မြောက်ဦးတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိတဲ့အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် Tun Toe Aye
Image caption ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တစ်ဦး

(၁) မြောက်ဦးတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေရှိ

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ် ရွာဟောင်းတောရွာထဲကို တပ်မတော်က ပစ်ခဲ့တဲ့လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ လူ ၂ ယောက် ဒဏ်ရာရသလို ကား ၂ စီးလည်း ပျက်စီးခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ကျည်တွေထိမှန်ခဲ့တဲ့နေရာဟာ မြောက်ဦးက ကိုသောင်းပုထိုးတော်ကြီးအနီးတဝိုက်က ကျေးရွာဖြစ်ပြီး တပ်မတော်က ကျေးရွာထဲကို ပစ်ခတ်မှုတွေရှိခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တပ်မတော်ရဲ့ လမ်းလုံခြုံရေး စစ်ကားတန်းကို ရက္ခိုင့်တပ်မတော် (AA) က ပစ်ခတ်တဲ့ အတွက် ပြန်လည်ပစ်ခတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"အုပ်ချုပ်မှုယာဉ်တန်းအဲ့ဒီရွာကို ဖြတ်တယ်၊ မနက်တုန်းက အဲ့ဒီရွာမှာ လူတွေအကုန်ရှိတယ်၊ ညနေကျတော့ လမ်းလုံခြုံရေးလုပ်တဲ့အဖွဲ့တွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်လာတဲ့အခါမှာ အဲ့ဒီရွာမှာ တစ်ယောက်မှ မရှိတော့ဘဲ အဲ့ဒီရွာထဲကနေ လမ်းလုံခြုံရေးကို ပစ်တယ်၊ ယာဉ်တန်းကိုလည်း ပစ်တယ်၊ ဒါကြောင့် ပစ်တာ၊ ရွာကို ပစ်တာမဟုတ်ဘူး" လို့ ဘီဘီစီကို ပြောပါတယ်။

ညနေ ၃ နာရီခွဲကနေစပြီး ၅ နာရီအထိ ကြိုကြားကြိုကြား သေနတ်သံတွေ ကြားခဲ့ရတယ်လို့ အဲ့ဒီရွာကို ရောက်နေတဲ့ မြို့ဦးခေါင်းဆရာတော်က ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့ ညနေစောင်းအထိတော့ အဲ့ဒီရွာလမ်းတလျှောက် စစ်ကားတွေ ရှိနေတာကြောင့် ဒဏ်ရာရတဲ့ ရွာသား ၂ ဦးကို မြောက်ဦးဆေးရုံကို မပို့ဆောင်နိုင်သေးလို့ စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

(၂) အပစ်ရပ်လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့ အလွတ်သဘောဆွေးနွေး

ဓာတ်ပုံ မူပိုင် U Hla Maung Shwe
Image caption ရန်ကုန်မှာ ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ထဲက အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်ကိုယ်စားလှယ်တွေ၊ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေဟာ ဇွန်လ ၁၃ ရက်နေ့ကစလို့ ရန်ကုန်မှာ ၂ ရက်ကြာ အလွတ်သဘော တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဆွေးနွေးပွဲမှာတော့ အစိုးရဖက်က ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်း ၄ သွယ်ကို အဆိုပြုဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီထဲမှာ အစိုးရက အကောင်အထည်ဖော်ဖို့ ကတိပြုထားတဲ့ ငြိမ်းချမ်းရေးညီလာခံတွေ ပေါ်ပေါက်ရေး လုပ်ဆောင်မှုတွေပါတယ်လို့ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အရဆိုရင်တော့ ငြိမ်းချမ်းရေး ညီလာခံကို တစ်နှစ်၂ကြိမ် ကျင်းပရာမှာဖြစ်ပြီး NLD အစိုးရလက်ထက်မှာတော့ ၂ ကြိမ်ပဲ ကျင်းပနိုင်ပါသေးတယ်။

တစ်ခုတည်းသောတပ်မတော်နဲ့ ခွဲမထွက်ရဆိုတဲ့ နိုင်ငံရေးသဘောတူညီချက်တွေအပါအဝင် နိုင်ငံရေးဆိုင်ရာအချက်တွေမှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတို့ အကြားသဘောထားကွဲလွဲမှုတွေအများဆုံးဖြစ်နေလို့ ငြိမ်းချမ်းရေးညီလာခံကျင်းပပြုလုပ်ဖို့ ကြာမြင့်နေရတာလည်းဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။

