ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်တွေနဲ့ သွားတွေ့မယ့်အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် DIBYANGSHU SARKAR/AFP/Getty Images
Image caption ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာမိန်းကလေးငယ် ၂ ဦး

(၁) ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုက္ခသည်တွေနဲ့ သွားတွေ့မယ်

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေးအခြေအနေတွေရှင်းပြဖို့ မြန်မာအထူးကိုယ်စားလှယ်အဖွဲ့ဟာ ဇူလိုင်လကုန်မှာ ဒုက္ခသည်စခန်းဆီကို သွားရောက်ရှင်းပြဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဇွန်လ ၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောလိုက်ပါတယ်။

ကော့ဇက်ဘဇားမှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဆီကို အထူးကိုယ်စားလှယ်အဖွဲ့သွားရောက်တွေ့မှာဖြစ်ပြီး သူတို့အတွေအတွက် ပြန်လည်နေရာချထားရေးနဲ့ ပြန်လက်ခံရေးအစီအစဉ်တွေအကြောင်း ရှင်းပြမယ်လို့ ဦးဟောက်ဒိုဆွမ်းက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လက်ရှိမှာ ဒုက္ခသည် ၃ သောင်းလောက်ဟာ နိုင်ငံကို ပြန်လာဖို့ လျှောက်လွှာတွေတင်ထားပြီး အဲ့ဒီထဲက ဒုက္ခသည် ၁၃၂၀၀ ဟာ ရခိုင်ပြည်ကို မချိန်မရွေးပြန်လာဖို့ ခွင့်ပြုထားပြီး ဖြစ်တယ်လို့လည်း ဦးဟောက်ဒိုဆွမ်းကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်္စတင်း ရှရနာဘူဂနာ ကတော့ ဒုက္ခသည်တွေဟာ စိတ်ချလုံခြုံမှုရှိရှိနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လာနိုင်ရေး လုပ်ဆောင်ပေးဖို့ လိုပါတယ် ဆိုပြီး ကုလသမဂ္ဂအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

(၂) ရခိုင်တိုက်ပွဲမှာ လမ်းပြအဖြစ် ခေါ်ဆောင်ခံသူရဲ့ အလောင်းကို ရွာသားတွေတွေ့ရှိ

ဓာတ်ပုံ မူပိုင် RICHARD SARGENT/AFP/Getty Images
Image caption ရခိုင်ပြည်မြောက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လိုင်ဂွင်ရွာနဲ့ ကျောက်တန်းရွာမှာ ဝါးတံတားအနီးမှာ လူသေအလောင်းမြုပ်နှံထားတဲ့ ကျင်း ၃ ကျင်းကို တွေ့ခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

တွေ့ခဲ့ရတဲ့ အလောင်းတွေထဲက ဦးဖိုးသန်းဟာ အသက် ၆၁ နှစ်အရွယ်ရှိပြီး တပ်မတော်စစ်ကြောင်းကနေ လိုင်ဂွင်ရွာကနေ ကျောက်တန်းရွာကို လမ်းပြအဖြစ် ခေါ်ယူခံခဲ့ရစဉ် တိုက်ပွဲတွေကြား ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အလောင်းတွေကို တွေ့ခဲ့တဲ့ ရွာသားတစ်ဦးက ဦးဖိုးသန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတချို့ကိုလည်း တွေ့ခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာ ဦးဖိုးသန်းရဲ့ ဇနီးဖြစ်သူဟာ ကျန်းမာရေးမကောင်းလို့ မိသားစုတွေကလည်း အထူးစိတ်မကောင်းဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဇွန်လ ၁ ရက်နေ့ညက ဖုန်းနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။

(၃) ဟောင်ကောင်ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင်မှာ အငြင်းပွားဖွယ် ဥပဒေကြမ်းကို လူထုဆန္ဒပြပွဲတကျော့ပြန် အရှိန်မြင့်တက်

