လူ့အခွင့်အရေးချိုးဖောက်မှုကို ဘက်ပေါင်းစုံကစုံစမ်းဖို့ အမေရိကရောက်တိုင်းရင်းသားတွေ တောင်းဆို

တိုင်းရင်းသားအရေးကို ဘက်ပေါင်းစုံကစုံစမ်းဖို့ ဝါရှင်တန်မှာ တောင်းဆို ဓာတ်ပုံ မူပိုင် Saw Andrew Roger Nay
Image caption တိုင်းရင်းသားအရေးကို ဘက်ပေါင်းစုံကစုံစမ်းဖို့ ဝါရှင်တန်မှာ တောင်းဆို

အမေရိကန်အစိုးရအနေနဲ့ လူနည်းစုတိုင်းရင်းသားဒေသက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လေ့လာစုံစမ်းတဲ့အခါမှာ ဘက်ပေါင်းစုံကအသံတွေနားထောင်ဖို့လိုတယ်လို့ အမေရိကရောက် ထောင်နဲ့ချီ တိုင်းရင်းသားတွေက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဇူလိုင် ၂၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်လွှတ်တော်အဆောက်အဦးရှေ့မှာ အမေရိကရောက် ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်စတဲ့တိုင်းရင်းသားတွေ စုဝေးဆန္ဒဖော်ထုတ်ခဲ့ရာမှာ အခုလို တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး အစိုးရတဘက်တည်းကိုပဲ နားမထောင်ပဲ တိုင်းရင်းသားတွေကိုယ်စားပြုတဲ့အဖွဲ့အစည်းဘက်ကိုလည်းနားထောင်ဖို့လိုတယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ရာမှာပါဝင်တဲ့ အမေရိကန်နိုင်ငံသားလူ့အခွင့်အရေးလှုပ်ရှား သူ Kevin LaChapelle က ဘီဘီစီကို ပြောပါတယ်။

"အမေရိကန်အစိုးရအရာရှိတွေအနေနဲ့ မြန်မာအစိုးရရွေးချယ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်လို့ထင်နေကြတယ်။ တကယ်တမ်းကျတော့ သူတို့တွေဟာ တိုင်းရင်းသားတွေကို တကယ်ကိုယ်စားပြုတဲ့ခေါင်းဆောင်တွေမဟုတ်ဘူး။ သူတို့တွေဟာ မြန်မာအစိုးရက စိတ်ကြိုက်ရွေးချယ်ပြီး ခန့်အပ်ထားတဲ့လူတွေဖြစ်တယ်။ ဗမာလူမျိုးကြီးဝါဒအတွက်တာဝန်ပေးခံရတဲ့ လူတွေဖြစ်တယ်။ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို တကယ်သိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်" လို့ Kevin LaChapelle ကပြောပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိတဲ့အစိုးရတပ်မတော်အရာရှိနဲ့ တပ်သားတွေကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မကြာသေးခင်ကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် တပ်မတော်အရာရှိ ၄ ယောက်ကို အမေရိကန်အစိုးရက ခရီးသွားခွင့် ဒဏ်ခတ်ပိတ်ဆို့ လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Saw Andrew Roger Nay
Image caption တိုင်းရင်းသားအရေးကို ဘက်ပေါင်းစုံကစုံစမ်းဖို့ ဝါရှင်တန်မှာ တောင်းဆို

ဝါရှင်တန်မြို့တော်လွှတ်တော်အဆောက်အဦးရှေ့မှာ ဆန္ဒဖော်ထုတ်ရာမှာ ရောင်စုံတိုင်းရင်းသားရိုးရာ အဝတ်အစားတွေဝတ်ဆင်ထားကြပြီး တိုင်းရင်းသားလူမျိုးစုအလံနဲ့ အမေရိကန်အလံတွေ၊ ပိုစတာတွေ ကိုင်ဆောင်ထားကြပါတယ်။ မိန့်ခွန်းဟောပြောတာ၊ ရိုးရာသီချင်းတွေသီဆိုတာတွေလည်း ပြုလုပ်ခဲ့ ကြပါတယ်။ ဆန္ဒဖော်ထုတ်ပြီးနောက် လူမျိုးစုတိုင်းရင်းသား ကိုယ်စားလှယ် ၁၄ ယောက်ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

"အောင်ခြေမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကို သေချာစောင့်ကြည့်လေ့လာ ဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသိမှတ်ပြုဖို့ကိုလည်း ကျွန်တော်တို့တောင်းဆိုခဲ့တယ်။ မြန်မာစစ်တပ် ကြောင့် ဓါးစာခံဖြစ်နေတဲ့တိုင်းရင်းသားပြည်သူတွေအတွက် လုံခြုံရေးယူထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ကိုလည်း အသိမှတ်ပြုလက်ခံဖို့ တောင်းဆိုခဲ့တယ်။ မြန်မာစစ်ဗိုလ်ချုပ်တွေအပြောနဲ့အလုပ်မကိုက်ညီတာတွေကို နားလည်အောင် ကြိုးစားဖို့လိုတယ်။ သူတို့ပြောတာတွေကို အားလုံးမယုံဖို့နဲ့ သူတို့စကားတွေကို ပြန်လည်စီစစ်ဖို့ လိုတယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်။ အမေရိကန်အရာရှိတွေကလည်း လက်ခံပါတယ်။ ဒီအတွက်လည်း သူတို့ တံခါးဖွင့်ထားမယ်" လို့ပြောဆိုခဲ့ကြောင်းကို အဲဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ Kevin LaChapelle က ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ကနေဒါ၊ သြစတေးလျနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ခိုလှုံနေထိုင်ကြတဲ့ ကရင်တိုင်းရင်းသား တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တနိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်၊ တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူအခွင့်အရေးရရှိရေးကို အောင်မြင် အောင် အကောင်အထည်မဖော်နိုင်သရွေ့ တိုင်းရင်းသားအရေး လှုပ်ရှားမှုကိုဆက်ပြီးလုပ်ဆောင်သွားမယ် လို့ အမေရိကရောက်တိုင်းရင်းသားတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း အမေရိက ရောက်တိုင်းရင်းသားတွေက အခုလိုဆန္ဒဖော်ထုတ် ခဲ့ဖူးပါတယ်။