ဘူးသီးတောင်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲ ပြင်းထန်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် NARINJARA
Image caption နွားရုံတောင်ကျေးရွာက လုံခြုံရေးကင်းစခန်း

(၁) ဘူးသီးတောင်မှာ တပ်မတော်နဲ့ AA အကြား တိုက်ပွဲ ပြင်းထန်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ အရှေ့ဘက်တောင်တန်းတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) အကြား ဇူလိုင် ၁၃ ရက်နေ့က တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး တပ်မတော်စစ်ကြောင်း တစ်ခုက နွားရုံတောင်ရွာထဲဝင်ပြီး နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။

"တိုက်ပွဲတွေ ပြင်းထန်နေလို့ နွားရုံတောင်က ရွာကို စွန့်ခွာပြီး ပိုမိုလုံခြုံမှုရှိနိုင်တဲ့ စေတီတောင်ကျေးရွာက ထွက်ပြေးလာရတယ်၊ လမ်းမှာ မီးရှို့ရာကနေ ထွက်လာတဲ့ မီးခိုးလုံးတွေကို ရွာကထွက်ပြေးလာတုန်း မြင်တွေခဲ့ရတယ်လို့" တိုက်ပွဲဖြစ်ပြီးတဲ့နောက် ရွာထဲက ထွက်ပြေးလာခဲ့တဲ့ နွားရုံတောင်ရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကလည်း ရွာသားတွေရဲ့ ပြောစကားကို ကိုးကားပြီး ရွာကို တပ်ကနေ မီးရှို့တာ လို့ ပြောပါတယ်။ တိုက်ပွဲထဲက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲလို့ ရွာမီးလောင်တာတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဇူလိုင် ၁၃ ရက်နေ့က ဆက်သွယ်မေးမြန်းရာမှာတော့ အစည်းအဝေးထဲ ရောက်နေလို့ အကြောင်းပြန်တဲ့အတွက် တပ်မတော်သဘောထားကို တင်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ နွားရုံတောင်၊ စံဂိုးတောင်၊ သုံးတယ်တစ်ဘုံ၊ သျှရှားတောင် အပါအဝင် အနည်းဆုံး ကျေးရွာ ၇ ခုက ရွာသား ၃ ထောင်ခန့်ဟာ နီးစပ်ရာရွာတွေကို ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

(၂) အပူပိုင်းမုန်တိုင်း ဘယ်ရီ လူဝီစီယားနားကို ဝင်ရောက်

ဓာတ်ပုံ မူပိုင် EPA
Image caption ကမ်းရိုးတန်းဒေတွေမှာ နေထိုင်နေကြသူတွေကို နေအိမ်တွေကနေ မဖြစ်မနေ ရွှေ့ပြောင်းဖို့ ညွန်ကြားထား

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက လူဝီစီယားနားပြည်နယ်မှာ အင်အားပြင်း အပူပိုင်းမုန်တိုင်းတစ်ခု ဝင်လာတဲ့အတွက် မိုးအကြီးအကျယ်ရွာချပြီး လေပြင်းတွေ တိုက်ခတ်နေပါတယ်။

ဘယ်ရီ မုန်တိုင်းဟာ ကမ်းခြေကို ဝင်လာပြီးတဲ့နောက် ကမ်းရိုးတန်းဒေသဆီကို ရွေ့လျားနေတာနဲ့အမျှ ပိုပြီးအားကောင်းလာခဲ့တာလို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။

မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ပြီး မိုးအကြီးအကျယ်ရွာနိုင်သလို ရေကြီးရေလျှံမှုဘေးနဲ့ ကြုံရနိုင်တယ်လို့လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သောင်းနဲ့ချီတဲ့ အိမ်တွေ၊ ရုံးတွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်နေပြီး၊ နယူးအော်လင်းစ် မြို့လေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။

