တိုက်ပွဲတွေကြောင့် ရခိုင် မြို့နယ်တချို့မှာ ကျောင်းတွေ ပိတ်ထားရမယ့်အခြေအနေဆိုက်နေတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရခိုင်ပြည်နယ်ထဲက စာသင်ကျောင်းတစ်ခု

(၁) တိုက်ပွဲတွေကြောင့် ရခိုင်မြို့နယ်တချို့မှာ ကျောင်းတွေ ပိတ်ထားရမယ့်အခြေအနေဆိုက်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေထဲက စာသင်ကျောင်းပေါင်း ၅၀ ကျော်ဟာ ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ပြန်ဖွင့်နိုင်မယ့် အနေအထားမရှိသလို ကျောင်းသား၊ ကျောင်းသူ ၅ ထောင်လောက်ဟာလည်း စစ်ဘေးရှောင်စခန်းတွေထဲ ရောက်နေလို့ ပညာသင်ကြားရေးမှာ အခက်အခဲတွေ ဖြစ်နေကြရပါတယ်။

ရသေ့တောင် မြို့နယ်တစ်ခုတည်းမှာတင် အခုကျောင်းဖွင့်ကာလမှာ ပြန်မဖွင့်နိုင်တဲ့ ကျောင်းအရေအတွက်က ဒါဇင်နဲ့ချီပြီး ရှိတယ်လို့ ဒေသတွင်းဆရာမတစ်ဦးက ပြောပါတယ်။

ဆရာ၊ ဆရာမတွေအနေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် လောလောဆယ်မှာ အဲ့ဒီကျောင်းတွေမှာ စာသွားသင်ပြဖို့ မလွယ်ဘူးလို့လည်း သူက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေဟာ ရသေ့တောင်မြို့နယ်မှာ ၃၆ ခု၊ မြောက်ဦးမှာ ၃၁ ခု၊ ဘူးသီးတောင်မှာ ၁၂ ခု အပါအဝင် မြို့နယ်ပေါင်း ၇ ခုမှာ စစ်ဘေးရှောင်စခန်းစုစုပေါင်း ၁၀၅ ခု ရှိနေပါတယ်။

ရခိုင်ပြည်နယ် လက်ထောက် ပညာရေးမှူး ဦးစိန်ထွန်းလှကတော့ စစ်ဘေးရှောင်စခန်းတွေက ကျောင်းသားတွေကို နီးစပ်ရာကျောင်းတွေမှာ ပညာသင်နိုင်ဖို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း အရင်ကတည်းကမှ ဆရာ၊ ဆရာမ အရေအတွက်နဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းဆောင်တွေမလုံလောက်မှုနဲ့ ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်မှာ ဒီလိုအခြေအနေမျိုးတွေကြောင့် ပညာရေးက ပိုပြီးတော့ အခက်ခဲဖြစ်လာမှာကို ကျောင်းသားမိဘတွေက အထူးစိုးရိမ်နေကြပါတယ်။

(၂) ရခိုင်ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ ပြန်လက်ခံရေးအစီစဉ်ကို အစိုးရရှင်းလင်း

Image caption ဒုက္ခသည်တွေ ပြန်လက်ခံရေး ကြန့်ကြာနေတဲ့အခြေအနေနဲ့ ငြိမ်းချမ်းရေးရှေ့ဆက်လုပ်ငန်းစဉ်တွေအကြောင်းရှင်းလင်း

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ကြရတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး ကြန့်ကြာနေတဲ့အခြေအနေနဲ့ ငြိမ်းချမ်းရေးရှေ့ဆက်လုပ်ငန်းစဉ်တွေအကြောင်းကို အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင့်နဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့က နိုင်ငံတကာအဖွဲ့အစည်းတွေက သံတမန်တွေကို မေလ ၂၄ ရက်နေ့က ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်မှုတွေအရ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့လာတဲ့ ဒုက္ခသည် ၂ သောင်းကျော်ကို စိစစ်ခဲ့ပြီး အဲ့ဒီထဲမှာ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်ပြီး သံသယရှိသူ ၁၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်ဘက်ကို စိစစ်ပြီး ပြန်ပို့ပေးခဲ့ပေမယ့် အခုချိန်အထိ တစ်ဦးတစ်ယောက်ကမှ တရားဝင်လမ်းကြောင်းကနေ ပြန်ပို့လာတာ မရှိသေးဘူးဆိုပြီးတော့ အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ထွက်ပြေးခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကတေ့ာ သူတို့အနေနဲ့ လုံခြုံစိတ်ချရတဲ့ အနေအထားရောက်မှပဲ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ ပြောဆိုနေတာပါ။

နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်သူကတော့ လက်ရှိရခိုင်ပြည်မြောက်ပိုင်းက တိုက်ပွဲတွေက ဒုက္ခသည်တွေ ပြန်လာရေးကို တစိတ်တပိုင်း အဟန့်အတားဖြစ်နေတယ်ဆိုပြီး ပြောပါတယ်။ ဒါပေမဲ့လည်း ပြန်လာမယ့်သူတွေအတွက် လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးပါ့မယ်လို့ ဦးမြင့်သူက ထပ်လောင်းပြောပါတယ်။

(၃) ရုပ်သံလိုင်းပြတ်တောက်ခဲ့တဲအပေါ် အရာရှိကြီးတချို့ကို အရေးယူထားတယ်လို့ ပြန်ကြားရေးပြော

Image caption MRTV ရုပ်သံလိုင်းပြတ်တောက်ခဲ့တဲအပေါ် အရာရှိကြီးတချို့ကို အရေးယူထားတယ်လို့ ပြန်ကြားရေးပြော

ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အရေးကြီးအဆိုရာမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်ဆွေးနွေးနေစဉ် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်သွားခဲ့တဲ့အပေါ် သက်ဆိုင်ရာအရာရှိကြီးတွေကို အရေးယူထားတယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။

MRTV ဟာ လွှတ်တော်အစည်းအဝေးတွေကို တိုက်ရိုက်ထုတ်လွှင့်နေကျဖြစ်ပြီး ခုလို ပြတ်တောက်ခဲ့တာဟာ ရုံးချုပ်ကို ပေးပို့တဲ့ ဖိုက်ဘာလိုင်းကျသွားခဲ့တဲ့အတွက် အစီစဉ် ခေတ္တပြတ်တောက်ခဲ့တာဖြစ်ပြီး ဂြိုဟ်တုလမ်းကြောင်းပြောင်းလဲ အသုံးပြုထုတ်လွှင့်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုထုတ်ပြန်ပြီး တပတ်အကြာမှာပဲ တပ်မတော်က အဲဒီနေ့ ရုပ်သံလိုင်းပြတ်တောက်မှုဟာ ဖိုက်ဖာဆက်ကြောင်နဲ့လုံးဝမသက်ဆိုင်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ပြန်ကြားရေးဝန်ကြီးာဌာနတွင်း စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး မမှန်မကန် ထုတ်ပြန်မှုမှာ တာဝန်ရှိတဲ့ MRTV က ညွန်ကြားရေးမှူးချုပ် နဲ့ဒုတိယညွန်ကြားရေးမှူးချုပ် ၂ ဦးကိုအရေးယူခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယညွန်ကြားရေးမှူးချုပ် ၁ ဦးကို ညွန်ကြားရေးမှူးအဖြစ် ရာထူးလျော့ချအရေးယူထားပြီး ဒုတိယညွန်ကြားရေးမှူချုပ် ၁ ဦးကိုလည်း ရာထူးတိုး ၁ နှစ်ဆိုင်းငံ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ပြန်ကြားရေးဌာန အရာရှိကြီး တချို့က ဘီဘီစီကို ပြောပါတယ်။

အခုအရေးယူခံလိုက်ရတဲ့ အရာရှိကြီး ၃ ဦးလုံးဟာ တပ်မတော်အရာရှိဟောင်းတွေဖြစ်တယ်လို့လည်း ပြန်ကြားရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

လောလောဆယ်မှာတော့ MRTV ကညွန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌါနကိုပြောင်းရွှေ့ထားလိုက်ပြီး လက်ရှိ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်အောင်က ညွန်ချုပ်တာဝန်ကို တာဝန်ယူထားရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၀န်ကြီးချုပ် ထရီဆာမေအနေနဲ့ ဘရက်ဆစ်ကို အကောင်အထည်ဖော်ဖို့ အီးယူနဲ့ကြား ရယူထားတဲ့ သဘောတူမှုတွေကို ပြည်တွင်းမှာ ပါလီမန်က လက်ခံလာအောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

