အမေရိကန်ကောလိပ်တစ်ခုက တောဝက်ဘောလုံးအသင်းသား အိုက်ဒူ ကို ဆုချီးမြှင့်

ထိုင်းဂူထဲပိတ်မိခဲ့လို့နာမည်ကြီးသွားတဲ့ ဝတိုင်းရင်းသား အိုက်ဒူ ဆုရရှိ ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းဂူထဲပိတ်မိခဲ့လို့နာမည်ကြီးသွားတဲ့ ဝတိုင်းရင်းသား အိုက်ဒူ ဆုရရှိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က ထမ့်လွန်ဂူထဲမှာ ၁၈ ရက်ကြာပိတ်မိခဲ့တဲ့ တောဝက်ဘောလုံးအသင်းသား ဝတိုင်းရင်းသား အိုက်လူး ခေါ် အိုက်ဒူ ကို အမေရိကန်နိုင်ငံမှာရှိတဲ့ Middlebury College က Global Citizen's Award ဆုချီးမြှင့်ခဲ့ပါတယ်။

"သူတယောက်တည်းပဲရတယ်။ အဓိကကတော့ ဂူထဲမှာရှိခဲ့တုန်းက သူအင်္ဂလိပ်လို ပြောနိုင်လို့ သူ့နဲ့ဆက်သွယ်လို့အဆင်ပြေချောမွေ့တာရယ်၊ နောက်ပြီးသဘောထားလည်း ကောင်းတယ်၊ အဲဒါကြောင့် အဲဒီကောလိပ်ကျောင်းက သူ့ကိုဆုပေးတာဖြစ်တယ်။ နောက်ပြီးသူ အခုတက်တဲ့ထိုင်းကျောင်းနဲ့ အဲဒီအမေရိကန်ကကျောင်းနဲ့လည်း အင်္ဂလိပ်စာပညာသင်ခွင့် သုံးနှစ်ကို ကျောင်းသားချင်းဖလှယ်တဲ့ ပညာတော်သင်ခွင့်လည်းရတယ်" လို့ အိုက်ဒူရဲ့ အုပ်ထိန်းသူလည်းဖြစ်တဲ့ ဦးဂိုရှင်းမောင် က ပြောပါတယ်။

အိုက်ဒူရဲ့မိဘတွေက မြန်မာနိုင်ငံရှမ်းပြည်နယ်မှာနေထိုင်တဲ့ တောင်ပေါ်ဝတိုင်းရင်းသားတွေပါ။ အမေဖြစ်သူက အိုက်ဒူကို မယ်ဆိုင်မြို့က ဘုရားကျောင်းမှာ အသက် ၄ နှစ်အရွယ်ကတည်းအပ်ခဲ့တာဖြစ်တယ်လို့ အိုက်ဒူ အုပ်ထိန်းသူလည်းဖြစ်တဲ့ မယ်ဆိုင်ကျေးဇူးတော်အသင်းတော်ရဲ့ အသင်းအုပ်ဆရာလည်းဖြစ်တဲ့ ဦးဂိုရှင်းမောင် က ပြောပါတယ်။

ထိုင်းနိုင်ငံမှာဆိုရင် ပညာရေးအခွင့်အလမ်းပိုမိုကောင်းမွန်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘုရားကျောင်း မှာ အပ်ထားခဲ့တာလို့ ဦးဂိုရှင်းမောင် က ပြောပါတယ်။

ချင်းရိုင်ခရိုင် ထမ့်လွန်ဂူထဲမှာ ၁၈ ရက်ကြာပိတ်မိခဲ့တဲ့ ပြန်လွတ်လာသူ ၁၃ ယောက်ထဲမှာ ရှမ်းလူမျိုး ၉ ဦး ၊ ဝလူမျိုး ၁ ဦးနဲ့ ထိုင်းလူမျိုး ၃ ဦးတို့ ပါဝင်ပါတယ်။

ဦးဂိုရှင်းမောင် က ဒီလို ဆုချီးမြှင့်ခံရတာ ဝမ်းသာကြောင်းနဲ့ တခြားလူတွေအတွက် စံပြဖြစ်လာနိုင်ကြောင်း ပြောပါတယ်။

အခုဆုချီးမြှင့်ခံရတဲ့ အိုက်ဒူဟာ နာမည်ကြီးခဲ့ပေမယ့် ပညာရေးကိုသာစိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် ဇူလိုင်လက တောဝက်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့ ဘောလုံးနည်းပြတွေက ထမ့်လွန်ဂူထဲမှာ ပိတ်မိခဲ့တဲ့သတင်းဟာ တစ်ကမ္ဘာလုံးက အကြီးအကျယ်စိတ်ဝင်စားခဲ့တဲ့ သတင်းကြီးတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတကာသတင်းမီဒီယာအဖွဲ့တွေကလည်း မယ်ဆိုင်မြို့မှာ သွားရောက်သတင်းယူခဲ့ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