နေရပ်စွန့်ခွာသူတွေကို ကုလသမဂ္ဂ ကူညီမယ် အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Hkun li
Image caption ကချင်ဒေသ တစ်ကျော့ပြန်စစ်ပွဲတွင်း အမျိုးသမီးများစွာ စစ်ဘေးရှောင်နေရ

နေရပ်စွန့်ခွာသူတွေကို ကုလ ကူညီမယ်

မြန်မာနိုင်ငံအတွင်း စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် မိမိနေရပ်ကို စွန့်ခွာထွက်ပြေးသူတွေအတွက် မြန်မာအစိုးရကို ကုလသမဂ္ဂအဖွဲ့အစည်းက ကူညီမယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာဖိလစ်ပို ဂရန်ဒီက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂကဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရဲ့ ငါးရက်ကြာ မြန်မာခရီးစဉ် အပြီးမှာ UNHCR က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မစ္စတာဖိလစ်ပို ဂရန်ဒီရဲ့ ငါးရက်တာခရီးစဉ်အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်များ လုံခြုံစွာနေရပ်ပြန်ရေး အကောက်အထည်ဖော်ဖို့ကိုလည်း မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အခုလို ဒုက္ခသည်များ နေရပ်ပြန်ရေးကိစ္စမှာ လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရက္ခိုင့်တပ်မတော် အေအေနဲ့ အစိုးရတပ်မတော်ကြားဖြစ်နေတဲ့ စစ်ပွဲများကြောင့် နှောင့်နှေးမှုတွေရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မစ္စတာ ဂရန်ဒီဟာ ၂၀၁၇ ဇူလိုင်မှာ မြန်မာပြည်ကို လာရောက်ခဲ့ပြီး အခုခရီးစဉ်က ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခပင်လယ်ဝေနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်များ

ပညာရေးဝန်ကြီးဌာနက မိဘအုပ်ထိန်းသူတွေကို မေတ္တာရပ်ခံ

မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မိဘ၊ အုပ်ထိန်းသူနဲ့ ပြည်သူတွေကို မေတ္တာရပ်ခံချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာတော့ ကျောင်းသားဦးရေ များပြားလာတာကြောင့် ကျောင်းအပ်နှုန်းမြင့်လာပြီး ကျောင်းသားတွေအတွက် ကျောင်းသုံးပြဌာန်းစာအုပ်တွေကို လုံလောက်မှု ရှိအောင် ပေးလိုတာကြောင့် မြို့နယ်အလိုက် သတ်မှတ်တဲ့နယ်မြေတွေမှာပဲ အပ်နှံဖို့ တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုပေမယ့်လည်း အခု ကျောင်းအပ်ရာသီမှာ နေထိုင်ရာ မြို့နယ်တွေမှာ ကျောင်းအပ်နှံဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံ ကျောင်းသားမိဘတွေက ဆိုကြပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ နောက်ထပ် ရေးသားထားတာကတော့ ငွေကြေးလက်ဆောင်တွေကို ဆရာ၊ ဆရာမတွေကို မပေးဖို့၊ အသက်ပြည့်သူတိုင်း ကျောင်းအပ်နိုင်ဖို့ ဆရာတွေနဲ့ ပူးပေါင်းဆောင်ရွက်ရန်နဲ့ ကလေးတွေ ကျောင်းမှန်မှန်တက်ရေးနဲ့ အိမ်စာမှန်မှန်လုပ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ပါ မိဘတွေကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အရက်၊ ဘီယာ ၊ ဆေးလိပ်၊ ကွမ်းယာ မသုံးစွဲရေးတွေကိုပါ ကျောင်းက ဆရာ ၊ ဆရာမတွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားပြီး အသိပေးတိုင်ကြားဖို့ ရှိပါက ပညာရေးဝန်ကြီးဌာန ၊ ဝန်ကြီးရုံးကို တိုင်ကြားဖို့လည်း လိပ်စာများရေးသားထားပါတယ်။

Image caption ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်း ၁ဝဝ ကျော်ရှိ

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခွင့် ဇူလိုင်လတွင် ဆုံးဖြတ်မည်

