါးရှိတယ်လို့ အရှင် ပညိန္ဒက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