(၄)ဗြိတိန်မှာ ဝန်ကြီးချုပ်ထရီဆာမေက အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ခေါင်းဆောင်နေရာကနေ လာမယ့်ဇွန်လ ၇ ရက်နေ့မှာ နုတ်ထွက်မယ်လို့ ကြေညာခဲ့တဲ့နောက် သူ့ရဲ့ နေရာကို ဆက်ခံနိုင်ဖွယ်ရှိသူတွေထဲ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။

ဘောရစ်ဂျွန်ဆင်က သူသာဝန်ကြီးချုပ်ဖြစ်လာရင် ဥရောပသမဂ္ဂ EU နဲ့ ကြား အနာဂတ်ဆက်ဆံရေးနဲ့ ပတ်သက်လို့ သဘောတူမှုရသည်ဖြစ်စေ မရသည်ဖြစ်စေ၊ အောက်တိုဘာလထဲမှာ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်ထွက်မယ်လို့ ကြေညာပါတယ်။ မစ္စတာဂျွန်ဆင်ဟာ ၂၀၁၆ ပြည်လုံးကျွတ်ဆန္ဒခံယူကြတုန်းကလည်း အီးယူထဲကနေ ထွက်ရေးဘက်က အဓိကဆော်သြခဲ့သူ ဖြစ်ပါတယ်။

ဦးဆောင်တဲ့ပါတီအတွင်းမှာရော အစိုးရအဖွဲ့အတွင်းမှာပါ ဝန်ကြီးချုပ်မေအပေါ် ဆန်ကျင့်သူတွေများလာခဲ့ပြီး သူကတော့ No Deal လို့ခေါ်တဲ့ အီးယူနဲ့ တစုံတရာသဘောတူမှုမယူဘဲ နုတ်ထွက်မယ့်လမ်းကို မရွေးဘဲ ထွက်မယ့်အချိန်ကို နောက်ဆုတ်ရွှေ့ဆိုင်းမယ့်လမ်းကိုပဲ လိုက်ခဲ့ပါတယ်။

အခုတော့ သူ့ဦးဆောင်မှုနဲ့ဆိုရင် ဘရက်ဆစ် အထမြောက်တော့မှာ မဟုတ်တော့ဘူးဆိုတဲ့ အချက်ကို အသိအမှတ်ပြုရင်း ခုလို အာဏာရပါတီခေါင်းဆောင်နေရာကနေ ဖယ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ပါတီခေါင်းဆောင်ကနေ နုတ်ထွက်မယ့် ဇွန်လ ၇ ရက်နေ့မှာ ဝန်ကြီးချုပ်နေရာကနေလည်း တပါတည်း ထွက်ရတာ သဘောမျိုးမဟုတ်ဘဲ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးသရွေ့တော့ ထရီဆာမေ ဝန်ကြီးချုပ်နေရာမှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

ခုလို ရာထူးနေရာကနေ ဖယ်ပေးမယ့်အကြောင်း ကြေညာချက်ကို ဥရောပလုပ်ဖော်ကိုင်ဖက် အစိုးရအသီးသီးက ခေါင်းဆောင်တွေလည်း တုံ့ပြန်ပြောဆိုနေကြပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကယ် ကလည်း ထရီဆာမေရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားပါတယ်၊ ကျမတို့ ၂ ယောက် အလုပ်တွေကို အတူတွဲပြီး ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဘရက်ဆစ်အရေး အဆင်ပြေပြေဖြစ်လာအောင် ဂျာမနီအစိုးရအနေနဲ့ ဆက်ပြီးကြိုးစားပေးသွားပါမယ် လို့ ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်းကလည်း ဘရက်ဆစ်အရေးကို ဝန်ကြီးချုပ်မေ သတ္တိရှိရှိ မဆုတ်မနစ် ကြိုးပမ်းခဲ့တယ် ဆိုပြီး ချီးကျူးပြောဆိုခဲ့ပါတယ်။ အီးယူတစ်ခုလုံးအနေနဲ့တော့ ထရီဆာမေလက်ထက် ရေးဆွဲပြီး သဘောတူချက်တွေကို ပြန်လည်ညှိနှိုင်းပြင်ဆင်တော့မှာ မဟုတ်ဘူးလို့ ဥရောပသမဂ္ဂကော်မရှင်က ထပ်လောင်းပြောဆိုပါတယ်။