ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေကို စုံခုံဖွဲ့ စစ်ဆေးမယ်လို့ တပ်မတော်ထုတ်ပြန်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption ရခိုင်တိုက်ပွဲတွေမှာ ရောက်ရှိလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ

(၁) ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေကို စုံခုံဖွဲ့ စစ်ဆေးမယ်လို့ တပ်မတော်ထုတ်ပြန်

ရခိုင်ပြည်နယ် ပဋိပက္ခတွေမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရင်း ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့ရမှုအချို့ကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးဆောင်ရွက်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က နေရာ ၅ ခုဖြစ်တဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ၊ မြောက်ဦးမြို့နယ် လက္ကာကျေးရွာ၊ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာနဲ့ မြောက်ဦးမြို့နယ် ဝေသာလီဆုတောင်းပြည့်ဘုရားအနီးတွေမှာ ရက္ခိုင့်တပ်မတော် (AA)နဲ့ ပတ်သက်တယ်လို့ယူဆပြီး တပ်မတော်က ဖမ်းဆီးခဲ့သူတွေထဲမှာ စစ်ဆေးရင်း သေဆုံးခဲ့ရသူတွေနဲ့ ပတ်သက်လို့ တပ်မတော် နည်းဥပဒေ ၁၇၆ အရ စုံခုံဖွဲ့ စစ်ဆေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်နဲ့ AA အကြား တိုက်ပွဲဖြစ်ရာဒေသတွေမှာ ကျေးရွာသားတချို့ ဖမ်းဆီးခံနေရတာဖြစ်ပြီး စစ်ဆေးစဉ်သေဆုံးခဲ့ရသူဦးရေဟာ ၁၄ ယောက်ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေမှာ နစ်နာသူ မိသားစုဝင်တွေဘက်က တိုင်ကြားမှုတွေရှိရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးမယ်လို့ ဘီဘီစီကို ပြောထားပါတယ်။

ဒါ့အပြင် စစ်ဆေးစဉ် ကျေးရွာသားတချို့ သေဆုံးခဲ့တဲ့ ကျောက်တန်းရွာ ဖြစ်စဉ်မှာတော့ လူ့အခွင့်အရေးကော်မရှင်က ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး အဲ့ဒီမှာ နှိပ်စက်ညှင်းပန်းမှုတွေ မရှိဘူးဆိုတဲ့ အစီရင်ခံစာကို အစိုးရဆီ တင်ပြထားပါတယ်။

(၂) ရုရှားလုပ် S-400 ဒုံးကျည်ကို တူရကီကို ပို့ဆောင်

ဓာတ်ပုံ မူပိုင် RUSSIAN MINISTRY OF DEFENCE
Image caption S-400 ဒုံးကျည်စနစ် ပထမဆုံးအသုတ်ကို အင်ကာရာမြို့အပြင်ဘက်က လေတပ်စခန်းကို ပို့ဆောင်ခဲ့

ရုရှားဆီက ဝယ်ယူထားတဲ့ S-400 လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်ဟာ တူရကီနိုင်ငံကို စတင်ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့မှာ ရုရှားသယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ၂.၂ ဘီလျံ တန်ဖိုးရှိတဲ့ S-400 ဒုံးကျည်စနစ် ပထမဆုံးအသုတ်ကို အင်ကာရာမြို့အပြင်ဘက်က လေတပ်စခန်းကို ပေးပို့ခဲ့ပါတယ်။

ဒါကို မဝယ်ယူဖို့ အမေရိကန်က သတိပေးနေပြီး တူရကီအနေနဲ့ S-400 ဒုံးကျည်ကို ရယူမယ်ဆိုရင် အမေရိကန်အကူအညီနဲ့ F-35 တိုက်လေယာဉ်တည်ဆောက်ပေးမယ့် အစီစဉ်ကို ဖျက်သိမ်းပစ်မယ်လို့ အမေရိကန်က ပြောထားပါတယ်။

ရုရှားရဲ့ S-400 ဒုံးကျည်စနစ် ဟာ တူရကီမှာရှိတဲ NATO ရဲ့ ကာကွယ်ရေး စနစ်ကို အားပျော့စေနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ အမေရိကန်က ယူဆနေတာလည်း ဖြစ်ပါတယ်။

