မြောက်ကိုရီးယားကို ခြေချတဲ့ အမေရိကန်သမ္မတ

ဓာတ်ပုံ မူပိုင် SAUL LOEB/Getty images
Image caption အမေရိကန် နဲ့ မြောက်ကိုရီးယားကြား သမိုင်းဝင် လက်ဆွဲနှုတ်ဆက်မှု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ဟာ အစောင့်အကြပ်တင်းကျပ်ပြီး ထိန်းချုပ်မှုများတဲ့ တောင်မြောက် နှစ်နိုင်ငံ နယ်စပ်က စစ်မဲ့ဇုန်မှာ ဒီကနေ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံနှုတ်ဆက်မှု အပြီးမှာတော့ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယားမြေထဲ ခြေချခဲ့တဲ့ အမေရိကန်သမ္မတ ဖြစ်လာခဲ့ပါတယ်။

ဝေဖန်သူတွေကတော့ ဒီတွေ့ဆုံမှုဟာ နိုင်ငံရေး ကစားကွက်တစ်ခု အဖြစ်လို့သာ ထောက်ပြကြပေမဲ့ အနာဂါတ်တွေ့ဆုံ ဆွေးနွေးမှုရဲ့ လမ်းစဖြစ်နိုင်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

ခေါင်းဆောင် နှစ်ဦးရဲ့ နောက်ဆုံး တွေ့ဆုံခဲ့စဉ်ကတော့ နူးကလီးယား ဖျက်သိမ်းရေးအတွက် ဘာတိုးတက်မှုမှ မရှိပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ဘာတွေထူခြားမှု ရှိပါသလဲ

အခုတွေ့ဆုံမှုက ဓါတ်ပုံရိုက်ခံပြရုံ သက်သက် တစ်ခုသာဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။

ဒါပေမယ့်လည်း ခေါင်းဆောင်နှစ်ဦးရဲ့ နူးကလီးယား ဖျက်သိမ်းမှုအတွက် တစိုက်မတ်မတ် ကြိုးပမ်းမှုလည်း ဖြစ်နိုင်ပါတယ်။

သူတို့နှစ်ဦးရဲ့စင်္ကာပူမှာ မနှစ်က တွေ့ဆုံမှုကတော့ မြောက်ကိုးရီးယားရဲ့ နူးကလီးယား ဖျက်သိမ်းရေး ဆွေးနွေးမှု အထွတ်အထိပ်ထိရှိခဲ့ပါတယ်။

ယခုလို သမိုင်းဝင် တတိယအကြိမ်မြောက် တွေ့ဆုံမှုနဲ့အတူ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းတစ်ရပ် ရှိခဲ့ကြောင်း နှစ်ဦးစလုံးက ချီးကျူးပြောဆိုသွားခဲ့ကြပါတယ်

အမေရိကန်ကို လာရောက်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ဖိတ်ခေါ်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၃၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဟနိုင်းတွေ့ဆုံမှုကနေ နူးကလီးယားစမ်းသပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအတွက် လည်း သိသာတိုးတက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

တွေ့ဆုံမှု နှစ်ခုစလုံးကနေ Sanction ရုပ်သိမ်းပေးမယ့် အချိန်ဇယားအပေါ် သဘောတူညီမှု မရခဲ့တဲ့အတွက် အဖြေမထွက်ခဲ့တာကြောင့် ဆက်လက်ဆွေးနွေးမှု ရပ်တန့်ခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးကတော့ စကားလက်ဆောင် ဖလှယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Handout
Image caption စစ်မဲ့ဇုန်ထဲက မြောက်ကိုရီးယားနဲ့ အမေရိကန် သမ္မတနှစ်ဦး

စစ်မဲ့ဇုန်ဆိုတာဘာလဲ

၁၉၅၃ ကိုးရီးယားစစ်ပွဲပြီးကတည်းက နှစ်နိုင်ငံ နယ်စပ်ကြားမှာ ၄ ကီလိုမီတာ (၂.၅ မိုင်) ကျယ်ပြီး ၂၅၀ ကီလိုမီတာရှည်တဲ့ စစ်မဲ့ဇုန်နဲ့ ပိုင်းခြားထားပါတယ်။

ဒီဒေသဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစစ်မဲ့ဇုန် တစ်ခုဖြစ်ပြီး စစ်ရေးအရသော်လည်းကောင်း ပုဂ္ဂိုလ်ရေးအရသော်လည်း အသုံးပြုခွင့်ကို တားမြစ်ထားတဲ့ နေရာဖြစ်ပါတယ်။

အဲဒီနှစ်နိုင်ငံစစ်မဲ့ဇုန်ဟာ ပန်မွန်ဂျုံ ရွာမှာ တည်ရှိပြီး နှစ်နိုင်ငံကြား ညှိနှိုင်းမှုတွေကို အဲဒီနေရာမှာ ကျင်းပလေ့ရှိကြပါတယ်။

တောင်နဲ့ မြောက် နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်တဲ့အချိန်မှာတော့ အဲဒီနေရာကို ကမ္ဘာလှည့်ခရီးသည်တွေကို သွားလာ လည်ပတ်ခွင့်ပြုခဲ့ပါတယ်။

ဒီစစ်မဲ့ဇုန်ကို အမေရိကန်သမ္မတဟောင်း ဘီကလ်တန်ကတော့ ကမ္ဘာပေါ်မှာ လုံခြုံမှု မရှိဆုံးနေရာတစ်ခုလို့ ပြောခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