စင်္ကာပူက ပြည်နှင်ဒဏ် ပေးခံရပြီး ပြန်ရောက်လာသူတွေကို ရဲဖမ်းဆီး

အဖမ်းခံရသူတွေကို သတင်းရဲတပ်ဖွဲ့က လွှဲပြောင်းယူထားတယ်လို့ဆို ဓာတ်ပုံ မူပိုင် Getty Images
Image caption အဖမ်းခံရသူတွေကို သတင်းရဲတပ်ဖွဲ့က လွှဲပြောင်းယူထားတယ်လို့ဆို

စင်္ကာပူကနေ ပြည်နှင်ဒဏ် ပေးခံရတဲ့ အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ၊ ရခိုင်စင်္ကာပူအသင်းက ဥက္ကဋ္ဌ အပါအဝင် ရခိုင်တိုင်းရင်းသား ၇ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုဝင်တွေထံက သိရပါတယ်။

စင်္ကာပူနိုင်ငံမှ ထိန်းသိမ်းခံခဲ့ရတဲ့ ရခိုင်စင်္ကာပူ အသင်းက ဥက္ကဋ္ဌ ကိုဟိန်းဇော်၊ ရက္ခိုင်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်တိုင်းရင်းသားတချို့ ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်မှာ ပြည်နှင်ဒဏ်ပေးခံပြီးနောက် မြန်မာနိုင်ငံ ပြန်လာချိန်မှာ အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့သူတွေ အဖမ်းခံရပြီး သူတို့ကို သတင်းရဲတပ်ဖွဲ့က လွှဲပြောင်းယူထားတယ်လို့ ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်ပြောပါတယ်။

ရခိုင်(စင်္ကာပူ)အသင်းဥက္ကဋ္ဌ ကိုဟိန်းဇော်ကို ဇူလိုင်လ ၁၁ ရက် နေ့လယ် ၂ နာရီ ခွဲမှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ် ထိန်းသိမ်းခံလိုက်ရကြောင်း၊ စင်္ကာပူနိုင်ငံ လေကြောင်းလိုင်းနဲ့ ပြန်ပို့ခံရတဲ့ ကိုအောင်မြတ်ကျော်နဲ့ ကိုထွန်းအေးတို့ ည ၁၁ နာရီ ဝန်းကျင်မှာ ထိန်းသိမ်းခံခဲ့ရကြောင်း၊ အလားတူ ဇူလိုင်လ ၁၁ ရက်နေ့မှာပဲ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုရဲကျော်ထက်ကို စမ်းချောင်းမြို့နယ် မအူပင်လမ်းနေအိမ်မှာ အဖမ်းခံခဲ့ရကြောင်း၊ ညနေ ၆ နာရီ ၄၅ မှာတော့ ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကိုတင်လှိုင်ဦးနဲ့ မမေကြီးခေါ် မအေးမြတ်မွန်တို့ ထိန်းသိမ်းခံခဲ့ရကြောင်း ဖမ်းဆီးခံရသူတချို့ရဲ့ မိသားစုဝင်တွေထံက သိရပါတယ်။

"နေပြည်တော် ဂျန်းရှင်းနားမှာ ဖမ်းတယ်လို့ ပြောသံကြားတယ်။ ကျွန်တော်က တော်တော်လေး စိုးရိမ်နေပါတယ်"လို့ ကိုတင်လှိုင်ဦးရဲ့ ဖခင်က ပြောပါတယ်။

ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက သူတို့အနေနဲ့တိတိကျကျ မသိဘူးလို့ ပြောဆိုပါတယ်။

ကိုတင်လှိုင်ဦးနဲ့ မမေကြီးခေါ် မအေးမြတ်မွန်တို့ နေပြည်တော် ဒက္ခိဏသီရိ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ မိသားစုတွေက ပြောဆိုတဲ့ အတွက် ဆက်သွယ်မေးမြန်းရာမှာလည်း ရဲစခန်းတာဝန်ရှိသူက သူတို့ဆီမှာ မရှိဘူးလို့ ပြောဆိုပါတယ်။