(၃) ရေနံတင်သင်္ဘော ၂ စင်းကို အီရန်က တိုက်ခိုက်ခဲ့တာလို့ အမေရိကန်ပြော

ဓာတ်ပုံ မူပိုင် FREDERICK A TERRY/ARTJOM LOFITSKI
Image caption တိုက်ခိုက်ခံရတဲ့ သင်္ဘော ၂ စီး

အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘော ၂ စင်းကို တိုက်ခဲ့တဲ့သူဟာ အီရန်နိုင်ငံက ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက စွပ်စွဲပြောဆိုလိုက်ပါတယ်။

"ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ အကျိုးစီးပွားကို ရန်စတိုက်ခိုက်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာလုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ရန်စနေတဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ပါဘူး" လို့လည်း ဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။

ဇွန်လ ၁၃ ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘော ၂ စင်းမှာ၊ ရေနံတင်သင်္ဘောတစင်းဟာ နော်ဝေပိုင် ဖြစ်ပြီး နောက်တစင်းကို ဂျပန်ကုမ္ပဏီတခုက ပိုင်ပါတယ်။

တစ်စင်းပါ်က ဝန်ထမ်းတွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး နောက်သင်္ဘောတစ်စီးကတော့ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရပါတယ်။

အီရန်ဘက်ကတော့ ဒီလိုစွပ်စွဲပြောဆိုမှုတွေဟာ အခြေအမြေမရှိဘူးလို့ တုံ့ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ အီရန်ကို ရန်တိုက်ပေးတဲ့ စွပ်စွဲမှုတွေ ဖြစ်တယ်ဆိုပြီးတော့ ပြောဆိုပါတယ်။

အိုမန်ပင်လယ်ကွေ့ဟာ Hormuz ရေလက်ကြား နားမှာရှိပြီး ဒီရေလက်ကြားဟာ ကမ္ဘာ့ရေနံစိမ်း အားလုံးရဲ့ ရာနှုန်း ၃၀ လောက် တင်ပို့နေတဲ့ မဟာဗျူဟာကျတဲ့ လမ်းကြောင်း ဖြစ်ပါတယ်။

နောက်ဆုံးရထားတဲ့ သတင်းတွေအရ ရေနံတင်သင်္ဘော ၂ စင်းတိုက်ခိုက်မှုမှာ အသုံးပြုရတဲ့ လက်နက်တွေဟာ စနစ်တကျတပ်ဆင်ပြီးမှ ဖောက်ခွဲရတဲ့ ရေမြှုပ်မိုင်းမျိုး ဖြစ်နိုင်တယ်လို့လည်း အမေရိကန်ဖက်က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုအတွင်းမပေါက်ကွဲဘဲ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သတင်းထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

(၄) လပေါ် စူးစမ်းမယ့် အာကာယာဉ်လွှတ်တင်ဖို့ အိန္ဒိယပြင်ဆင်

ဓာတ်ပုံ မူပိုင် PRESS INFORMATION BUREAU, INDIA
Image caption Chandrayaan-2 ယာဉ်ဟာ စက်တင်ဘာမှာ လပေါ်ဆင်းသက်နိုင်မယ်လို့ မျှော်မှန်းထား

လပေါ်သွားရောက်ပြီး စူးစမ်းမှုတွေ လုပ်နိုင်မယ့် အာကာသယာဉ် Chandrayaan-2 ကို လာမယ့်လအတွင်း လွှတ်တင်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အိန္ဒိယ အာကာသအေဂျင်စီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Chandrayaan-2 ယာဉ်ဟာ စက်တင်ဘာမှာ လပေါ်ဆင်းသက်နိုင်မယ်လို့ မျှော်မှန်းထားပြီး တကယ်လို့သာ စီစဉ်ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင် အိန္ဒိယဟာ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက် နဲ့ တရုတ်ပြီးရင် လပေါ်က ခြေချနိုင်မယ့် စတုတ္ထမြောက်နိုင်ငံ ဖြစ်လာမှာပါ။

Chandrayaan-2 ဟာ လပေါ်ကို သွားရောက်ဖို့ ပြင်ခဲ့တဲ့ ဒုတိယမြောက်ယာဉ်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက စေလွှတ်ခဲ့တဲ့ Chandrayaan-1 ကတော့ လပေါ် မဆင်းသက်နိုင်ခဲ့ပါဘူး။

အခု Chandrayaan-2 လကမ္ဘာသွားယာဉ်ကိုတော့ လာမယ့် ဇူလိုင်လမှာ လွှတ်တင်ဖို့ရှိပြီး အာကာသယာဉ်မှူး ၃ ဦး လိုက်ပါမယ့် ပထမဆုံး အာကာသယာဉ်ကို ၂၀၂၂ ခုနစ်မှာ လွှတ်တင်ဖို့ အတွက်လည်း ပြင်ဆင်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။