ပြင်သစ် အိုးပင်းမှာ နဒါးလ် ၁၂ကြိမ်အထိ ချန်ပီယံဖြစ်

ဓာတ်ပုံ မူပိုင် AFP
Image caption မြေစေးကွင်းမှာ ၁၂ကြိမ် ချန်ပီယံ ဖြစ်တဲ့ ရာဖာ နဒါးလ်

ပြင်သစ်အိုးပင်းပြိုင်ပွဲ မြေးစေး တင်းနစ်ပြိုင်ပွဲကို ပြီးခဲ့တဲ့ မေလ ၂၆ရက်နေ့ကနေ ဇွန်လ ၉ရက်နေ့အထိ ပဲရစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဖက်မှာ နာမည်ကျော် တင်းနစ် သမားတွေ လူစုံနီးပါး ပါဝင်ခဲ့ပြီး ဗြိတိန်ရဲ့ အန်ဒီမာရေးပဲ လွဲချော်ခဲ့ပါတယ်။ အမျိုးသမီးဖက်မှာတော့ ၂ကြိမ် ချန်ပီယံဟောင်း ရှာရာပိုဗာက လွဲပြီး လူစုံခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ၁၂ကြိမ် ချန်ပီယံဖြစ်ပြီး မြေစေးကွင်းမှာ အောင်ပွဲခံနေတဲ့ နဒါးလ်

အမျိုးသား တစ်ဦးချင်း ဆီမီးဖိုင်နယ် အဆင့်ကိုတော့ ဆီဒင်ရ ထိပ်ဆုံး ၄ယောက်စလုံး တက်ရောက်ခဲ့ကြပါတယ်။ နာမည်ကျော် နှစ်ဦး ကစားတဲ့ ပထမ ဆီမီးဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ ရာဖာ နဒါးလ်က ဖက်ဒါရာကို လွယ်လွယ်ကူကူ ၃ပွဲပြတ်နဲ့ နိုင်ပါတယ်။ မြေစေးကွင်း ဘုရင် နဒါးလ်အတွက် ပြင်သစ်အိုးပင်းမှာတော့ ဖက်ဒါရာကို အသာစီးနဲ့ ရိုက်နိုင်ခဲ့တာပါ။ အမှားနည်းပြီး အကောင်းဆုံး ရိုက်နိုင်ခဲ့တဲ့ နဒါးလ်က ဖက်ဒါရာကို ၆-၃၊ ၆-၄၊ ၆-၂နဲ့ နိုင်ခဲ့တာပါ။ ဒုတိယ ဆီမီးပွဲမှာတော့ သြစတြီးယား တင်းနစ်သမား ဒိုမိနစ် သိမ်းက ဂျိုကိုဗစ်ကို အကြိတ်အနယ် ကစားပြီး ၃-၂ပွဲနဲ့ နိုင်ပါတယ်။ ရာသီဥတု ဆိုးရွားမှုကြောင့် ၂ရက် ရိုက်ခဲ့ရပြီး ဒိုမိနစ် သိမ်းက ၆-၂၊ ၃-၆၊ ၇-၅၊ ၅-၇၊ ၇-၅ နဲ့ ၄နာရီကျော် ရိုက်ပြီး နိုင်ခဲ့တာပါ။ ဂျိုကိုဗစ်အတွက်တော့ ဂရန်စလန် ၄လုံး ဆက်တိုက် ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့သလို ပရိသတ်တွေအတွက်လည်း နောက်ထပ် နဒါးလ် - ဂျိုကိုဗစ် ဖိုင်နယ်ပွဲ ကြည့်ခွင့်မရဘဲ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် အိုးပင်း ဖိုင်နယ်မှာ နဒါးလ်ကို နှစ်နှစ်ဆက် ရှုံးခဲ့

ဖိုင်နယ်မှာတော့ ၁၁ကြိမ် ချန်ပီယံ နဒါးလ်နဲ့ မနှစ်က ဒုတိယတဲ့ ဒိုမိနစ်သိမ်းနဲ့ ပြန်ဆုံခဲ့ပါတယ်။ ဂျိုကိုဗစ်ကို အနိုင်ယူခဲ့တဲ့ သိမ်းရဲ့ လက်စွမ်းကြောင့် ဒီတစ်ကြိမ် နဒါးလ် ခက်ခက်ခဲခဲ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ သုံးသပ်နေကြတာပါ။ တကယ်တမ်း ကစားကြတဲ့ နဒါးလ်ရဲ့ အတွေ့အကြုံ၊ မြေစေးကွင်း ကျွမ်းကျင်းမှုတွေကြောင့် ဒိုမိုနစ်သိမ်း ရုန်းကန်ခဲ့ရပါတယ်။ နဒါးလ်က ပွဲငယ် တစ်ပွဲ ရှုံးခဲ့ပေမယ့်လည်း ပြိုင်ပွဲ တစ်လျောက် အကောင်းဆုံး ရိုက်နိုင်ခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒိုမိနစ်သိမ်းက ဒုတိယပွဲငယ်မှာ အနိုင်ရခဲ့ပေမယ့် နဒါးလ်က ၆-၃၊ ၅-၇၊ ၆-၁၊ ၆-၁ နဲ့ နိုင်ပြီး ပြင်သစ် အိုးပင်းကို ၁၂ကြိမ်မြောက် သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ပြင်သစ် အိုးပင်း ၁၂ကြိမ်နဲ့အတူ နဒါးလ်ဟာ ဂရန်စလန်ပြိုင်ပွဲကြီးတွေမှာ ၁၈ကြိမ်ရခဲ့တာဖြစ်ပြီး ဖက်ဒါရာနဲ့ ၂ခု အကွာကို ရောက်လာခဲ့ပါတယ်။ ဒိုမိနစ်သိမ်းကို ၂နှစ်ဆက် နိုင်ခဲ့တဲ့ နဒါးလ်ဟာ ပြင်သစ်အိုးပင်း ပြိုင်ပွဲကိုလည်း ၂၀၀၅ခုနှစ်ကနေစပြီး ၁၄ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ ၁၂ကြိမ်အထိ ချန်ပီယံ ဖြစ်ခဲ့တဲ့အထိ မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ပထမဆုံး ဂရန်စလန်ဆုနဲ့ အမျိုးသမီး ချန်ပီယံ ဘာတီ

