ရန်ကုန် မီတာခ ဆန္ဒပြပွဲတချို့ အမျိုးသားရေး လှုပ်ရှားသူတွေ ဦးဆောင်

ဇူလိုင် ၁ ရက် ဆန္ဒပြပွဲ တွေမှာ ကြံ့ခိုင်ရေးပါတီဝင် တချို့လည်း ပါဝင်ကြပါတယ်။
ဓာတ်ပုံ ပုံစာ,

ဇူလိုင် ၁ ရက် ဆန္ဒပြပွဲ တွေမှာ ကြံ့ခိုင်ရေးပါတီဝင် တချို့လည်း ပါဝင်ကြပါတယ်။

ရန်ကုန်မှာ ဇူလိုင်လ ၂ရက်က ပြုလုပ်ခဲ့ကြတဲ့ မီတာခ တိုးမြှင့် ကောက်ခံမှု ကန့်ကွက်ဆန္ဒပြပွဲတွေကို မြို့နယ် ၁၀ ခုမှာ ပြုလုပ်ခဲ့ပြီး အဲဒီထဲက တချို့ကို အမျိုးသားရေး လှုပ်ရှားသူတွေ ဦးဆောင်ခဲ့တယ်လို့ မင်္ဂလာဒုံမြို့နယ်မှာ ဦးဆောင်ဆန္ဒပြခဲ့သူ ဦးအောင်ကျော်ဦးက ဘီဘီစီကို ပြောပါတယ်။

သူကိုယ်တိုင် ရဲစခန်းမှာ ခွင့်ပြုချက် လျှောက်ထားခဲ့ပြီး ဒီနေ့ မင်္ဂလာဒုံမြို့နယ် ဆန္ဒပြပွဲ မှာ လူ ၁၅၀ လောက်ပါဝင်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လုပ်တဲ့ မီတာခ တိုးမြှင့်ကောက်ခံမှု ကန့်ကွက်ဆန္ဒပြပွဲမှာ အမျိုးသားရေးလူပ်ရှားသူလို့ ဆိုကြတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်ဝိုင်းကြည်လည်းပါဝင်တယ်လို့ ဦးအောင်ကျော်ဦးက ပြောပါတယ်။

"ဟုတ်ပါတယ်။ ကျွန်တော် မဘသကပါ။ ကြံ့ခိုင်ရေးပါတီဝင်တွေ တချို့လည်း ဒီနေ့ရန်ကုန်က ဆန္ဒပြပွဲ တွေမှာ ပါဝင်ကြပါတယ်" လို့ ဦးအောင်ကျော်ဦးက ဘီဘီစီကို ပြောပါတယ်။

လျှပ်စစ်မီတာခနှုန်းထားတွေ တိုးမြှင့်ကောက်ခံ တဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကို ဇူလိုင်၂ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းက မြို့နယ် ၁၀ ခုမှာလုပ်ခဲ့ရာမှာ တောင်ပိုင်းခရိုင်က မြို့နယ် ရှစ်မြို့နယ်မှာ တပြိုင်နက်တည်း ပြုလုပ်ခဲ့ ကြပါတယ်။

ခရမ်း၊သုံးခွ၊ ကျောက်တန်း၊သန်လျင်၊ဒလ၊ကော့မှူး၊ကွမ်းခြံကုန်းနဲ့ တွံတေး မြို့နယ်တို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံမြို့နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ ပုံစာ,

ပြည်သူတွေ သဘောထားမယူဘဲ လျှပ်စစ်မီတာခနှုန်းထားတွေ မတက်ဖို့ ဖြစ်ပါတယ်

သူတို့ အဓိကတောင်းဆိုကြတာက ပြည်သူတွေ သဘောထားမယူဘဲ လျှပ်စစ်မီတာခနှုန်းထားတွေ မတက်ဖို့ ဖြစ်ပါတယ် ။

"ကျွန်တော်တို့ ပြောတာ မတက်နဲ့ မဟုတ်ဘူး၊ တက်ပါ ၂၀၂၀ နောက်ပိုင်းမှတက်ပါလို့ ပြောချင်တာပါ "လို့ ဦးအောင်ကျော်ဦးက ဘီဘီစီကို ပြောပါတယ်။

ဇူလိုင်လ ၁ရက် ကလည်း ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် မှာ မီတာခ တိုးမြှင့် ကောက်ခံမှု အပေါ် ကြံခိုင်ရေးပါတီဝင် တချို့က ဦးဆောင်ပြီး ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခ နှုန်းထားတွေ ပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဇွန်လ ၂၅ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အခု ပြင်ဆင် သတ်မှတ်လိုက်တဲ့ နှုန်းထားတွေအရ အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အားခကို အနိမ့်ဆုံး ၁ ယူနစ်ကနေ ၃၀ ယူနစ်အတွက် ၃၅ ကျပ် ကစလို့ ယူနစ် ၂၀၀ ကျော်နဲ့ အထက်ကို ၁၂၅ ကျပ်နှုန်းအထိ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

လေအေးပေးစက်၊ ရေစုပ်စက်တွေ သုံးလေ့ ရှိတဲ့ လူလတ်တန်းစားတွေအတွက် လျှပ်စစ်ဓာတ်အားခက နှစ်ဆခွဲလောက် တက်သွားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အခု သတ်မှတ်လိုက်တဲ့ နှုန်းထားအရ ဆိုရင် အရင်က တစ်လကို မီတာခ ကျပ် ၇ သောင်း ဆောင်နေရာကနေ လာမယ့်လကျရင် တစ်လကို နှစ်သိန်းနီးပါး မီတာခ ဆောင်ရဖို့ ရှိနေတယ်လို့ အိမ်ခန်းလေးခန်းမှာ လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ ရန်ကုန်က အိမ်ရှင်မ တစ်ဦးက တွက်ပြပါတယ်။