သီရိလင်္ကာဗုံးခွဲမှုနဲ့ ဆက်စပ်တဲ့ သံသယဖြစ်ဖွယ်ရှိသူအကြောင်း သတင်းပို့ဖို့ ဟိုတယ်ခရီးစာထုတ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် ရဲဇာနည်
Image caption အကြမ်းဖက်အန္တရာယ် စိုးရိမ်မှုတွေကြောင့် ပြည်ထဲရေးဒုဝန်ကြီး ရန်ကုန်လေဆိပ်လုံခြုံရေး စစ်ဆေးခဲ့

(၁) သီရိလင်္ကာဗုံးခွဲမှုနဲ့ ဆက်စပ်တဲ့ သံသယဖြစ်ဖွယ်ရှိသူအကြောင်း သတင်းပို့ဖို့ ဟိုတယ်ခရီးစာထုတ်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘို၊ နီဂွမ်ဘိုနဲ့ ဘတ်ကီကာလေမြို့တွေမှာ ဧပြီလ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ ဖမ်းမိခဲ့တဲ့ တရားခံတွေနဲ့ ဆက်စပ်ပတ်သက်သူတွေထဲက သံသယဖြစ်ဖွယ်ရှိသူ ၁ ဦးဟာ ကမ္ဘာလှည့်ခရီးသည်ဗီဇာနဲ့ ၂၀၁၈ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကို ဝင်ရောက်ခဲ့ပြီး အခုထိ နေထိုင်မှုသက်တမ်း ၁ နှစ် ၂ လ ကျော်လွန်နေပြီ ဖြစ်တယ်ဆိုပြီး ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအတွက်ကြောင့် ဟိုတယ် ဒါမှမဟုတ် တည်းခိုရိပ်သာတွေမှာ လာရောက်တည်းခိုနေထိုင်သူတွေထဲမှာ ဒီနိုင်ငံခြားသား လာရောက်တည်းခို နေထိုင်ခဲ့တာ ရှိမရှိ အကြောင်းကြားပေးဖို့လည်း ဟိုတယ်ခရီးက ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူဟာလည်း မေလ ၂၂ ရက်နေ့မှာ ရန်ကုန်လေဆိပ်လုံခြုံရေး ကျိုးပေါက်မှုမရှိစေဖို့၊ ခရီးသည်တွေ လုံခြုံမှုရှိဖို့တွေအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လာရောက်ပြီး လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။

() ကုလမဟာမင်းကြီး ရခိုင်သွားရောက်

ဓာတ်ပုံ မူပိုင် AFP
Image caption စစ်တွေ ဒုက္ခသည်စခန်းတစ်ခုမှာ တွေ့ရတဲ့ ကုလမဟာမင်းကြီး

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ မေလ ၂၀ ရက်နေ့က ရန်ကုန်ကနေ စစ်တွေကို ရောက်လာပြီး အဲ့ဒီကတဆင့် ဘူးသီးတောင်နဲ့ မောင်တောကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

မောင်တောမှာ ခရိုင်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပြန်လည်လက်ခံရေးကိစ္စအပြင် ပန်းတောပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနဲ့ တိုင်းရင်းသားတွေနေထိုင်တဲ့ ဖားဝပ်ချောင်းကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ခဲ့ပါတယ်။

ဘူးသီးတောင်မြို့ကိုလည်း မောင်တောကတဆင့် လာရောက်ပြီး ရွာမရွာက မွတ်ဆလင် ရပ်ရွာလူကြီးတွေအပြင် ရန်အောင်မြေ စစ်ရှောင်စခန်းက ဒုက္ခသည်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။

တွေ့ဆုံစဉ်မှာ စခန်းက စစ်ဘေးရှောင်တွေကို ရိက္ခာဆက်လက် ထောက်ပံ့ပေးမယ်လို့ ပြောခဲ့သလို ရွာတွေမှာ အခုထိ ကျန်နေသေးတဲ့ လက်နက်ကျည်ဆံတွေ၊ ဗုံးသီးတွေကို ရှင်းလင်းပေးဖို့ နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့တဲ့အခါ တင်ပြပေးမယ်လို့ ပြောခဲ့ပါတယ်။

Filippo Grandi နဲ့ တွေ့ခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်းက ကိုခိုင်ကောင်းစံကတော့ ကုလသမဂ္ဂ မဟာမင်းကြီးဟာ ရခိုင်အခြေအနေကို ကောင်းကောင်းသဘောပေါက်ပုံရတယ်လို့ ပြောပါတယ်။

ခရီးစဉ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးဟာ ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံခဲ့သလို စစ်တွေက မွတ်ဆလင်ဒုက္ခသည်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ သူဟာ နေပြည်တော်မှာတော့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဖို့ရှိသလို ရခိုင်အရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

