တစ်နှစ်အတွင်း ဝန်ထမ်း ၂ ထောင်ကျော် အရေးယူခဲ့တယ်လို့ ရာထူးဝန်အဖွဲ့ပြောတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption လာဘ်စားတဲ့စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ ဥပဒေအရာရှိအမျိုးသမီးတစ်ဦးကို ရုံးထုတ်ခဲ့စဉ်

(၁) တစ်နှစ်အတွင်း ဝန်ထမ်း ၂ ထောင်ကျော် အရေးယူခဲ့လို့ ရာထူးဝန်အဖွဲ့ပြော

နိုင်ငံဝန်ထမ်း နည်းဥပဒေတွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဧပြီလကနေ ၂၀၁၉ မတ်လကုန်အထိ ရာထူးက ထုတ်ပယ်ခံရတဲ့ ဝန်ထမ်း ၁၆၃၈ ဦးနဲ့ ဝန်ထမ်းအဖြစ်က အထုတ်ခံရသူ ၇၃၉ ဦးရှိတယ်လို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းက ပြောပါတယ်။

ဝန်ကြီးဌာနတွေထဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပယ်ခံရသူ ဝန်ထမ်း ၈၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဌာနက တတိယအများဆုံးဖြစ်ပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့ရသူတချို့ရှိနေတဲ့အပြင် ဝန်ထမ်းအငယ်တွေဟာ လစာနည်းတာ၊ ခံစားခွင့်နည်းတာအပြင် တချို့ဝေးလံတဲ့ဒေသတွေမှာ နေထိုင်စရာမရှိတဲ့ အတွက်လည်း တာဝန်ကျတဲ့နေရာကိုမသွားတော့ပဲ ဝန်ထမ်းအဖြစ်က ထွက်သွားသူတွေလည်း ရှိခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်မှာတော့ အရင်ခေတ်ကာလတုန်းက ဆရာဝန်တွေဟာ တာဝန်ကျတဲ့နေရာကို မသွားဘဲ နောက်ပိုင်းကျမှ နေရာပြောင်းယူတာမျိုးတွေ ရှိခဲ့ပါတယ်။

အခုလက်ရှိမှာတော့ ဆရာဝန်တွေဟာ တာဝန်ကျတဲ့နေရာကို မသွားဘူးဆိုရင် ခွင့်မဲပျက်ကွက်အနေနဲ့ အရေးယူခံတာ များလာနေတယ်လို့ ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

(၂) ကရင်ပြည်နယ်ဝန်ကြီး ၁ ဦးကို ထပ်မံနုတ်ထွက်ခွင့်ပြု

ဓာတ်ပုံ မူပိုင် Kayin Information Committee NLD
Image caption ကရင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲ

ကရင်ပြည်နယ်အစိုးရရဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးဟာ မိမိသဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးရာထူးကနေ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြတောင်းဆိုချက်ကို လက်ခံပြီး နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သမ္မတရုံးက အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီလိုနုတ်ထွက်တာဟာ စီးပွားရေးကိစ္စကြောင့် ဖြစ်ပြီး သူ့တောင်းဆိုချက် လိုက်လျောပေးတာ မရှိလို့ နုတ်ထွက်တာပါလို့ မေလ ၂၃ ရက်နေ့က ဘားအံမှာလုပ်တဲ့ ကရင်ပြည်နယ်အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

ဦးတေဇထွဋ်လှိုင်ထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေအထွေးရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တာဖြစ်ပြီး သူ့ကို အခုဝန်ကြီးအဖြစ်နေ နုတ်ထွက်ခွင့်ပြုလိုက်ပေမယ့် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

(၃) ဝီကီလိခ် ဝဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အဆန့်ချ်ကို စွဲချက်သစ် ၁၇ ခုနဲ့ ထပ်မံစွဲဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ဝီကီလိခ် ဝဘ်ဆိုက်တည်ထောင်သူ ဂျူလီယန်အဆန့်ချ်

အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ သတင်းပေါက်ကြားမှုမှာ အဓိက တာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရတဲ့ ဝီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန့်ချ်ကို ရာဇဝတ်မှုဆိုင်ရာ စွဲချက်အသစ် ၁၇ ခုနဲ့ ထပ်မံစွဲဆိုလိုက်ကြောင်း အမေရိတရားရုံးချုပ်က ကြေညာလိုက်ပါတယ်။

သူဟာ ၂၀၁၀ ခုနှစ်တုန်းက စစ်ဘက်နဲ့ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်စာရွက်စာတမ်း သိန်းပေါင်းများစွာကို ဖြန့်ချီခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့လက အရင်စွဲချက်တင်ခံထားရတာပါ။

