အမေမရှိတဲ့ရွာနဲ့ အမေမရှိတဲ့ကလေးများ

အယ်လီဆူဆီယာဝါတီက သူ့အမေရဲ့ ဓာတ်ပုံကို ပြနေ
Image caption အယ်လီဆူဆီယာဝါတီက သူ့အမေရဲ့ ဓာတ်ပုံကို ပြနေ

အင်ဒိုနီးရှားအရှေ့ပိုင်း ကျေးလက်ဒေသက အမျိုးသမီးငယ် အားလုံးနီးပါးလောက်ဟာ နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကြတယ်။ ဒါ့ကြောင့် အင်ဒိုနီးရှား အရှေ့ပိုင်းက ရွာတွေကို အမေမရှိတဲ့ ရွာတွေလို့ သူတို့က ခေါ်ကြလေရဲ့။ ဘီဘီစီ သတင်းထောက် ရီဘက်ကာ ဟန့်ရှ်ဟာ အဲဒီရွာလေးတွေဆီ သွားပြီး ကျန်ရစ်တဲ့ ကလေးငယ်တွေကို တွေ့ဆုံခဲ့ပါတယ်။

အယ်လီ ဆူဆီယာဝါတီက အသက် ၁၁ နှစ်ပဲရှိပါသေးတယ်။ သူ့ကို သူ့အဖွားက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

သူ့အဖေနဲ့ အမေဟာ လောလောဆယ်ပဲ အိမ်ထောင်ကွဲသွားကြပြီးနောက်၊ မိသားစုကို ထောက်ပံ့ကျွေးမွေးဖို့ရာ သူ့အမေ မာရီတာ ဆော်ဒီအာရေးဗျကို ထွက်သွားပြီး အိမ်ဖော်အလုပ်လုပ်ပါတယ်။

၁၁ နှစ်အရွယ် အယ်လီဟာ ကျောင်းက ထွက်ရပါတော့မယ်။ သူဟာ သူ့အဖေနဲ့ အမေအိမ်ထောင်ကွဲလို့ စိတ်ထိခိုက်ရတာမှာ မကြာသေးခင် သူ့အမေက သူ့ကိုထားပြီး ထွက်သွားတော့ အလွန်ကြေကွဲခဲ့တယ်လို့ ဆိုတယ်။

"ကျောင်းမှာသူများတွေကို မိဘတွေနဲ့အတူတူမြင်ရတဲ့အခါ စိတ်ထဲမှာ သိပ်နာကျင်တာပဲ။ အမေ့ကို လွမ်းလှပြီ။ အိမ်ပြန်လာပါတော့" လို့သူကဆိုပါတယ်။

"အမေနဲ့ အမြဲတန်းခွဲနေရာတကို မုန်းတယ်။ သူ့ကို အိမ်ပြန်လာစေချင်လှပြီ။ ကျွန်မတို့ မောင်နှမတတွေနဲ့ အတူတူနေစေချင်တယ်" လို့ပြောပါတယ်။

အယ်လီတို့နေတဲ့ လန်းဘော့ အရှေ့ပိုင်းက ဝါနာဆာဘာရွာကလေးမှာ ငယ်ငယ်ရွယ်ရွယ် မိခင်တွေဟာ ကလေးတွေဘဝ ကောင်းစားဖို့အတွက် နိုင်ငံခြား ထွက်အလုပ်လုပ်တာဟာ မိဘဝတ္တရားတခုလို့ သဘောထားကြပါတယ်။

Image caption အင်ဒိုနီးရှားအရှေ့ပိုင်း လန်းဘော့ကျွန်း ဝါနာဆာဘာကျေးရွာ

အဲဒီရွာကလေးမှာ ယောက်ျား အများစုက လယ်သမား၊ အလုပ်သမား အလုပ်လုပ်ကြတယ်။ မိန်းမတော်တော်များများကတော့ နိုင်ငံခြား ထွက်ပြီး အိမ်ဖော်၊ ကလေးထိန်းလုပ်ကြတယ်။

ရွာကလေးထဲမှာ အိမ်တွေက ပြည့်ကျပ်နေပြီး ကားလမ်းမကြီး ဘေးမှာရှိပါတယ်။ ကားလမ်းမကြီးနဲ့ ရွာကလေးကြားမှာ မော်တော်ဆိုင်ကယ် သွားသာရုံ လမ်းကျဉ်းလေးပဲ ခြားထားပါတယ်။ ရွာကလေးရဲ့ နောက်ဘက်မှာတော့ ရှုမဆုံး၊ မျှော်မဆုံးတွေ လယ်ကွင်းတွေပါ။