() ငါန်းဇွန်က ဆေးခြောက်စိုက်ခင်းနဲ့ ဆက်စပ်တဲ့ အမေရိကန်နိုင်ငံသား ၅ ဦးကို ဖမ်းဝရမ်းထုတ်

ဓာတ်ပုံ မူပိုင် CCDAC Myanmar
Image caption ဒီစိုက်ခင်းဟာမန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ စမ်းသပ်လုပ်ကိုင်နေတာလို့ ပြောဆိုမှု တွေ ရှိပါတယ်

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က ဧက ၂၀ ရှိတဲ့ စိုက်ခင်းတစ်ခုမှာ ဆေးခြောက်စိုက်တယ်ဆိုပြီး တရားစွဲခံရတဲ့ မစ္စတာဂျွန် John Frederic Todoroki နဲ့ အလုပ်သမားနှစ်ယောက်ကို မူးယစ်ဆေး ဝါးဥပဒေပုဒ်မ ၁၆ (က၊ခ) ၁၉ (က၊ခ)၊ ၂၀ (က၊ခ) နဲ့ မြင်းခြံခရိုင်တရားရုံးက မေလ ၂၁ ရက်နေ့က လက်ခံလိုက် ပါတယ်။

ဒါ့အပြင် စိုက်ခင်းတာဝန်ရှိသူတွေဖြစ်ကြတဲ့ စီးပွားရေး လုပ်ငန်းရှင် မစ္စတာ မာတင်ပန် အပါအဝင် အမေရိကန်နိုင်ငံသား ၅ ယောက်ကိုလည်း ဖမ်းဝရမ်း ထုတ်ထားတယ်လို့ တရားစွဲဆိုခံရသူအတွက် ဥပဒေအကျိုးဆောင် ရှေ့နေ ဦးခင်မောင်သန်း က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ မာတင်ပန် ဟာ မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်ကြီး မစ္စတာ ဆပ်ရှ်စပန် ဦးသိမ်းဝေရဲ့ အစ်ကိုတော်စပ်သူလည်းဖြစ်ပါတယ်။

တရားစွဲဆိုခံရသူတွေကို မြင်းခြံထောင်မှာချုပ်နှောင်ထားပြီး လာမယ့် ဇွန်လ ၄ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးမယ်လို့ ရှေ့နေကပြောပါတယ်။

ဆေးခြောက်စိုက်ခင်းဆိုတဲ့ဓာတ်ပုံ ဖေ့စ်ဘုတ်ပေါ်ပြန့်နှံ့ ခဲ့ပြီးနောက် မန္တလေးတိုင်းရဲတပ်ဖွဲ့ကတွေက အဲဒီစိုက်ခင်းကို ဧပြီလ ၂၂ ရက်နေ့က ဝင်ရောက်စစ် ဆေးခဲ့ရာ ဆေးခြောက်အပင်တွေစိုက်တယ်ဆိုပြီး အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်နဲ့ အလုပ်သ မားနှစ်ယောက်ကိုပါ ဖမ်းဆီးလိုက်တာပါ။

ဒါပေမဲ့ အဲဒီစိုက်ခင်းဟာ III M အာဟာရဆေးဝါးကုမ္ပဏီက အလုပ်သမား ၁၇၀ ဦးနဲ့ စမ်းသပ်စိုက်ပျိုးထားတဲ့ သဘာ၀ ဆေးဘက်ဝင်လျှော်ပင်စိုက်ခင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လျှော်ပင် စမ်းသပ်စိုက်ပျိုးတာ၊ အခြောက်ခံတာ၊ အဆီထုတ်တာ၊ ထုပ်ပိုးတာ စတဲ့ လုပ်ငန်းတွေကို ၁ နှစ်တာ သုတေသနပြု ဆောင်ရွက်နေတာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီစိုက်ခင်းထဲကအပင်တွေဟာ မူးယစ်စေ နိုင်ခြင်းမရှိတဲ့ Cannabidiol အာနိသင်ပါဝင်တဲ့ Hemp ဆိုတဲ့ဆေးလျှော်ပင်တွေဖြစ်ပြီး မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချဖို့မဟုတ်ပဲ တရားဝင်ခွင့်ပြုထားတာ ဖြစ်တယ်လို့ ရှေ့နေ ဦးခင်မောင်သန်း က ပြောပါတယ်။

လာမယ့်ရုံးချိန်းမှာ ဖမ်းမိထားတဲ့အပင်တွေကို တခြားဓာတ်ခွဲခန်းမှာ ထပ်ပြီးခွဲစိတ်စစ်ဆေးဖို့ တရားရုံးမှာအဆိုပြုမယ်လို့ ရှေ့နေဦးခင်မောင်သန်း က ပြောပါတယ်။

