ရိုက်တာသတင်းထောက်တွေ နယူးယောက်မှာ ပူလစ်ဇာဆုယူမယ် အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေကို အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေး

ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေကို အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေး

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ အတွင်းရေးမှူးချုပ် ဒါတိုလင်ကျောက်ဟွိုင်နဲ့ နေပြည်တော်မှာ ရခိုင်ပြည်နယ် နောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံနဲ့ အာဆီယံတို့ကြား ပူးပေါင်း ဆောင်ရွက်မယ့် နယ်ပယ်များ၊ ပြန်လည်လက်ခံရေး အစီအစဉ်ကို အာဆီယံနိုင်ငံတွေက အထောက်အကူပြုနိုင်ဖို့ အပါအဝင် ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ ကို ဆွေးနွေးဖယ်လှယ်ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ် မေလ ၂၄ ရက်တုန်းကလည်း ရခိုင်ပြည်နယ်အခြေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကြောင်းကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတကာသံတမန်တွေကို ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ကျောက်မီးသွေးမိုင်း ပြိုကျ သေဆုံးသူရှိ

ကလေးဝမြို့နယ် ကြက်ဖနက်ချောင်းအနီးမှာရှိတဲ့ ကျောက်မီးသွေးမိုင်း ပြိုကျတာကြောင့် လူလေးဦး သေဆုံးပြီး လူလေးဦး ဒဏ်ရာရတယ်လို့ အထက်ချင်းတွင်း လူငယ်များကွန်ရက်က ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ကိုကျော်သက်ဝင်းက " ညဦးပိုင်းလောက်က ပြိုကျတာလို့ သိရတယ်၊ ကုမ္ပဏီကတော့ ထူးဟန်သစ်ပါ၊ တာဝန်ရှိသူတွေစစ်ဆေးနေပါတယ် " ဟု ဆိုပါတယ်။

ကျောက်မီးသွေးမိုင်းနဲ့ ပတ်သက်လို့ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားနေပြီး လုပ်ငန်းခွင် လုံခြုံရေးကို ဒီထက် ပိုပြီး စစ်ဆေးအရေးယူသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU /AFP/GETTY
Image caption ရိုက်တာသတင်းထောက်တွေ နယူးယောက်ခ်မှာ ပူလစ်ဇာဆုယူမယ်

ရိုက်တာသတင်းထောက်တွေ နယူးယောက်ခ်မှာ ပူလစ်ဇာဆုယူမယ်

ပူလစ်ဇာဆုကို လက်ခံရယူဖို့ ရိုက်တာ သတင်းဌာနက ဆုရ မြန်မာ သတင်းထောက် ၂ ဦး ဖြစ်ကြတဲ့ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ဟာ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့မှာ ရောက်ရှိနေပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်က လူ ၁၀ ဦး အသတ်ခံရတဲ့သတင်းကို စုံစမ်းဖော်ထုတ် ရေးသားမှုကနေ ၂၀၁၉ခုနှစ်အတွက် နိုင်ငံတကာသတင်းရေးသားခြင်း (International Reporting) ခေါင်းစဉ်အောက်က ပူလစ်ဇာဆုကို ရရှိခဲ့တာပါ။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖခင်နဲ့ သမီးငယ် လွတ်လွတ်လပ်လပ် ဆုံစည်းခွင့်ရသောအခါ

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မေလ ၇ ရက်နေ့က လွတ်မြောက်လာခဲ့ကြတာပါ။

သူတို့နှစ်ယောက်ဟာ ရခိုင်ပြည်မြောက်ပိုင်း အင်းဒင်လူသတ်မှုအကြောင်း စုံစမ်းဖော်ထုတ်ရေးသားဖို့ ကြိုးစားနေစဉ် ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်နေ့က မင်္ဂလာဒုံမြို့နယ်မှာ အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

သတင်းထောက် ၂ ဦး ထောင်ကျ နေစဉ် ပြီးခဲ့တဲ့ ဧပြီလ တုန်းက ပူလစ်ဇာ ဆု ရရှိကြောင်း ဆုပေးအဖွဲ့က ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီဆုကို သတင်းထောက်တွှေကိုယ်တိုင် လက်ခံရယူနိုင်တော့မှာ ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်) အမည်စာရင်းမှာ ပါဝင်ရွေးချယ် ခံခဲ့ရသလို ၂၀၁၉ ဧပြီလ ၁၀ ရက်နေ့တုန်းကလည်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆု ကို ရရှိခဲ့ပါတယ်။

တပ်စစ်လက်နက်ပစ္စည်းထုတ် အရာရှိချုပ် အငြိမ်းစားယူ

မြန်မာတပ်မတော်မှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး တပ်ဖွဲ့ရဲ့ အကြီးအကဲအဖြစ် အချိန်အတော်ကြာ တာဝန်ယူခဲ့တဲ့ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ မကြာခင်ရက်ပိုင်းကပဲ အငြိမ်းစားယူခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးဟာ အသက် ၆၄ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီးသူ တစ်ဦးလည်းဖြစ်ပါတယ်။

သူ့နေရာကို ပြင်ဦးလွင်မြို့မှာရှိတဲ့ သိပ္ပံနဲ့ သုတေသန တပ်ရဲ့ အကြီးအကဲ ဗိုလ်ချုပ် ကံမြင့်သန်းက တာဝန်ယူထားပါတယ်။

"ကျွန်တော်ပြောနိုင်တာကတော့ တချို့ အရေးယူမှုတွေရှိတယ်၊ ဒါတွေကတော့ ထုတ်မပြောနိုင်ဘူး၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး" လို့ ဒီသတင်းနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြန်လည် ဖြေကြားခဲ့ပါတယ်။

မကြာသေးခင်ရက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ထဲက သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ မြန်မာ့တပ်မတော်က ထုတ်တဲ့ လက်နက်တွေ တွေ့ရှိတဲ့အတွက် အရာရှိအချို့ကို အရေးယူလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ အငြိမ်းစား ယူသွားပေမယ့်လည်း တပ်မတော်ရဲ့ စစ်လက်နက် ပစ္စည်း အကြံပေးအဖြစ် ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် ဓားထိုးခံရ

ဂျပန်နိုင်ငံမှာ လူအစုလိုက်အပြုံလိုက် ဓားထိုးခံရ

ဂျပန်နိုင်ငံ တိုကျိုမြို့ပြင်ဘက်မှာ လူအစုလိုက်အပြုံလိုက် ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဓားထိုးခံရသူတွေထဲက အများစုဟာ ကလေးတွေဖြစ်ပြီး သေဆုံးသူတွေထဲက တစ်ဦးဟာလည်း ကလေးဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဓားထိုးမှုဟာ တိုကျိုမြို့တောင်ဘက်၊ ခါဝါဆာကီမြို့က လမ်းပေါ်မှာ ဖြစ်ခဲ့တာပါ။ ဒီဓားထိုးမှုနဲ့ ပတ်သက်လို့ အသက် ၅၀ ဝန်းကျင် အမျိုးသားကို ဖမ်းဆီးထားပြီး အဲဒီအမျိုးသားဟာ ဓားထိုးမှု အပြီး သူ့လည်ပင်းကို ဓါးနဲ့ ပြန်ထိုးခဲ့လို့ အသက်စိုးရိမ်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။

လက်ရှိ အချိန်အထိတော့ တိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း အခုလို ဓားထိုးတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ ၂၀၁၆ ခုနှစ်တုန်းက စောင့်ရှောက်ရေး ဂေဟာမှာ ဖြစ်ခဲ့တဲ့ ဓားထိုးမှုဖြစ်ပြီး လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