အမေတွေ နိုင်ငံခြားထွက်ကြတော့ အဖေနဲ့ ကျန်မိသားစုဝင်တွေဟာ ကလေးထိန်း အလုပ်လုပ်ကြပါတယ်။ ဒီရွာထဲမှာ လူတိုင်းလူတိုင်းဟာ တယောက်ကလေး တယောက် ဝိုင်းထိန်းပေးကြပါတယ်။ ဒါဟာ သူတို့ရဲ့ လူမှုရေးအသိပါပဲ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သားသမီးတယောက်အတွက်ကတော့ မေမေတာ့တာလို့ နှုတ်ဆက်ရတာ ရင်နာဖို့ကောင်းတာ အမှန်ပါပဲ။

Image caption ကာရီမာတူး

ကာရီမာတူး ဘဒီဘီယာရဲ့ အမေကတော့ သူ့ကို အခါလည် သမီး အရွယ်လေးမှာ ထားခဲ့ပြီး နိုင်ငံခြား ထွက်သွားတာဆိုတော့ ကာရီမာတူးဟာ သူ့အမေဆိုတာ ဖြူသလား၊ မည်းသလားတောင် မသဲကွဲတော့ပါဘူး။

သူမူလတန်းအောင်ပြီး အလယ်တန်းတက်ကာနီးကျမှ သူ့အမေဟာ နိုင်ငံခြားကနေ တခေါက် အလည်ပြန်လာနိုင်ပါတော့တယ်။

အဲဒီမတိုင်ခင်တုန်းကတော့ ကာရီမာတူးကို သူ့အဒေါ်ကပဲ ပြုစုစောင့်ရှောက်ထားတာဆိုတော့ အဒေါ်ကိုပဲ အမေမှတ်နေရှာတာ။

"ကျွန်မစိတ်ထဲမှာ ဇဝေဇဝါပဲ"

"ငါ့သမီးကငါ့ကို ဘာလို့ မသိရတာလဲလို့ အမေက အဒေါ့်ကို ဖက်ငိုပြီး ပြောတယ်"

ငါတို့ဆီမှာ ညည်းဓာတ်ပုံမှ မရှိတာလို့ ကာရီမာတူးရဲ့ အဒေါ်က ပြန်ပြောပါတယ်။ ဒီတော့ သူ့အမေဘယ်သူ ဘယ်မှာနေတယ်လောက်ပဲ အဒေါ်က ပြောပြနိုင်ရှာတယ်။ ဒီတော့ ကလေးအတွက် အမေဘယ်သူဆိုတာ နားလည်ဖို့ တော်တော်ခက်တာပေါ့။

"အမေ့ကို လွမ်းတဲ့စိတ်တွေနဲ့ပြည့်နေတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ငါ့ကိုငယ်ငယ်လေးကတည်းက ထားခဲ့တာဆိုပြီး ဒေါသလည်းထွက်တယ်"လို့ ကာရီမာတူးကပြောပါတယ်။

အခုတော့ အသက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ကာရီမာတူးဟာ သူ့အမေကို ညတိုင်းလိုလို ဗီဒီယိုကော ခေါ်ပြီးစကားပြောပါတယ်။ ဒါပေမယ့် သူတို့ချင်းက စိမ်းနေတော့ စကားပြောရတာ အိုးတိုးအန်းတန်းနဲ့မို့ ဆက်ဆံရေးကထောင့်နေပါတယ်။

"အခုတော့ အမေခွင့်နဲ့ အိမ်ပြန်လာရင်တောင် ကျွန်မက အဒေါ်နဲ့ပဲ နေချင်တော့တာ။ အမေက သူနဲ့လာနေပါလို့ပြောတော့ နောက်မှလာမယ်နော်လို့ ကျွန်မက ပြန်ပြောမိတယ်" လို့ကာရီမာတူးက ပြောပြပါတယ်။

သူ့အဒေါ် ဘိတ်နာဂျန်နာဟာ တခြားကလေး ၉ ယောက်ကိုပါ စောင့်ရှောက်ထားပါတယ်။ အဲဒီ ၁၀ ယောက်ထဲမှာ သူ့သားသမီးရင်းက ၁ ယောက်ပဲပါပါတယ်။ ကျန်တဲ့သူတွေကတော့ နိုင်ငံခြားသွားကြတဲ့ သူ့မွေးချင်းတွေရဲ့ သားသမီးတွေချည်း။

"သူတို့က ကျွန်မကို မေမေကြီးလို့ ခေါ်ကြတယ်လေ" လို့ရယ်ပြီးပြောပြပါတယ်။

အခုသူ့အသက် ၅၀ ရှိပါပြီ။

"ကျွန်မက သူတို့ကို ကျောသားရင်သား မခွဲဘဲ တသားတည်း ပြုစုပါတယ်။ သူတို့အားလုံးဟာ တဝမ်းကွဲတွေပါ"