တရုတ်ပြည်မကြီးကို အာဏာလွှဲပြောင်းခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် ဟောင်ကောင်က ဆန္ဒပြကြသူတွေဟာ ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းက ဥပဒေပြုကောင်စီအဆောက်အအုံ မှန်တွေကို ရိုက်ခွဲပြီး ဝင်ရောက်ဆန္ဒပြခဲ့ကြလို့ လုံခြုံရေးရဲတွေက မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုကို ခွဲခဲ့ကြတာဖြစ်ပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကတော့ အကြမ်းဖက်ဖျက်ဆီးမှုတွေ အလွန်အကျွံလုပ်ခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ရှုံချပါတယ်လို့ ပြောခဲ့ပါတယ်။

ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်တုန်းက ဗြိတိန်ကနေ တရုတ်ပြည်မကြီးကို လွှဲပြောင်းခဲ့တဲ့တာဖြစ်ပြီး ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဆန္ဒပြသူတွေဟာ ဥပဒေပြုရေးကောင်စီအဆောက်အအုံရုံးထဲ ဝင်ရောက်ပြီး ရုပ်ပုံတွေ ဖျက်ဆီး၊ နံရံတွေကို ဆေးတွေမှုတ်ခဲ့ကြတဲ့ လုပ်ရပ်တွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။

ညသန်းခေါင် အချိန်လောက်ကျမှ ရာနဲ့ချီတဲ့ရဲတွေဟာ ဆန္ဒပြသူတွေကို ဖယ်ရှားနိုင်ခဲ့ပြီး ဥပဒေပြုကောင်စီရုံး လုံခြုံရေးကို ပြန်ယူနိုင်ခဲ့ပါတယ်။

ဆန္ဒပြကြသူတွေဟာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေးခွင့်ပြုမယ့် အငြင်းပွားဖွယ်ဥပဒေကိုလည်း ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့လို့ ဟောင်ကောင်အစိုးရက ဥပေဒကြမ်းအတည်ပြုဖို့ကို ဆိုင်းငံ့ပေးခဲ့ရပါတယ်။

အခုဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့ ဟောင်ကောင်စံတော်ချိန် ညနေ ၄ နာရီမှာ သတင်းစာရှင်းပွဲ လုပ်ဖို့ ရှိနေပါတယ်။

(၄) သမ္မတထရမ့်ရဲ့ ခရီးစဉ်ကို မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာက ကြိုဆို

ဓာတ်ပုံ မူပိုင် Handout
Image caption စစ်မဲ့ဇုန်ထဲက မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင် ၂ ဦး

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မြောက်ကိုရီးယားအထိ လာခဲ့တဲ့ သမိုင်းဝင်ခရီးစဉ်ကို မြောက်ကိုရီးယားအစိုးရပိုင် KCNA ရုပ်သံသတင်းဌာနက အကျယ်တဝင့် ထုတ်လွှင့်ခဲ့သလို မကြုံစဖူး ခရီးစဉ်ပါဆိုပြီး ပြောခဲ့ပါတယ်။

သမ္မတထရမ့်ဟာ ဇွန်လ ၃၀ ရက်နေ့က ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကိုဖြတ်ပြီး Panmunjom နယ်စပ်မြို့လေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်နဲ့ ကင်ဂျုံအွန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဒုတိယအကြိမ် ဗီယက်နမ်မှာ တွေ့ဆုံပွဲမှာ သဘောတူညီမှု တစုံတရာမရဘဲ ပြီးဆုံးခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယားနျူးကလီးယားလျှော့ချရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေဟာလည်း ရပ်ဆိုင်းနေခဲ့တာပါ။

အခုတွေ့ဆုံမှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်၊ ပုပ်ရဟန်း ဖရန့်ဆန့်တို့က ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန်သမ္မတထရမ့်ကတော့ တွေ့ဆုံမှုအတွက် ဝမ်းသာကြောင်းပြောခဲ့သလို နောက်တခါတွေ့ဆုံဖို့အတွက် ခေါင်းဆောင်ကင်မ်ကို အမေရိကန်ပြည်ထောင်စုကို လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။