() ICRC ဒုဌာနေကိုယ်စားလှယ် ချင်းပြည်နယ်ရောက်နေ

ဓာတ်ပုံ မူပိုင် Hkawn San
Image caption ပလက်ဝက စစ်ရှောင်စခန်းတစ်ခု

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ဒုတိယဌာနကိုယ်စားလှယ် Mr. Enrique Ochoa ဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေး ချင်းပြည်နယ်ကို သွားရောက်ပြီး ပြည်နယ်အစိုးရနဲ့ ဆွေးနွေးခဲ့ပါတယ်။

မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA)ကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်မှုတွေ ကြုံနေရပြီး ပလက်ဝမှာဆိုရင် နေရပ်စွန့်ခွာသူတွေ များနေတဲ့အတွက် သူတို့တွေကို လူသားချင်းဆိုင်ရာ အကူအညီပေးနိုင်ဖို့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံစဉ်မှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ICRC ဟာ ပလက်ဝကို တခါမှ မကူညီဖူးတဲ့အတွက် အခုလို လာရောက်ဆွေးနွေးတာဖြစ်ပြီး ပြည်ထောင်စုအစိုးရက ခွင့်ပြုရင် လုပ်ဆောင်ပါလို့ ပြောဆိုဆွေးနွေးခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

လက်ရှိ ပလက်ဝမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၆၅၀ ကျော်ရှိပြီး လူဦးရေ ၃ သောင်းကျော်က စစ်ရှောင်စခန်းတွေမှာ နေထိုင်နေရပြီး တချို့ကတော့ ဆွေမျိုးသားချင်းတွေ နေအိမ်မှာ ပြောင်းနေကြလို့ စာရင်းအတိအကျမရနိုင်ဘူးလို့ ဦးစိုးထက်က ပြောပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပလက်ဝမှာ ဆန်ရိက္ခာပြတ်လတ်နေပြီး မိုးတွင်းမှာ ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၅) Brexit အရေးကြောင့် ဝန်ကြီးမေ နုတ်ထွက်ပေးဖို့ ဖိအားတွေ တိုးလာ

ဓာတ်ပုံ မူပိုင် EPA
Image caption ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ

ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေရဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်နုတ်ထွက်ဖို့ နောက်ဆုံး အဆိုပြုချက်ကို ဗြိတိန်လွှတ်တော်အမတ်တွေက ပြစ်တင်ရှုတ်ချနေချိန်မှာ သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီကလည်း ဝန်ကြီးချုပ်မေကို နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ တိုးလာနေပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံမှာ အရေးပါတဲ့ဝန်ကြီးတစ်ဦး နုတ်ထွက်သွားခဲ့အပြီး ဝန်ကြီးချုပ် ထရီဆာမေကို ရာထူးကနေ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ တိုးပွားလာနေပါတယ်။

ဝန်ကြီး အန်ဒီရီယာလီဆန်က အီးယူ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးဆိုင်ရာ ချဉ်းကပ်ပုံချဉ်းကပ်နည်းကို အယုံအကြည်မရှိတော့တဲ့အတွက် အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်တာပါ။

ဝန်ကြီးချုပ် ထရီဆာမေ ရာထူးဆက်ကိုင်စွဲထားလို့ မရတော့ဘူးလို့ တခြားကတ်ဘိနက်ဝန်ကြီး အတော်များများကလည်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ဗြိတိန်အစိုးရဘက်ကလာတဲ့ သတင်းအချက်အလက်တွေအရတော့ ထရီဆာမေအနေနဲ့ ရာထူးက နုတ်ထွက်မှာမဟုတ်ဘဲ ဥရောပပါလီမန်ရွေးကောက်ပွဲကျင်းပပြီးချိန် မေလ ၂၄ ရက်နေ့မှာ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အရေးပါတဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။

ထရီဆာမေရဲ့ ဝန်ကြီးချုပ်ရုံးကလည်း ထရီဆာမေဟာ ဝန်ကြီးချုပ်အဖြစ် ဆက်တာဝန်ထမ်းဆောင်နေဦးမှာဖြစ်ပြီး အီးယူထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးဆိုင်ရာ သူရဲ့ ပြန်ပြင်ဆင်ရေးဆွဲရေးဆိုင်ရာအစီအစဉ်တွေကို လာမယ့်လမှာ ဗြိတိသျှပါလီမန်မှာ တင်ပြမှာဖြစ်တယ်လို့ ပြောပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်တွေ အဓိကတောင်းဆိုတဲ့ အချက် ဖြစ်တဲ့ EU က နုတ်ထွက်ရေးအပေါ် ဒုတိယအကြိမ် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲ ကျင်းပရေး မဲခွဲဆုံးဖြတ်ဖို့ အစီအစဉ်ပါဝင်တဲ့ သူ့ရဲ့ ဥပဒေကြမ်းတရပ်ကို လွှတ်တော်မှာ နောက်လ တင်ပြဖို့ ရှိတယ်လို့လည်း ဝန်ကြီးချုပ်ကထရီဆာမေက ပြောထားပါတယ်။