စီးပွားရေးလုပ်ငန်းတွေကြား မမျှမတလုပ်သူတွေကို အရေးယူနိုင်မယ့် ကော်မရှင်ဖွဲ့စည်းတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

(၁) စီးပွားရေးလုပ်ငန်းတွေကြား မမျှမတ လုပ်သူတွေကို အရေးယူနိုင်မယ့် ကော်မရှင်ဖွဲ့စည်း

ဓာတ်ပုံ မူပိုင် U Than Myint
Image caption စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကြား မျှမျှတတ မဆောင်ရွက်သူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူမှာဖြစ်

စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကြား မျှမျှတတ မဆောင်ရွက်သူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူနိုင်မယ့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်တစ်ရပ်ကို ဇွန်လ ၁၀ ရက်နေ့က အစိုးရက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။

ကော်မရှင်မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဒေါက်တာသန်းမြင့်က ဥက္ကဌတာဝန်ယူထားပြီး အစိုးရဝန်ထမ်း ၅ ဦးနဲ့ ပြင်ပက တတ်သိပညာရှင် ၅ ဦး စုစုပေါင်း ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်တာပါ။

ယှဉ်ပြိုင်မှု ဥပဒေအရ ဈေးကွက်အတွင်း ဈေးနှုန်းညှိနှိုင်းသတ်မှတ်သူတွေရဲ့ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်တဲ့ သဘောတူညီချက်တွေ၊ တင်ဒါ (ဒါမှမဟုတ်) လေလံဆွဲရာမှာ ညှိနှိုင်းသတ်မှတ်ခြင်းအပါအဝင် ကန့်သတ်ချက် ၇ ချက် ပါဝင်ပါတယ်။

ဒီဥပဒေအရ အဓိက စီးပွားရေးလုပ်ငန်းကြီးတွေမှာ လက်ဦးချုပ်ကိုင်ဖို့ လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဝန်ကြီးဒေါက်တာသန်းမြင့်က ပြောပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း လက်ဝါးကြီးအုပ်လုပ်ကိုင်နေသူတွေ၊ ဈေးနှုန်းညှိပြီးရောင်းချနေသူတွေကို ယှဉ်ပြိုင်မှုကော်မရှင်အနေနဲ့ စုံစမ်းဖော်ထုတ် တရားစွဲဆိုသွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်သူတွေဟာ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၂ နှစ်၊ ငွေဒဏ်အနေနဲ့ဆို ကျပ်သိန်း ၁ ထောင်အထိ ကျခံရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးကွက်၊ ဆန်ဈေးကွက်နဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေအပြင် ခရီးသွားလုပ်ငန်းတချို့မှာ လုပ်ငန်းရှင်ကြီးတချို့က လက်ဝါးကြီးအုပ်ထားတဲ့ သဘောမျိုးတွေ ရှိနေပြီး ဒါတွေကို အရေးယူဆောင်ရွက်နိုင်ဖို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

(၂) နယူးယောက်မြို့ထဲ ရဟတ်ယာဉ်တစ်စီးပျက်ကျ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ အဆောက်အဦးပြင်ပ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မှာရှိတဲ့ မက်ဟန်တန်က ၅၄ ထပ်ရှိတဲ့ မိုးမျှော်တိုက်တစ်လုံးပေါ်မှာ ဇွန်လ ၁၀ ရက်နေ့ နေ့လယ်လောက်က ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ယာဉ်မောင်းလည်း သေဆုံးခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့သူတော့ မရှိပါဘူး။ ရာသီဥတုမကောင်းလို့ မြင်ကွင်း မသဲမကွဲ ဖြစ်နေချိန် တိုက်မိတာလည်း ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျလို့ အထပ်မြင့်အဆောက်အဦးမှာ မီးလောင်တာကိုတော့ အချိန်မှီငြှိမ်းသတ်လိုက်နိုင်ပါတယ်။ အဲ့ဒီနေရာဟာ ပုဂ္ဂလိကရဟတ်ယာဉ်ပျံသန်းခွင့်ပြုထားတဲ့ နေရာဟုတ်မဟုတ်ကို နယူးယောက်မြို့အာဏာပိုင်တွေက စစ်ဆေးနေပါတယ်။

