မြစ်ကြီးနားမှာ ရေဘေး ခံစားနေရသူတွေက မြစ်ရေ ဆက်တက်မှာကို စိုးရိမ်

မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက် မြစ်ရေတက်
Image caption မြစ်ကြီးနားမြို့မှာ နှစ်ရက်ဆက်တိုက် မြစ်ရေတက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ကတည်းက မြစ်ရေတွေ တက်လာပြီး မြေနိမ့်ပိုင်း နေရာတွေကို ရေဝင်ရောက်နေတာကြောင့် လယ်ကုန်းနယ်မြေ ၁၄ အောက်ချိုင့်ဘက်မှာ မြစ်ရေ တက်နေတာ အခုဆိုရင် နှစ်ရက်ရှိနေပါပြီ ။

ဒါကြောင့် လယ်ကုန်းအောက်ချိုင့်ဘက်က ရေဘေးခံစားနေရသူတွေကတော့ မြစ်ရေ ဆက်တက်မှာကို စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ရေက ည ၁၀ နာရီလောက်ဝင်တယ် ပစ္စည်းတွေက မနိုင်မနင်း အပေါ်ထပ် ထပ်ခိုးပေါ် ဆွဲတင်တယ်။ မနက်ကျတော့ တခြားကို ပြောင်းရတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတော့ ကြုံဖူးပါတယ် ရေကြီးတာ ။ အဲဒီတခေါက်တုန်း ကတော့ တအားဒုက္ခမရောက်ဖူးပေါ့။ ဒီတခေါက်ကတော့ ပိုဒုက္ခရောက်တယ်လို့ လယ်ကုန်းနယ်မြေ ၁၄ အောက်ချိုင့်က ရေဘေး ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်စိန်ဝင်းက ဆိုပါတယ်။

အဓိက အခက်အခဲကတော့ ထမင်းချက်တဲ့နေရာတွေကို ရေဝင်တာကြောင့် ထမင်းချက်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ ရေဘေးကြုံတွေ့သူတွေက ပြောပြပါတယ်။

ဇူလိုင် ၁၀ ရက် မနက်ပိုင်းက စပြီး မြစ်ကြီးနားမြို့ စီတာပူ၊ ရမ်ပူ၊ လယ်ကုန်း၊ မြို့သစ်ကြီး စတဲ့ ရပ်ကွက်တွေရဲ့ မြေနိမ့်ပိုင်း တချို့မှာ မြစ်ရေများစတင် ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ရေဘေးစခန်းကို မသွားဖြစ်သူတွေကတော့ မိမိတို့ အစီအစဉ်နဲ့ ချက်ပြုတ်စားသောက်တာတွေ လုပ်ခဲ့ရပြီး တခြားလူတွေအတွက် ရေဘေးခိုလှုံဖို့ နေရာသုံးနေရာစီစဉ်ထားတယ်လို့ မြစ်ကြီးနားမြို့ခံ တွေဆီက သိရပါတယ်။

မနေ့ကအထိ ရေဘေးသင့် အိမ်ထောင်စု စာရင်းမှာ မြို့သစ်ကြီး ရပ်ကွက်မှာ အိမ်ထောင်စု ၆၁ စု လူဦးရေ ၁၇၃ ဦး ရေဘေးသင့်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