ဒေါက်တာဇော်မြင့်မောင် - NLD ပါတီတွင်း သုံးပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိတယ်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ အချင်းချင်းပွတ်တိုက်မှုတွေ ရှိလာကြတာဖြစ်တယ်လို့ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ သုံးပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိတယ်လို့ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ (၂ )ဒေါက်တာဇော်မြင့်မောင်က ဇူလိုင်လ ၂၁ ရက်က နေပြည်တော်နယ်မြေမှာ ပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာ အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရလို့အစိုးရအဖွဲ့မှာ တာဝန်ယူနေတာ ၃ နှစ်ကျော်လာပြီး အဲဒီလို ၃ နှစ်တာ ကာလအတွင်းပါတီတွင်းမှာ သုံးပိုင်းကွဲပြီး ပွတ်တိုက်မှုတွေရှိလာနေတယ်လို့ သူက ဆိုတာ ဖြစ်ပါတယ်။

"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မှာ ပုံအောပြီး မဲပေးခဲ့ကြတယ်။ တနည်းပြောရရင် အစိုးရဖွဲ့ခွင့်ရခဲ့တယ်။ ဒါသည်လည်း ပြည်သူ့ကြောင့် ဖြစ်တာ။ ကျွန်တော် ပြောချင်တာ အဲဒါမှာ သုံးပိုင်း စကွဲသွားတယ်" လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ

"အရင်တုန်းက တစ်ခုတည်းသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဖြစ်ပေမယ့် ၂ဝ၁၅ ပြီးတဲ့ နောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အများကြီး ဖြစ်လာတယ်။ တိုင်းနဲ့ ပြည်နယ်မှာ လွှတ်တော် ကိုယ်စားလှယ် တွေလည်း အများကြီးပဲ။ ပြည်ထောင်စု အဆင့်မှာလည်း လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီးပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရိုးရိုးပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့။ အဲဒီထဲက ပါတီက တာဝန်ပေးလို့ အစိုးရအဖွဲ့ဝင် ဖြစ်လာတဲ့ အဖွဲ့ အများကြီး ရှိတယ်။ ပါတီ တစ်ခုမှာ ဒီမိုကရေစီကို သွားနေတဲ့ ပါတီတစ်ခုမှာ ဒီအပိုင်း သုံးခုက ရှိကိုရှိတယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိမှာပဲ" လို့ သူက ပြောခဲ့ပါတယ်။

အဲဒီနောက် "သုံးပိုင်းလည်း ကွဲရော၊ စပြီးတော့ ပွတ်တိုက်မှုတွေ ရှိလာတယ်" လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောတာ ဖြစ်ပါတယ်။

ပါတီဝင်တွေနဲ့ပါတီဝင်လွှတ်တော်အမတ်တွေကြား ပွတ်တိုက်မှု၊ ပါတီနဲ့ ပါတီကခန့်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေကြား ပွတ်တိုက်မှုတွေရှိသလို တချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပါတီကို ကျောခိုင်း သွားပြီး ပါတီစကားကို နားမထောင်တော့ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ်ထင်ရာကိုယ်လုပ်နေကြတာတွေရှိတယ် စတဲ့ စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ အချင်းချင်းပွတ်တိုက်မှုတွေ ရှိလာကြတာ ဖြစ်တယ်လို့ ဒေါက်တာဇော်မြင့်မောင်ကဆိုပါတယ်။

Image caption အစိုးရဖွဲ့ခွင့်ရပြီးနောက်ပိုင်း အချင်းချင်း ပွတ်တိုက်မှုတွေ ရှိလာတယ်လို့ဆို

အခုလို ပွတ်တိုက်မှုတွေဟာ မရှိသင့်တော့ဘူးလို့လည်း ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူတချို့ကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပြည်နယ်တိုင်းလွှတ်တော် တွေကြား ပွတ်တိုက်မှုတွေဟာ ဒေသတော်တော်များများမှာတွေ့ရတယ်လို့ဆိုပါတယ်။

ဒီလို အခြေအနေအတွေနဲ့ ပတ်သက်လို့ "ပါတီအတွင်းမှာ faction တွေကတော့ ရှိတာပဲ။ ဘယ်ပါတီမဆိုရှိတာပဲ။ သဘောထားတင်းမာတဲ့သူ ရှိတယ်။ သဘောထား အလယ်အလတ် ရှိတယ်။ သဘောထား ပျော့ပြောင်းတဲ့သူရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့ ဖြတ်ခဲ့ပြီးပြီ။ ၁၉၉၀ ခုနှစ်ကတည်းကိုက ကျွန်တော်တို့ ဒီလိုပဲရွေးကောက်ပွဲ နီးလာပြီဆိုလို့ ရှိရင် ညီညီညွတ်ညွတ်နဲ့ စည်းစည်း လုံးလုံး လုပ်ကြခဲ့တာပေါ့" လို့ သူက ဆိုပါတယ်။

ပါတီအနေနဲ့တော့ ပါတီကချမှတ်ထားတဲ့ ပါတီဝင်တွေရဲ့ စည်းမျဉ်းစည်းကမ်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း မလိုက်နာတဲ့သူတွေကို အရေးယူတာတွေ ရှိခဲ့ပါတယ်။

ပါတီအတွင်း အကွဲအပြဲတွေ ပွတ်တိုက်မှုတွေကို လက်ရှိအချိန်မှာ မထိန်းနိုင်ရင်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အတော်လေးရုန်းကန်ရနိုင်တယ်လို့တော့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။