ရာသီဥတုပညာရှင် ဒေါက်တာ ဘယ်ရီကိန်းက "မုန်တိုင်းက အရှိန်နှေးသွားတဲ့အတွက် အပျက်အစီးက ပိုဆိုးနိုင်တယ်၊ တနာရီကို ၆ မိုင်နှုန်းပဲ ရွေ့တဲ့အတွက် ပျမ်းမျှမုန်တိုင်းတွေထက် အချိန် နှစ်ဆ ပိုကြာနိုင်တယ်" လို့ ပြောပါတယ်။

ကမ်းရိုးတန်းဒေတွေမှာ နေထိုင်နေကြသူတွေကိုတော့ နေအိမ်တွေကနေ မဖြစ်မနေ ရွှေ့ပြောင်းဖို့ ညွန်ကြားထားပါတယ်။

၂၀၀၅ ခုနှစ်တုန်းက အဲ့ဒီဒေသမှာ ကတ်ထရီးနားမုန်တိုင်း တိုက်ခဲ့တဲ့အတွက် လူပေါင်း ၁ သောင်း ၈ ထောက် လောက် သေဆုံးခဲ့ရပါသေးတယ်။

(၃) ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးသင့်တယ်လို့ ဗြိတိန်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အီရန်ရေနံတင်သင်္ဘော

ပြီးခဲ့တဲ့ သီတင်းပတ်က ဗြိတိန်ပိုင် Gibraltar ကမ်းလွန်မှာ ထိန်းသိမ်းထားတဲ့ အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်ဘက်က အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်နဲ့ ဖုန်းဆက်ဆွေးနွေးပြီးတဲ့နောက် အီရန်က ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီသင်္ဘောနဲ့ ရေနံကို မြေထဲပင်လယ် အရှေ့ပိုင်းကို တင်ပို့ဖို့ လုပ်ခဲ့တာလို့လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဇာရိဖ်က ပြောပါတယ်။

ဒီသင်္ဘောအမှုကို Gibraltar တရားရုံးမှာ စစ်ဆေးခဲ့ပြီးတဲ့နောက် ဗြိတိန်က ပြန်လွှတ်ဖို့ စီစဉ်ပေးနိုင်တယ်ဆိုပြီး အီရန်ကို ပြောခဲ့တယ်လို့လည်း ဂျရမီဟန့်က ပြောပါတယ်။

ဒါပေမဲ့ ဒီသင်္ဘောဟာ ဆီးရီးယားကို ခုတ်မောင်းခဲ့တာ မဟုတ်ဘူးဆိုရင်တော့ လို့ မစ္စတာဟန့်က ထပ်လောင်းပြောပါတယ်။

ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ ဆိုပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဇာရိဖ်ကတော့ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လုပ်ဆောင်သွားမယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီဟန့်ကို ပြောထားပါတယ်။

(၄) အာကာသအဝေးကြည့်မှန်ပြောင်း ရုရှားလွှတ်တင်

ဓာတ်ပုံ မူပိုင် RUSSIANSPACEWEB.COM
Image caption အာကာသ အဝေးကြည့်မှန်ပြောင်း Spektr-RG

နောက်ဆုံးပေါ် အာကာသ အဝေးကြည့်မှန်ပြောင်း Spektr-RG ရုရှားအာကာသသိပ္ပံပညာရှင်တွေက ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဆိုဗီယက်ကာလပြီးတဲ့နောက် ရုရှားရဲ့ အအောင်မြင်ဆုံးသော အာကာသပညာတိုးတက်မှုသစ်တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာမြေကနေ ကီလိုမီတာ ၁.၅ သန်းနီးပါးအကွာအထိ Spektr-RG အာကာသ အဝေးကြည့်မှန်ပြောင်းကို ပို့ဆောင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ရုရှားသိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီအဝေးကြည့်မှန်ပြောင်းဟာ အာကာသထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေအပါအဝင် နေစကြာဝဠာ ဖြစ်တည်နေပုံနဲ့ အာကာသထဲက တွင်းနက်ကြီးတွေအကြောင်းကို လေ့လာစူးစမ်းနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။