အခုလို အေအေကို ထောက်ခံလို့ဆိုပြီး မြန်မာတွေကို စင်ကာပူအစိုးရ ပြန်ပို့တာနဲ့ ပတ်သက်ပြီး စင်ကာပူ အခြေစိုက် သုတေသန ဌာန Institute of Southeast Asian Studies က Senior Visiting Fellow ဖြစ်သူ မြန်မာ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ဘီဘီစီက မေးမြန်းတာကို သူက အခုလို ဖြေကြားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption လုံခြုံရေးကို ထိပါးစေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို နေထိုင်ခွင့်ရုပ်သိမ်းပြီး စင်ကာပူနိုင်ငံကနေ ပြန်ပို့မယ်လို့ကြေညာထား

"စင်္ကာပူအစိုးရက မြန်မာနိုင်ငံဖြစ်လို့ အေအေက ဖြစ်လို့ဆိုပြီး သီးခြားရွေးချယ်ပြီးတော့ လုပ်တာတော့မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ လောက်ကတည်းက စပြီး ဘယ်နိုင်ငံက ဖြစ်ဖြစ် သူတို့နိုင်ငံမှာ လာပြီး ဆူပူလှုံ့ဆော်ရာ ရောက်တဲ့အမှုတွေ၊ ဘာသာရေးအရ ဖြစ်ဖြစ်၊ လူမျိုးရေးအရ ဖြစ်ဖြစ်၊ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဖြစ်ဖြစ် လှုံ့ဆော်ရာ အရာရောက်တဲ့ ကိစ္စတွေ မှန်သမျှကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ်ဆိုပြီးတော့ မူဝါဒ ချမှတ်ထားတာ ရှိပါတယ်။ အဲဒါကြောင့် ဒီရခိုင်တိုင်းရင်းသားတွေ ဖြစ်သွားတဲ့ကိစ္စကလည်း သူတို့ ကျင်းပခဲ့တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားနဲ့ ဆက်စပ်ပြီး ဖြစ်သွားတယ်လို့ ထင်ပါတယ်"

ဆက်လက်ပြီး အခုပြန်ပို့တာဟာ မြန်မာဘက်က အကြောင်းကြားတာကြောင့် ဖြစ်နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီးလည်း ဦးရဲထွဋ်က "အကြောင်းကြားတယ်လို့ မကြားပါဘူး။ အကြောင်းကြားခဲ့တယ်လို့လည်း မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းကြားပြီးတော့မှ ဖမ်းတာ၊ဆီးတာ၊ပြန်ပို့တာမျိုးဆိုရင် ပထမအသုတ် ပြန်ရောက်လာတဲ့ နှစ်ယောက်ကို လေဆိပ်မှာကတည်းက မြန်မာအာဏာပိုင်တွေက ဆီးပြီးတော့မှ ဖမ်းဆီးထိန်းသိမ်းတာမျိုးလုပ်မှာပေါ့။ အခု အဲဒါမျိုးလုပ်တာ မတွေ့တဲ့အတွက်ကြောင့်မို့လို့ နှစ်ဘက်ညှိပြီး လုပ်တဲ့ဟာမျိုး ဖြစ်ဖို့တော့ အခွင့်အလမ်းနည်းပါတယ်ခင်ဗျ" လို့ ပြောပါတယ်။

အခု ဖမ်းဆီးခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး မြန်မာတချို့ဟာ စင်ကာပူနိုင်ငံမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေကို အားပေးကူညီလို့ အရေးယူမှုတွေလုပ်နေတယ်ဆိုပြီး စင်ကာပူ ပြည်ထဲရေး ဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်က သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီလို အားပေးကူညီမှုဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးကို ထိပါးစေမယ့် အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို နေထိုင်ခွင့်ရုပ်သိမ်းပြီး စင်ကာပူနိုင်ငံကနေ ပြန်ပို့မယ်လို့လည်း ကြေညာလိုက်ပါတယ်။

ဆက်စပ် အကြောင်းအရာများ