အမျိုးသမီး တစ်ဦးချင်းမှာတော့ အရင် ခရစ်ကတ် ကစားမယ်ဟောင်း သြစတြေးလျသူ ဘာတီ ချန်ပီယံဖြစ်လာပါတယ်။ တင်းနစ်မယ် ဘဝနဲ့ စတင်ခဲ့တဲ့ ဘာတီဟာ ၂၀၁၄ခုနှစ်မှာ ခရစ်ကတ် ကစားဖို့ တင်းနစ် လောကကို စွန့်ခွာခဲ့သူပါ။ ဒါပေမယ့် ၂နှစ် အကြာမှာတော့ တင်းနစ် လောကကို တစ်ကျော့ပြန်လာခဲ့ပြီးနောက် ၃နှစ်ကြာမှာ ဂရန်းစလန် ပြိုင်ပွဲကြီးမှာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ခုနှစ် ယူအက်စ်အိုးပင်းမှာ အမျိုးသမီး နှစ်ယောက်တွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘာတီဟာ သြစတြေးလျ အိုးပင်း ကွာတားဖိုင်နယ် အဆင့်အထိ တက်နိုင်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အခွင့်အရေးရှိတဲ့ အမျိုးသမီး တင်းနစ်လောကအတွက် နောက်ထပ် ချန်ပီယံ သစ်ပေါ်ထွက်လာတာပါ။

ဘာတီဟာ ဖိုင်နယ်မှာ ချက်တင်းနစ်မယ် ဗန်ဒရိုဆိုဗာကို ၆-၁၊ ၆-၃ ၂ပွဲပြတ်နိုင်ပြီး ချန်ပီယံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာတီဟာ ၁၉၇၃ခုနှစ် မာဂရက်ကော့ နောက်ပိုင်း ပြင်သစ်အိုးပင်းမှာ ချန်ပီယံဖြစ်တဲ့ ပထမဆုံး သြစတြေးလျ တင်းနစ်မယ် ဖြစ်ပါတယ်။ ချန်ပီယံဆုနဲ့အတူ ဘာတီဟာ မနက်ဖြန်မှာ အသစ်ထွက်မယ့် ကမ္ဘာ့အဆင့် သတ်မှတ် ချက်မှာလည်း ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

တစ်ဦးချင်း ချန်ပီယံ ဖြစ်ခဲ့ကြတဲ့ နဒါးလ် နဲ့ ဘာတီတို့ဟာ ဆုကြေးငွေ ယူရို ၂.၃သန်းစီ ရခဲ့ကြပြီး ဒုတိယရသူတွေက ယူရို ၁.၁သန်းကျော် ရခဲ့ပါတယ်။

နောက်ဆုံး ၁၀နှစ် အမျိုးသား ချန်ပီယံများ

၂၀၁၀ - နဒါးလ် ( စပိန်)

၂၀၁၁ - နဒါးလ် ( စပိန်)

၂၀၁၂ - နဒါးလ် ( စပိန်)

၂၀၁၃ - နဒါးလ် ( စပိန်)

၂၀၁၄ - နဒါးလ် ( စပိန်)

၂၀၁၅ - ဝါဝရင်ဂါ ( ဆွစ်ဇာလန်)

၂၀၁၆ - ဂျိုကိုဗစ် ( ဆားဘီးယား)

၂၀၁၇ - နဒါးလ် ( စပိန်)

၂၀၁၈ - နဒါးလ် ( စပိန်)

၂၀၁၉ - နဒါးလ် ( စပိန်)

နောက်ဆုံး ၁၀နှစ် အမျိုးသမီး ချန်ပီယံများ

၂၀၁၀ - ရှီယာဗိုနီ ( အီတလီ)

၂၀၁၁ - လီနာ ( တရုတ်)

၂၀၁၂ - ရှာရာပိုဗာ ( ရုရှား)

၂၀၁၃ - ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၄ - ရှာရာပိုဗာ ( ရုရှား)

၂၀၁၅ - ဆရီနာဝီလျံ ( အမေရိကန်)

၂၀၁၆ - မူဇူရူဇာ ( စပိန်)

၂၀၁၇ - အော့စတာပန်ကို ( လတ်ဗီးယား)

၂၀၁၈ - ဆီမိုနာဟာ့လပ် ( ရိုးမေးနီးယား)

၂၀၁၉ - ဘာတီ ( သြစတြေးလျ)

နဒါးလ်ရဲ့ ဂရန်စလန် အောင်မြင်မှုများ

သြစတြေးလျ အိုးပင်း - ၂၀ဝ၉ ( ၁ကြိမ်)

ပြင်သစ် အိုးပင်း - ၂၀ဝ၅၊ ဝ၆၊ ဝ၇၊ ဝ၈၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၇၊ ၁၈၊ ၊ ၁၉ ( ၁၂)ကြိမ်

ဝင်ဘယ်ဒန် အိုးပင်း - ၂၀ဝ၈၊ ၁၀ ( ၂ကြိမ်)

ယူအက်စ်အိုးပင်း - ၂၀၁၀၊ ၁၃၊ ၁၇ ( ၃ကြိမ်)