အခုထပ်စွဲဆိုလိုက်တဲ့ ပိုကျယ်ပြန့်တဲ့ စွဲချက်အသစ်တွေအရ သူဟာ အမေရိကန်ရဲ့ သူလျှိုအက်ဥပဒေကို ချိုးဖောက်ခဲ့တယ်၊ စစ်ထောက်လှမ်းရေး ကျွမ်းကျင်သူဟောင်း ချဲလ်ဆီးမန်းနင်းကို အကူအညီပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ချဲလ်ဆီးမန်းနင်းနဲ့ ပူးပေါင်းကြံစည်ပြီး အမေရိကန်အစိုးရရဲ့ ဂွာတာနာမိုအကျဉ်ထောင်၊ အာဖဂန်နစ္စတန်နဲ့ အီရတ်စစ်ပွဲဆိုင်ရာအစီရင်ခံစာ လျှို့ဝှက်ဖိုင်တွဲတွေကို ဝီကီလိခ်မှာ ဖော်ပြဖို့ ခိုးယူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အရှေ့အလယ်ပိုင်းဒေသနဲ့ တရုတ်နိုင်ငံတွေမှာ အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး အရင်းအမြစ်တွေက ဘယ်သူတွေဆိုတာကို မဆင်မခြင် ဖော်ထုတ်ခဲ့မှုနဲ့လည်း သူ့ကို တရားစွဲဆိုထားပါတယ်။

ဒီသတင်းတွေကို ဖော်ပြခဲ့တာဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထိခိုက်ဖို့ အင်မတန်မှအန္တရာယ် ရှိခဲ့တယ်လို့ တရားစွဲဆိုသူ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အခု အမေရိကန်အစိုးရရဲ့ ကနဦးစွဲချက်တွေကို အခြေခံပြီး သူ့ကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးရေးအတွက် ကြားနာစစ်ဆေးမှုတွေကို ဂျူလီယန်အဆန့်ချ်အနေနဲ့ လန်ဒန်မြို့မှာ တရားရင်ဆိုင်ရမှာပါ။

အဆန့်ချ်ဟာ ၂၀၁၂ ကတည်းက သူခိုလှုံနေခဲ့တဲ့ ယူကေနိုင်ငံ၊ လန်ဒန်မြို့က အီကွေဒေါသံရုံးက ပြီးခဲ့တဲ့ဧပြီလက နှင်ထုတ်ခံရပြီးနောက် လန်ဒန်မှာပဲ အဖမ်းခံခဲ့ရတာပါ။

အခုလန်ဒန်မှာထိမ်းသိမ်းခံနေရစဉ် အမေရိကန်နဲ့ ဆွီဒင်နိုင်ငံတွေကို လွှဲပြောင်းပေးပို့ခံရမယ် အခြေအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

(၄)ရွေးကောက်ပွဲအနိုင်ရတာဟာ ဒီမိုကရေစီအတွက် မဟာအောင်ပွဲကြီးဖြစ်တယ်လို့ ဝန်ကြီးချုပ်မိုဒီပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘီဂျေပီပါတီကို မဲအနိုင်ရအောင် အဓိက ဦးဆောင်သူ နာရန်ဒရာမိုဒီ

အိန္ဒိယနိုင်ငံရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရအောင် ဝန်ကြီးချုပ် နရန်ဒရာမိုဒီက သူ့ပါတီကို ဦးဆောင်ခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေကစလို့ ပါတီတစ်ခုတည်းအနေနဲ့ မဲအများစု ဆက်တိုက်အနိုင်ရတဲ့ ပထမဆုံးခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

မစ္စတာမိုဒီရဲ့ (BJP) ဟိန္နူအမျိုးသားရေးဝါဒီပါတီနဲ့ သူ့ရဲ့ညွန့်ပေါင်းပါတီတွေဟာ အမတ်နေရာ ၅၄၃ နေရာမှာ ၃၀၀ ကျော် အနိုင်ရခဲ့ပါတယ်။

သူ့ပါတီကို ထောက်ခံအားပေးသူတွေကို ဒေလီမြို့မှာ မိန့်ခွန်းပြောစဉ် မစ္စတာ မိုဒီက 'မျက်စိပိတ်၊ နားပိတ်ထားသူတွေကတော့ ကျွန်တော့်ကို နားလည်ဖို့ ခက်မှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကနေ့မှာတော့ လူထုကြီးက သူ့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြလိုက်တာပါ၊ ဒီရွေးကောက်ပွဲရလဒ်ဟာ အိန္ဒိယပြည်သူတွေနဲ့ ဒီမိုကရေစီရဲ့ မဟာအောင်ပွဲကြီး ဖြစ်ပါတယ်' လို့ ပြောခဲ့ပါတယ်။

အဓိက အတိုက်အခံ Congress ပါတီက သူတို့အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာအပေါ် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။