Image caption ကာရီမာတူးနဲ့ သူ့အဒေါ်

အင်ဒိုနီးရှား အမျိုးသမီးတွေ အဲသလို နိုင်ငံခြားထွက် အလုပ်လုပ်တာ ၁၉၈၀ ကျော်ခုနှစ်တွေမှာစပါတယ်။

ဥပဒေ အကာအကွယ် အစောင့်အရှောက်မရှိဘဲ နိုင်ငံခြားထွက် အိမ်ဖော်လုပ်၊ ကလေးထိန်းလုပ်ရတဲ့ အလုပ်ဟာ အန္တရာယ်များပါတယ်။ အစော်ကားခံဖို့ရာ သိပ်လွယ်ကူပါတယ်။ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ အမျိုးသမီးတွေ အိမ်ကို ခေါင်းတလားနဲ့သာ ပြန်လာနိုင်ကြတဲ့ ဇာတ်လမ်းတွေ အများကြီး ကြားရပါတယ်။ တချို့ကျတော့ ဆိုးဆိုးဝါးဝါး အရိုက်အပုတ်အနှိပ်စက်ခံရတာမျိုးတွေလည်း ရှိပါတယ်။ တချို့များ သေရာပါ ဒဏ်ရာတွေ ရလာခဲ့ကြတာပါပဲ။ တချို့ကျ ဘာလစာ တပြားတချပ်မှ မရဘဲ လက်ချည်းသက်သက် အိမ်ပြန်ခဲ့ရတဲ့ အဖြစ်မျိုးကလည်း မရှားလှပါဘူး။

တခါတလေမှာတော့ အလုပ်လုပ်သွားတဲ့ အမေဟာ နောက်ထပ် ကလေးငယ်လေးတွေ ပိုက်ပြီး အိမ်ပြန်လာတယ်။ မတော်မတရား စော်ကား မုဒိမ်းကျင့်ခံရပြီး ရလာတဲ့ ကလေးတွေပါ။ အဲသလို ကလေးမျိုးတွေကို နိုင်ငံခြားပြန် လက်ဆောင်လေးတွေလို့ ခေါ်တတ်ကြပါတယ်။ အဲဒီကလေးတွေဟာ ကပြားလေးတွေဆိုတော့ သူတို့ဟာ ရွာမှာ သိုးမည်းလေးတွေလိုပါပဲ။

အဲသလို ကလေးတယောက်ရဲ့ နာမည်က ဖာတီမာလို့ ခေါ်ပါတယ်။

ဖာတီမာဟာ အခုဆို ၁၈ နှစ်တောင်ရှိပြီ။ ဖာတီမာက သူ့ကို သူများက ဂရုစိုက်တာ ခင်မင်တာလိုချင်ရှာတယ်။

"လူတွေက ကျွန်မကို ကြည့်ပြီး အံ့သြကြတယ်။ ကျွန်မက ထူးခြားနေတယ်လေ။ တချို့ကတော့ ဟယ်နင်ကသိပ်လှတာပဲ။ လှမှာပေါ့။ အာရပ်သွေးပါတာကိုးလို့ ပြောရင် ကျွန်မက သိပ်သဘောကျတာ"

အဲသလို ပြောပြီး ရယ်နေပေမယ့် သူ့ပုံစံဟာ စိတ်လှုပ်ရှားထိခိုက်နေပုံပါ။

နိုင်ငံခြားပြန်လက်ဆောင် ကလေးလေးတွေဟာ လူ့အဖွဲ့အစည်းထဲမှာ စိတ်ဒဏ်ရာရကြတယ်။ အများတကာရဲ့ နောက်ပြောင်တာကို ခံကြရတယ်လို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ဆောင်ရွက်သူတွေက ပြောကြပါတယ်။

ဖာတီမာဟာ သူ့ရဲ့ ဆော်ဒီအာရေးဗျ ဖခင်ကို တခါမှ မတွေ့ဖူးရှာပါဘူး။ ဆော်ဒီအာရေးဗျ ဖခင်ဟာ သူ့အမေဆီကိုတော့ ငွေတော့ ပို့ပေးရှာပါတယ်။ အဲဒီငွေနဲ့ပဲ သူတို့မိသားစု စားသောက်ကြပါတယ်။ ဒါပေမယ့် သိပ်မကြာခင်ကတော့ သူ့ရဲ့ ဆော်ဒီဖခင် ကွယ်လွန်သွားပါတယ်။ အဲဒီနောက်မှာ သူတို့မိသားစု စီးပွားရေး ပြန်ပြီးကျပ်တည်းလာပြန်ပါရော။ ဖာတီမာရဲ့ အမေဟာ နောက်ထပ်တခါ ဆော်ဒီသွားပြီး အလုပ်လုပ်ရပြန်ပါတယ်။