အမေရိကန်ဆီးနိတ်လွှတ်တော်ရဲ့ လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီထဲပါတဲ့ ဝါရင့် ဒီမိုကရက်အမတ် ဂျက်ရီးက "S-400 နဲ့ F-35 ဘာကို ရွေးမလဲဆိုတာ တူရကီကို ရှင်းရှင်းလင်းလင်း မေးထားပြီးသားပါ၊ NATO စစ်မဟာမိတ်နိုင်ငံတွေအတွက် F-35 တိုက်လေယာဉ်တွေ ကူညီတည်ဆောက်ပေးရေး အစီစဉ်ထဲကနေ တူရကီကို ထုတ်ပစ်ဖို့ လွှတ်တော်က တောင်းဆိုလာဖွယ်ရှိတယ်" ဆိုပြီး ပြောပါတယ်။

လက်ရှိမှာ တူရကီဟာ အမေရိကန်ပါဝင်တဲ့ NATO စစ်ရေးမဟာမိတ်အဖွဲ့ဝင် နိုင်ငံဖြစ်ပေမယ့် ကာကွယ်ရေးဆိုင်ရာမူဝါဒတွေကို သြဇာလွှမ်းမိုးမခံဘဲ လွတ်လွတ်လပ်လပ်ချမှတ်လုပ်ဆောင်နေပြီး ရုရှားနဲ့လည်း ဆက်ဆံရေးတွေ တိုးမြှင့်နေပါတယ်။

(၃) ဖေ့စ်ဘွတ်ကို ဒေါ်လာ သန်း ၅ ထောင် ဒဏ်ရိုက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြန်မာပြည်မှာ ဖေ့စ်ဘွတ် သုံးစွဲသူ လူ သန်း ၂၀ ခန့်ရှိ

ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေအပေါ် ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ ကိုင်တွယ်ပုံဟာ အားနည်းချက်တွေ ရှိနေခဲ့တယ်ဆိုပြီး အမေရိကန်အစိုးရက ဒဏ်ငွေဒေါ်လာ သန်း ၅ ထောင် ချမှတ်လိုက်ပါတယ်။

အမေရိကန်စီးပွားရေးကော်မရှင်ကလည်း အဲ့ဒီဒဏ်ငွေပမာဏအတိုင်း ပေးဆောင်ဖို့ အတည်ပြုခဲ့ပါတယ်။

ဖေ့စ်ဘွတ်ဟာ သန်းနဲ့ချီတဲ့ သုံးစွဲကြသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီး ခုလို ဒဏ်ငွေပေးဆောင်ဖို့ အစိုးရက လုပ်ဆောင်လာတာပါ။

ဒဏ်ကြေးငွေ ဒေါ်လာသန်း ၅ ထောင် ပေးဆောင်ဖို့ စီးပွားရေးကော်မရှင်ထဲ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အတိုက်အခံ ဒီမိုကရက်တွေက ကန့်ကွက်ခဲ့ပြီး အာဏာရ ရီပါဘလစ်ကန်အမတ်တွေက ထောက်ခံခဲ့ကြပါတယ်။

() ၂၀၂၀ အတွက် တိုင်းရင်းသားပါတီတွေ ပေါင်းစည်း

ဓာတ်ပုံ မူပိုင် Banya Gaung Facebook
Image caption ပေါင်းစည်းလိုက်တဲ့ မွန်ညီညွတ်ရေးပါတီ အစည်းအဝေးတစ်ခု

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့အတွက် မှတ်ပုံတင်ခွင့်လျှောက်ထားကြတဲ့ မွန်နဲ့ ချင်း နိုင်ငံရေးပါတီတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီတို့ ပေါင်းစည်းထားတဲ့ မွန်ညီညွတ်ရေးပါတီကို ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့မှာ မှတ်ပုံတင်ခွင့်ပြုလိုက်ပါတယ်။

ဒါ့ကြောင့် မွန်ညီညွတ်ရေး ပါတီဟာ မှတ်ပုံတင်ခွင့်ပြုချက်ရက်ကစလို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အားစာရင်းကို ကော်မရှင်ကို တင်ပြရမှာဖြစ်တဲ့အတွက် အခုချိန်မှာတော့ ပါတီရုံးခွဲတွေဖွင့်ဖို့နဲ့ ပါတီအင်အားစုဆောင်းတာတွေ စလုပ်တော့မှာဖြစ်တယ်လို့ ပါတီရဲ့တွဲဖက်အတွင်းအရေးမှူး နိုင်လယ်တမက ပြောပါတယ်။

ဒါ့အပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း လာမယ့် ၂၀၂၀ မှာ တိုင်းရင်းသားဒေသတွေမှာ ပါတီကြီးတွေကို ယှဉ်ပြိုင်နိုင်ဖို့ အခုကတည်းက ပြင်ဆင်နေပြီဖြစ်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲဘိထောင်းက ပြောပါတယ်။