မြို့တော်ဝန် ဘေးလ်ဒီဘလက်စီရိုက ဝမ်းနည်းကြောင်း၊ တုန်လှုပ်မိကြောင်း သတင်းသမားတွေကို ပြောပြခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်မှုတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရသလဲဆိုတာကိုလည်း ထပ်မံစုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း မြို့တော်ဝန်က ထပ်လောင်းပြောခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျရာ အဆောက်အဦးဟာ Rockefeller Center နဲ့ရော Times Square နဲ့ပါ နီးနေတာကြောင့် စက်တင်ဘာ ၁၁ ရက်နေ့ 9- 11 ဖြစ်စဉ် World Trade Center ကို အကြမ်းဖက်သမားတွေရဲ့ အတိုက်ခိုက်ခံရပြီး ပြိုကျခဲ့တာကို အမှတ်ရစေပါတယ်။ အခုရဟတ်ယာဉ်ပျက်ကျမှုအတွက် ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲရေးနဲ့ နိုင်ငံတော် သယ်ယူပို့ဆောင်မှု အန္တရာယ်ကင်းရေး ဘုတ်အဖွဲ့တို့ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုနေပါတယ်။

(၃) ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီကို ငွေမဲခဝါချမှုနဲ့ ဖမ်းဆီး

ဓာတ်ပုံ မူပိုင် Chip Somodevilla/Getty Images
Image caption ပါကစ္စတန်သမ္မတဟောင်း ဇာဒါရီ

ပါကစ္စတန် သမ္မတဟောင်း အာဇစ်ဖ်အာလီဇာဒါရီကို ကို ဒေါ်လာသန်းချီပြီး ငွေမဲခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

မစ္စတာဇာဒါရီဟာ ပါကစ္စတန်နိုင်ငံကနေ ဒေါ်လာ သန်းချီပြီး နိုင်ငံခြား ဘဏ်စာရင်းတွေထဲ ပြောင်းနိုင်ရေး အတွက် ဒါဇင်နဲ့ချီတဲ့ ဘဏ်စာရင်း အတုတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ဒီအမှုမှာ ညီမဖြစ်သူလည်း ပါဝင်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဇာဒါရီဟာ လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ရဲ့ ခင်ပွန်းဖြစ်ပြီးတော့ အခုလို အဂတိ လိုက်စားမှု စွပ်စွဲချက်တွေဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ တုန့်ပြန် ငြင်းပယ်ထားပါတယ်။

သူဟာ လွှတ်တော်ထဲမှာ တတိယ အင်အား အကြီးဆုံး ပါတီ Pakistan People's Party ကို ဦးဆောင်နေတာဖြစ်ပြီး ပါတီဟာ ၂၀၀၈ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ၂၀၁၃ ခုနှစ်အထိ သူဟာ ပါကစ္စတန်သမ္မတ ဖြစ်ခဲ့တာပါ။

အဲ့ဒီကာလအတွင်း မစ္စတာဇာဒါရီဟာ ငွေကြေးခဝါချဖို့အတွက် ဘဏ်စာရင်း အတုတွေ လုပ်ခဲ့တာလို့ စွပ်စွဲခံထားရပြီး မြို့တော် အစ္စလာမ္မာဘတ်က သူ့နေအိမ်ကနေ သူ့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

(၄) နှစ်ပေါင်း ၂၅၀အတွင်း အပင်ငယ် ၅ ရာကျော် မျိုးတုံးခဲ့

ဓာတ်ပုံ မူပိုင် REBECCA CAIRN WICKS
Image caption ၂၀၀၃ ခုနှစ်ကတည်းက မျိုးတုံးသွားခဲ့တဲ့ အပင်တစ်ပင်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ အတွင်းမှာ မျိုးတုံးပျောက်ကွယ်သွားတဲ့ အပင်ငယ်ပေါင်း ၅၇၀ရဲ့ အမည်စာရင်းကို သိပ္ပံပညာရှင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒါဟာ သူတို့ရှာဖွေသိရှိတဲ့ အပင်အရေအတွက်ပဲ ဖြစ်ပြီး သူတို့မသိဘဲ မျိုးတုန်းသွားတဲ့ အပင်တွေလည်း ရှိနိုင်သေးတယ်လို့လည်း ဆိုပါတယ်။

ဒီသုတေသနမျိုးကို တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆောင်ရွက်တာဟာ ပထမဆုံးဖြစ်ပြီး တွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင်နဲ့ ဆင့်ကဲဖြစ်စဉ်ဂျာနယ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလို သစ်ပင်မျိုးတုံးမှုဟာ စက်မှုခေတ်မတိုင်ခင်တုန်းကထက်ဆိုရင် အဆပေါင်း ၅၀၀ ပိုပြီးတော့ များလာတယ်လို့လည်း ဆိုပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေယာအသုံးချပုံ၊ ချနည်း ပြောင်းလဲလာတာနဲ့ သက်ဆိုင်ရာဒေသခံ ဟင်းသီးဟင်းရွက်မျိုးတွေကို ဖျက်ဆီးပစ်တာဟာ အခုလိုမျိုးတုံးမှု ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။