"မောင်လေးက သားတို့ဘယ်တော့မှ ဆိုင်ကယ်စီးရမှာလဲလို့ မေးတာနဲ့ အမေလည်း ဆော်ဒီကို နောက်တခေါက်ထပ်သွားဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ မောင်လေးက သူများတွေ မိုဘိုင်းဖုန်း အသစ်ကိုင်တာမြင်ရင်လည်း သားတို့ အဲဒါမျိုး ဘယ်တော့ ကိုင်ရမှာလဲလို့ မေးတာ"

လို့ ဖာတီမာက ပြောပြပါတယ်။

"အမေသာ ဆော်ဒီမသွားရင် ကျွန်မတို့လည်း စားဖို့သောက်ဖို့ရာ ပိုက်ဆံရှိမှာ မဟုတ်ဘူး"လို့ ဖာတီမာက ဝမ်းပန်းတနည်း ရှိုက်ငိုပြီးပြောပါတယ်။

တချို့မိသားစုတွေမှာဆိုရင် အမေရော အဖေပါ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတယ်။ ကလေးတွေကို ကလေးထိန်းကျောင်းတွေ၊ ရွှေ့ပြောင်း လုပ်သား အခွင့်အရေး ဆောင်ရွက်သူတွေ၊ ရပ်ထဲရွာထဲက အမျိုးသမီးကြီးတွေက ခေါ်ယူစောင့်ရှောက်ပေးကြရတယ်။

ကလေးထိန်းကျောင်းတခုမှာတော့ ကလေးတွေနာမည်ကို ဖိုင်တွဲထားတယ်။ ခေါင်းပေါ်က အစ္စလာမ်ဘာသာ ခေါင်းဆောင်းလေးတွေ၊ ခေါင်းမြီးခြုံလေးတွေ ဝတ်ရုံလေးတွေကို ဆွဲပြီး သူတို့မိဘတွေ ဘယ်မှာရှိတယ်ဆိုတာကို ဒီလိုပြောပြတယ်။ သူကတော့ မလေးရှား၊ သူကဆော်ဒီ၊ သူကစင်္ကာပူ၊ သူက အာရပ်၊ ဒီတယောက်ကလည်း မလေးရှား စသည်ဖြင့်။

အယ်လီဆူဆီယာဝါတီဆိုရင် သူ့အမေနဲ့ မတွေ့ရတာ ၉ နှစ်တောင်ကြာပါပြီ။ ဒါပေမယ့် သူ့အမေရဲ့ လုပ်ခကြောင့် သူဟာ တက္ကသိုလ်တက်ခွင့်ရတဲ့ တောသူလေး တယောက်ဖြစ်လာပါပြီ။

"အမေသာ နိုင်ငံခြားသွား အလုပ်မလုပ်ရင် ကျွန်မလည်း အခုလို တက္ကသိုလ်တက်နိုင်မှာ မဟုတ်ဘူး။ ဒီလိုဘဝမျိုးမှာ နေနိုင်အောင် အမေက အနစ်နာခံရရှာတာ။ အမေ့အတွက် ကျွန်မအမြဲတမ်း ဂုဏ်ယူပါတယ်။ အမေဟာ သူရဲကောင်းပါ။ အမေလောက် ဂုဏ်ယူစရာကောင်းတဲ့ အမျိုးသမီး ရှိမယ် မထင်ပါဘူး"

လို့ အယ်လီကပြောပါတယ်။

သူ့အမေက ပညာမတတ်လို့ သူတို့နိုင်ငံက ဆင်းရဲလို့သာ အခုလို မိတကွဲ၊ သားတကွဲ ဒုက္ခဆင်းရဲခံစားကြရတယ်လို့ သူကထင်ပါတယ်။

အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေပါ။ အမျိုးသမီးတွေဟာ နိုင်ငံခြားကို အလုပ်သွားလုပ်ပြီး အိမ်ကို ပိုက်ဆံပြန်ပို့ကြတယ်။ သူတို့ရဲ့ နောက်မျိုးဆက်တွေဟာ သူတို့လို မဆင်းရဲစေရဆိုတဲ့ အိပ်မက်ကိုယ်စီနဲ့ သူတို့ဟာ အလုပ်လုပ်နေကြပါတယ်။