အမေရိကန် ဂျပန် ကုန်သွယ်စစ်ပွဲသစ် စတော့မှာလား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်မော်တော်ကားတွေ အပေါ် အခွန် အတုတ် လျှော့ချရေး ဂျပန်နိုင်ငံရောက် သမ္မတထရမ့်ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လေးရက်ကြာ ဂျပန်ခရီးကို မေလ ၂၅ ရက် စနေနေ့မှာ စတင်ခဲ့ပါပြီ။

သူဟာ ဂျပန် ဧကရာဇ် နာရူဟီတို ထီးနန်းဆက်ခံပြီးနောက် ပထမဆုံးတွေ့ဆုံတဲ့ နိုင်ငံခြားခေါင်းဆောင် ဖြစ်လာပါလိမ့်မယ်။

တနင်္ဂနွေနေ့မှာ သမ္မတထရမ့်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံပြီး ဂေါက်သီး တပွဲ ကစားဖို့ရှိပါတယ်။ ဂျပန် ဆူမိုနပမ်း နောက်ဆုံး ဗိုလ်လုပွဲကိုလည်း အတူတကွ ကြည့်ကြဖို့ စီစဉ်ထားပါတယ်။ အဲဒီနောက်မှာ သီးသန့်ညစာစားကြမှာပါ။

စနေညနေပိုင်းမှာ တိုကျို စကိုင်းထရီးတာဝါကြီးကို မီးနီ၊ မီးပြာ၊ မီးဖြူတွေ ထွန်းပြီး သမ္မတထရမ့်ကို ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်ရောက်

လေဆိပ်မှာ သူ့ကို ကော်ဇောနီခင်းကြိုဆိုခဲ့ပြီးနောက် သူဟာ ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်သံရုံးရဲ့ သံအမတ်ကြီး ဝီလျံ ဟတ်ဂါတီရဲ့ အိမ်မှာပြုလုပ်တဲ့ ဧည့်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။

အဲဒီဧည့်ခံပွဲမှာ တိုကျို၊ နစ်ဆန်း၊ ဟွန်ဒါ၊ ဆော့ဖ်ဘဏ်၊ ရာကူတန် ကုမ္ပဏီ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဒီ့ထက်ကောင်းတဲ့အချိန် ရှိတော့မှာ မဟုတ်ဘူးလို့ သမ္မတထရမ့်က ဂျပန်စီးပွားရေးသမားတွေကို အဲဒီအခမ်းအနားမှာ ပြောပါတယ်။

အမေရိကန်နဲ့ ဂျပန်အကြား ကုန်သွယ်ရေး မမျှမတ ဖြစ်နေတာကို သူ့ခရီးစဉ်အတွင်းမှာ သဘောတူညီချက် တစုံတရာ ထွက်ပေါ်လာအောင် ဖြေရှင်းသွားမယ်လို့လည်း သူကဆိုပါတယ်။

"နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဂျပန်ဟာ နှစ်ပေါင်းများစွာ အသာစီးရခဲ့တယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒါ့ကြောင့်လည်း ဂျပန်ဟာ ကျွန်တော်တို့ကို သဘောကျခဲ့တာလည်း ဖြစ်နိုင်ပါတယ်" လို့သူက ဆိုပါတယ်။

အခုဂျပန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ကုန်သွယ်ရေး မညီမျှတာတွေကို ထည့်သွင်း ဆွေးနွေးသွားပါမယ်။ အမေရိကန် ကားကုမ္ပဏီတွေရဲ့ ပြည်ပပို့ကုန်တွေ အပေါ်မှာ အခွန်အတုတ် ကြီးမားနေတာကို ဖယ်ရှားပြီး တရားမျှတအောင် ဆောင်ရွက်သွားခြင်း အားဖြင့် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို ကောင်းမွန်စေပါလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ဒီစကားတွေကြောင့် သမ္မတထရမ့်ဟာ ကုန်သွယ်စစ်ပွဲ မျက်နှာစာအသစ် တခုကို ထပ်မံဖွင့်လှစ်တော့မှာလားဆိုပြီး ဂျပန်စီးပွားရေးသမား တချို့က စိုးရိမ်ပူပန်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

လက်ရှိမှာကိုပဲ အမေရိကန်ဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရနိုင်တဲ့ ကုန်သွယ် စစ်ပွဲတွေကို ဆင်နွှဲနေဆဲဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ အပေါ် တရုတ်ရဲ့ ကုန်သွယ်ရေးဟာ မမျှမတ ဖြစ်နေတယ်လို့ စောဒက တက်ပြီး တရုတ် သွင်းကုန်တွေ အပေါ် အခွန်အတုတ်တိုးမြှင့်မှုတွေကြောင့် အပြန်အလှန် လက်တုန့်ပြန်မှုတွေနဲ့ ကုန်သွယ်စစ်ပွဲ သဏ္ဌာန် ဖြစ်ပွားတင်းမာနေတာကို တွေ့ရပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ကုန်သွယ်စစ်ဟာလည်း တမြေ့မြေ့ လောင်ကျွမ်းဆဲ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သမ္မတထရမ့်တို့ ကုန်သွယ်ရေးကိစ္စ ပြောဆိုဆွေးနွေးကြလိမ့်မယ်လို့ သံတမန်ရပ်ကွက်က မှန်းဆထားကြပါတယ်။ တခါတည်း အဖြေထွက်နိုင်မယ် မထင်ဘူးလို့တော့ ဂျပန်နိုင်ငံ အရာရှိတွေက ဆိုကြပါတယ်။

သူတို့ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ မြောက်ကိုရီးယား နျူးကလီးယားနဲ့ မစ်ဇိုင်းဒုန်း အစီအစဉ်တွေ အကြောင်းဟာလည်း ထိပ်တန်းက ပါဝင်မယ့် အကြောင်းအရာလို့ မှန်းဆကြပါတယ်။

ဂျပန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သေနင်္ဂဗျူဟာ မိတ်ဆွေ၊ စစ်ရေး မဟာမိတ် အဖြစ် နှစ်ပေါင်းများစွာရှိခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်ဟာ ကိုရီးယား၊ တရုတ်တို့ရဲ့ အစဉ်အလာ ရန်သူတော်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန် မော်တော်ကား ပို့ကုန်ကိစ္စကိုတော့ သမ္မတထရမ့် အမေရိကန်အတွက် အမျိုးသားအန္တရာယ်တခုလို့ ရှုမြင်နေပါတယ်။

သမ္မတထရမ့် ဂျပန်ကို မရောက်ခင်လေးမှာပဲ တိုကျို အနီးတဝိုက်မှာ ပြင်းအား အသင့်အတင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားပါတယ်။ ငလျင် ဗဟိုချက်ဟာ တိုကျိုရဲ့ အရှေ့တောင်ဘက်က ချီဘာမြို့ဖြစ်ပါတယ်။ အဲဒီနေရာဟာ တနင်္ဂနွေနေ့မှာ သမ္မတထရမ့်နဲ့ ဝန်ကြီးချုပ် အာဘေးတို့ ဂေါက်သီးရိုက်ဖို့ စီစဉ်ထားတဲ့မြို့လည်း ဖြစ်ပါတယ်။

ဆူနာမီကြိုတင် သတိပေးချက်မျိုးထုတ်ပြန်ထားတာတော့ မရှိပါဘူး။