မြန်မာ့ရှေးဟောင်း အမွေအနှစ်တွေ တည်ရှိတဲ့ ပုဂံမြေကို ကမ္ဘာ့ အမွေအနှစ်စာရင်းထဲမှာ ထည့်ဖို့ လာမယ့်ဇူလိုင်လမှာ အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပမယ့် ၄၃ ကြိမ်မြောက် UNESCO ညီလာခံမှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်း (UNESCO) ဝင်ဖို့ ၁၉၉၆ ခုနှစ်က တင်သွင်းခဲ့ပေမယ့် သတ်မှတ်ထားတဲ့ အချက်အလက် ပြည့်စုံမှု မရှိတာကြောင့် တင်သွင်းခွင့်မရရှိခဲ့ပါ။

၂၀၁၄ ခုနှစ်မှာတော့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ကြိုးစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ ပုဂံဒေသကို ယူနက်စကိုစာရင်းတင်သွင်းနိုင်ဖို့ မြန်မာနိုင်ငံဘက်က အဆိုပြုလွှာ တင်သွင်း နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယဉ်ကျေးမှုဒေသ အဖြစ် သတ်မှတ်ဖို့ ကိုက်ညီမှုရှိမရှိဆိုတာကိုစစ်ဆေးရတဲ့ အီကိုမော့က်စ် အဖွဲ့ကလည်း လာရောက် ကွင်းဆင်း စစ်ဆေးပြီးသွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် စာရင်း (UNESCO) ကို ၂၀၁၄ ခုနှစ်မှာ ပျူမြို့ဟောင်း သုံးခုရရှိခဲ့ပြီး ၂၀၂၀မှာ မြောက်ဦးဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆက်ပြီး တင်သွင်းသွားမှာပါ။

တက္ကသိုလ်ဝင်အောင်စာရင်းထွက်မယ့်ရက် သတင်းစာများက ကြေညာမယ်

တက္ကသိုလ်ဝင် အောင်စာရင်းထွက်မယ့်ရက်ကို နိုင်ငံပိုင်သတင်းစာတွေကနေ ထုတ်ပြန်ကြေညာသွားမယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သိရပါတယ်။

လူမှုကွန်ရက်မီဒီယာတွေမှာ ဇွန်လ ၂ ရက်နေ့က စာမေးပွဲအောင်စာရင်းတွေကို ထုတ်ပြန်မယ်ဆိုပြီး ပြန့်နှံ့ခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထွက်နိုင်ဖို့အတွက် ပြင်ဆင်ဆဲဖြစ်ပြီး ထွက်မယ့်ရက်ကို အစိုးရသတင်းစာတွေကနေ တိတိကျကျ ကြေညာသွားမယ်လို့ သိရပါတယ်။

ဥရောပမဲရလဒ် လက်ဝဲနဲ့ လက်ယာစွန်းပါတီထောက်ခံမှု မြင့်တက်

နောက်တစ်ကြိမ် ခေါ်ယူမယ့် ဥရောပ လွှတ်တော်ရွေးကောက်ပွဲတွေရဲ့ ကနဦး မဲရလဒ်တွေအရ အစဉ်အလာအားဖြင့် မဲနိုင်ခဲ့တဲ့ အလယ်အလတ် ဝါဒီတွေ ထောက်ခံမှု ကျဆင်းနေပြီး လက်ဝဲစွန်းနဲ့ လက်ယာစွန်းပါတီတွေကို ထောက်ခံမှု မြင့်တက်နေပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်ကို အလေးထားပြီး လူမှုတရားမျှတမှုအရေး အလေးထားတဲ့ ဂရင်းပါတီလည်း မဲတွေရနေပါတယ်။

ပြင်သစ်နဲ့ အီတလီနိုင်ငံတို့မှာတော့ လက်ယာအစွန်းတွေ ကနဦး မဲရလာဒ်တွေမှာ ဦးဆောင်နေပြီး ဂရင်းပါတီဟာလည်း ဂျာမနီမှာ မဲအခိုင်အမာရနေပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ဘရက်ဇစ်လိုလားတဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီက မဲအသာရနေပါတယ်။

စပိန်၊ ပေါ်တူဂီနဲ့ ဥရောပ သမဂ္ဂ ယိမ်းတဲ့ ပါတီတွေ အောင်ပွဲခံနေကြတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

အခုတစ်ကြိမ် ဥရောပလွှတ်တော် ရွေးကောက်ပွဲမှာ မဲပေးသူ အရေအတွက်ဟာ ၅ နှစ်တုန်းကထက် သိသိသာသာမြင့်တက်ခဲ့ပါတယ်။

ဥရောပ လွှတ်တော် ရွေးကောက်ပွဲတွေကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံမှာ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