ဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ပစ်လွှတ်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

(၁) ဒုံးကျည် ၂ စင်း မြောက်ကိုရီးယား ပစ်လွှတ်

မြောက်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ထဲကို ဇူလိုင် ၂၅ ရက်နေ့ မနက်စောစောပိုင်းမှာ တာတိုပစ် ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား အရှေ့ဘက် ကမ်ရိုးတန်း ဝန်ဆင်မြို့ကနေ ဒုံးကျည် ၂ စင်းဟာ တစင်းနဲ့ တစင်း မိနစ် ၂၀ ခြား ပစ်လွှတ်ခဲ့တာ ဖြစ်ပြီး အကွာအဝေး မိုင် ၂၇၀ အထိ ရောက်သွားခဲ့တယ်လို့လည်း တောင်ကိုရီးယား စစ်တပ်အရာရှိတွေက ဆိုပါတယ်။

ဒါဟာ လာမယ့်လအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်ကြား ပူးတွဲစစ်ရေးလေ့ကျင့်မယ်လို့ သတင်းတွေထွက်လာအပြီး မြောက်ကိုရီးယားက လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်ကို ဖိအားပေးဖို့အတွက် ဒုံးကျည်တွေပစ်လွှတ် စမ်းသပ်ဖူးတဲ့ အစဉ်အလာတွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။

အခု ဒုံးကျည်ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ နျူးကလီးယား ဆွေးနွေးမှုကို ပိုမို နှေးကွေးသွားစေလိမ့်မယ်လို့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။

အမေရိကန် အရာရှိတွေကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတထရမ့်တို့ရဲ့ ဇူလိုင် ၃၀ ရက်နေ့တွေ့ဆုံခဲ့ပြီးတဲ့နောက် လုပ်ငန်းအဆင့် ဆွေးနွေးပွဲ အမြန်ဆုံး စတင်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားခဲ့ကြပါတယ်။

(၂) ရခိုင်တိုက်ပွဲတွေကြောင့် ပလက်ဝမှာ စားနပ်ရိက္ခာပြတ်တောက်မှုနဲ့ ကြုံရနိုင်

ဓာတ်ပုံ မူပိုင် ဆလိုင်းမာန်ဟုန်
Image caption ပလက်ဝစစ်ဘေးရှောင်တွေကို ကူညီခဲ့တဲ့ အရပ်ဖက်အဖွဲ့

တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေထဲကို အစိုးရဘက်က စားနပ်ရိက္ခာသယ်ယူမှုတွေ ကန့်သတ်ထားတဲ့အတွက် လက်ရှိမှာ အဲ့ဒီဒေသတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်က တစ်လစာတောင် လုံလောက်မှုမရှိဘူးလို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

လက်ရှိ ပလက်ဝမှာ စစ်ဘေးရှောင် ၄ ထောင်ကျော်ရှိနေပြီး သူတို့တွေကို စားနပ်ရိက္ခာလိုအပ်ချက်အပြင် ပညာရေး၊ ကျန်းမာရေး ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ ပလက်ဝဒေသကို သွားရောက်ကူညီမှုပေးခဲ့တဲ့ ဆလိုင်းမာန်ဟုန်းက ပြောပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က ရခိုင်ပြည်မြောက်ပိုင်းနဲ့ ပလက်ဝက စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းခဲ့ပြီး လက်ရှိမှာ ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်ညှိနှိုင်းနေတယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှုနဲ့ လျှပ်စစ်ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။

(၃) Facebook ဒေါ်လာ ၅ ဘီလီယံ ဒဏ်ကြေးဆောင်ရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒေါ်လာ ၅ ဘီလီယံဒဏ်ကြေး ပေးဆောင်ဖို့ Facebook သဘောတူ

Facebook ကုမ္ပဏီဟာ ဆိုရှယ်မီဒီယာသုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ကိုင်တွယ်ရာမှာ အမှားအယွင်းတွေ ရှိခဲ့တာကြောင့် အမေရိကန်အစိုးရကို ဒေါ်လာ ၅ ဘီလီယံဒဏ်ကြေး ပေးဆောင်ဖို့ သဘောတူလိုက်တယ်လို့ ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်က ပြောလိုက်ပါတယ်။

သန်းနဲ့ချီတဲ့ Facebook သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်တဲ့ Cambridge Analytica က ရယူခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပြီးနောက် အမေရိကန်ကုန်သွယ်ရေကော်မရှင်ကနေ Facebook ကုမ္ပဏီကို စစ်ဆေးမှုတွေ စလုပ်ခဲ့တာပါ။

ဒါကြောင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အကာအကွယ်ပေးဖို့ ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် Mark Zuckerberg က နှစ်စဉ် ၄ လ တစ်ကြိမ် သက်သေပြရမှာဖြစ်ပြီး Facebook အနေနဲ့ ဝန်ဆောင်မှုအသစ်ထုတ်လုပ်တာ ဒါမှမဟုတ် ပြုပြင်မွမ်းမံထားတဲ့ ဝန်ဆောင်မှုအသစ်တွေအပေါ်မှာ အသုံးမပြုခင် သုံးသပ် စစ်ဆေးချက်တွေ အဆင့်ဆင့် လုပ်ပေးဖို့ Facebook ဘက်က သဘောတူခဲ့ရပါတယ်။

(၄) ကမ္ဘာကြီး ပူနွေးလာမှု ပိုမိုမြန်ဆန်လာ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာကြီး ပူနွေးလာမှု ပိုမိုမြန်ဆန်လာ

ကမ္ဘာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်တုန်းက ဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်ထက် ပိုမြန်ဆန်သလို ပိုပြီးတော့လည်း ကြီးမားတယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်တုန်းက ကမ္ဘာ့တိုက်ကြီးတွေနဲ့ သမုဒ္ဒရာကြီးတွေရဲ့ အခြေအနေတွေကို သိပ္ပံပညာရှင်တွေက ပြန်လည်တည်ဆောက်ကြည့်ပြီးတဲ့နောက်မှာ အခုလိုမှတ်ချက်ချလိုက်တာပါ။

ဒီသုတေသနရလဒ်ကိုကြည့်ရင် ကမ္ဘာကြီး အခုပူနွေးလာတာဟာ သဘာဝအတိုင်း ဖြစ်ရိုးဖြစ်စဉ် ကိစ္စပါလို့ ယူဆပြီး သိပ်အရေးမကြီးသလို ပြောဆိုနေတာတွေဟာ မှားယွင်းတယ်ဆိုတာကို သက်သေပြလိုက်နိုင်တာ ဖြစ်ပါတယ်။

ဒီကမ္ဘာပေါ်မှာ ဖြစ်ခဲ့ဖူးတဲ့ ဘယ်တုန်းက အပူချိန်မြင့်တက်မှုကမှ အခုလောက် မဆိုးဝါးဖူးသေးဘူးလို့လည်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။