တရုတ် ခရီးသွားတွေကို စောင့်ကြည့်မယ့် အဖွဲ့တွေ မြို့ကြီး သုံးမြို့မှာဖွဲ့စည်း

ရှမ်းပြည်နယ်ကို ရောက်လာတဲ့ တရုတ်ခရီးသွားတွေ ဓာတ်ပုံ မူပိုင် Getty Images
Image caption ရှမ်းပြည်နယ်ကို ရောက်လာတဲ့ တရုတ်ခရီးသွားတွေ

မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွားတွေကို စောင့်ကြည့်လေ့လာမယ့် အဖွဲ့ တွေကို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

တရုတ်ခရီးသွားဧည့်သည်တွေကို စောင့်ကြည့် လေ့လာမယ့်အဖွဲ့တွေကို ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနက ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေးနဲ့ ပုဂံမြို့တွေမှာ အဖွဲ့ ၃ဖွဲ့ နဲ့ စတင်ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ ဇီးရိုးဘတ်ဂျက်လို့ လူသိများတဲ့ တရုတ်နိုင်ငံသားတွေပိုင်တဲ့ ဟိုတယ်၊စားသောက်ဆိုင်တွေမှာပဲ တည်းခိုသုံးစွဲတာ၊ သူတို့နဲ့ ကြိုတင်ချိတ်ဆက်ထားတဲ့ ဟိုတယ်တွေ၊ ဆိုင်တွေမှာပဲ ငွေသုံးစွဲပြီး တခြားမှာ ငွေမသုံးသလောက်ဖြစ်တဲ့ ခရီးစဉ်တွေဟာ မြန်မာနိုင်ငံအနေနဲ့ အခွန်အခမရသလောက် ဖြစ်နေတဲ့အတွက် ဒါတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုနေပြီလို့ ခရီးသွားလုပ်ငန်း ကဏ္ဍ အသီးသီးမှာ ပါဝင်တဲ့သူတွေက ဝေဖန်ပြောဆိုတာတွေ များပြားလာပြီးတဲ့နောက် အခုလို စောင့်ကြည့် လေ့လာရေးအဖွဲ့တွေကို စတင်ဖွဲ့စည်းလာခဲ့တာဖြစ်ပါတယ်။

တရုတ်ခရီးသွားတွေကို စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားညွန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ဘီဘီစီကိုပြောပြ ပါတယ်။

သူက "မြန်မာနိုင်ငံကို လောလောဆယ် တရုတ်ခရီးသွား ဝင်ရောက်မှုက များတယ်။ သူတို့လုံခြုံရေး ၊သူတို့ ဝင်ရောက်လာတဲ့ Arrival အချက်အလက်တွေကောက်မယ်။ သူတို့ရဲ့ ငွေကြေး သုံးစွဲမှုကို စိစစ် သုံးသပ်မယ်။ သူတို့တကယ် ပိုက်ဆံသုံးလား၊ မသုံးဘူးလားပေါ့" လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေသအပေါ် ရိုက်ခတ်မှုတွေကိုလည်း လေ့လာမယ်လို့ဆို

မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုအနေနဲ့ ၂၀၁၉ခုနှစ်အတွက် မေလအထိကို ခရီးသွားဧည့်သည်ဦးရေ ၁၈သိန်းကျော်အထိ ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်။

အရင်နှစ်ကာလတူ ဝင်ရောက်မှုနဲ့ နှိုင်းယဉ်ပါက ဦးရေ ၃သိန်းခွဲကျော်အထိ တိုးတက်လာခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ သိရပါတယ်။

တိုးတက်လာတဲ့ ခရီးသွားဧည့်ဝင်ရောက်မှုနဲ့အတူ နိုင်ငံတော်က အခွန်အခတွေ ပိုတိုးပြီးရလာဖို့လိုတယ်လို့လည်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ မြန်မာ့ခရီးသွား လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ ရဲ့ အထွေထွေ အတွင်း ရေးမှူးဖြစ်သူ ဦးကောင်းမင်းခန့်က ဘီဘီစီကို ပြောပါတယ်။

"တရုတ်ခရီးသွားတွေက တိုးတော့တိုးလာတယ်။ ဒါပေမဲ့ တိုးလာပြီးတော့ နိုင်ငံအတွက် အခွန်လည်းမရဘူး။ ဥပမာ- ဒီဒေသတွေကတော့ တရုတ်ခရီးသွားတွေများတယ်၊ အရမ်းဆူတယ်။ ဒါမှမဟုတ် စည်းကမ်းတွေ မရှိဘူးဆိုရင် ကျန်တဲ့ တိုးရစ်တွေ လာနိုင်မှာမဟုတ်ဘူး။ ဇီးရိုးဘတ်ဂျက်တိုးတွေဆီက ကိုယ့်နိုင်ငံအတွက် အကျိုးမရှိဘူးဆိုရင်တော့ အဲဒါမျိုးတွေကို ဘယ်လိုစည်းကမ်းချက်တွေနဲ့ ထိန်းသိမ်းမလဲပေါ့။ တစ်ဘက်က ကုမ္ပဏီတွေအတွက်ပဲ အကျိုးအမြတ်သဲ့ယူသွားမယ်၊ ဒီကိုကျ ကျန်ခဲ့တာ အမှိုက်ပဲဆိုတဲ့ ကိစ္စမျိုးတွေ မဖြစ်လာအောင်၊ အဲဒါကို စောင့်ကြည့်ဖို့ လုပ်တာပါ။"လို့ ပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကနေ လက်တွေ့ကွင်းဆင်းလေ့လာပြီး ရရှိလာတဲ့ ရလဒ်အပေါ်မူတည်ပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။