ဘူးသီးတောင်က နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်တဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP/Getty Images
Image caption ဘူးသီးတောင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့

(၁) ဘူးသီးတောင်က နယ်ခြားစောင့်စခန်းကို AA ဝင်တိုက်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်မတော် AA က ဇူလိုင် ၂၆ ရက်နေ့ မနက် ၄ နာရီလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရဲ တပ်ဖွဲ့ဝင် ရဲ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

"AA ဘက်က အင်အား ၇၀ ခန့် ရှိတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေက ရဲလုံခြုံရေးစခန်းထဲ ဝင်တိုက်ခဲ့ပြီး တပ်မတော်ဘက်ကတော့ AA တပ်ဖွဲ့ဝင်ရဲ့ အလောင်း တစ်လောင်း ရထားတယ်" လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အတိုက်ခံရတဲ့ ညောင်ချောင်းရဲစခန်းဟာ ဘူးသီးတောင်နဲ့ ရသေ့တောင်ကြားမှာရှိတဲ လုံခြုံရေးစခန်းကြီးတစ်ခုဖြစ်ပြီး အခု တိုက်ခိုက်ခံရပေမယ့် စခန်းကျ သွားတာ မဖြစ်ဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

(၂) မိုင်းပျဉ်းမှာ ဒေသခံတစ်ယောက်ကို တပ်က ရိုက်နှက်စစ်ဆေးခဲ့

Image caption ကချင်နဲ့ ရှမ်းနယ်တွေထဲ သြဂုတ်လကုန်အထိ အပစ်ရပ်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကြေညာချက်ထုတ်ပြန်ထားပါတယ်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းလျန်းကျေးရွာမှာ ဆန်ဝယ်ပြီး ပြန်လာတဲ့ လားဟူလူမျိုးတစ်ယောက်ကို ခမရ (၅၇၉)က တပ်သား ၂၀ လောက်က လက်သီးနဲ့ ၇ ချက်ထိ ထိုးပြီး ထိထိပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတာတွေ ရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်လိုက်ပါတယ်။

"မိုင်းပျဉ်း မိုင်းဖြတ် မိုင်းဆတ် အစရှိတဲ့နေရာဒေသတွေမှာ စစ်တပ်တွေလည်း ချထားပြီး တခါတရံ ရှေ့တန်းထွက်တပ်နဲ့ ဒေသခံတွေ ဆုံတဲ့အခါမျိုးတွေမှာ တပ်ဖက်က အဲဒီလို စစ်မေးမေးမြန်းတာတွေ လုပ်တာကြောင့် ဒေသခံတွေ ထိန့်လန့်နေရတယ်" လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စိုင်းရွက်လွင်က ပြောပါတယ်။

စွပ်စွဲ ရိုက်နှက်ခံရသူ ရွာသားကတော့ သူဟာ တောထဲမှာ ဆေးဖက်ဝင်အပင်သွားရှာဖို့ ညအိပ်တဲ့အခါစားဖို့ ရိက္ခာ သွားဝယ်တာပဲဖြစ်ပြီး စစ်တပ်က စွပ်စွဲသလို ရှမ်းစစ်သားတွေအတွက် ရိက္ခာဝယ်ပေးတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အဆိုပါရွာသားကို တနာရီလောက်စစ်မေးပြီး ပြန်လွှတ်ခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးကြည့်တော့ သူ့အနေနဲ့ ဖြစ်စဉ်ကို မသိရသေးတာကြောင့်စုံစမ်းမယ်လို့ ဖြေကြားခဲ့ပါတယ်။

(၃) ဒုံးကျည်ပစ်လွှတ်မှုဟာ တောင်ကိုရီးယားအတွက် သတိပေးချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားပြော

ဓာတ်ပုံ မူပိုင် EPA
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

မြောက်ကိုရီးယားက ဇူလိုင်လ ၂၅ ရက်နေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ တောင်ကိုရီးယားအတွက် လေးနက်တဲ့ သတိပေးချက်ဖြစ်တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာက ပြောလိုက်ပါတယ်။

ဒုံးလက်နက်အသစ် စမ်းသပ်တာကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့တယ်လို့လည်း မြောက်ကိုရီးယားသတင်းဌာနက ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ပြင်ဆင်နေတာကို မြောက်ကိုရီးယားက အမျက်ဒေါသထွက်ပြီး အခုလို ဒုံးကျည်စမ်းသပ်မှု လုပ်ခဲ့ဟန်တူတယ်လို့ သတင်းမီဒီယာတွေက သုံးသပ်ကြပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ရင် နျူးကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ အစီအစဉ်ကိုလည်း ထိခိုက်နိုင်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

မြောက်ကိုရီးယားက အခုတစ်ကြိမ် ပစ်လွှတ်ခဲ့တဲ့ ဒုံးလက်နက်ဟာ အရင်က စမ်းသပ်ခဲ့တာတွေထက် ပိုထိရောက်ပြီး မိုင် ၄၀၀ ကျော် အထိ ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အခုလို ဒုံးလက်နက်စမ်းသပ်ရတာဟာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်ဖိအားပေးလာလို့ မလွှဲမရှောင်သာ လုပ်ရတာလို့ မြောက်ကိုရီးယားသတင်းဌာနက ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတတို့ တွေ့ဆုံအပြီး နျူကလီးယားဖျက်သိမ်းရေး ပြန်လည်ဆွေးနွေးဖို့ သဘောတူခဲ့ကြပြီး သီတင်းပတ်အနည်းငယ်ကြာအတွင်းမှာ အခုလို ဒုံးလက်နက် စမ်းသပ်ပစ်ခတ်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ "မြောက်ကိုရီးယားဟာ ၂၅ ကြိမ်မြောက် စမ်းသပ်မှုလုပ်ခဲ့တယ်ဆိုတာနဲ့ ၂ ဖက်စလုံးက ပြောဆိုကြတာတွေ ရှိပါတယ်၊ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တောင်-မြောက် ၂ နိုင်ငံအကြား စစ်မဲ့ဇုန်မှာ ဆွေးနွေးဖို့ သဘောတူထားတာကိုလည်း အားလုံးသိထားကြပြီး ဖြစ်ပါတယ်၊ အခုလိုအခြေအနေမျိုးမှာ ဆွေးနွေးပွဲကို မြန်နိုင်သမျှ မြန်မြန် စကြဖို့ သင့်ပါတယ်၊ ဒါမှပဲ ကိုရီးယားကျွန်းဆွယ်ပြဿနာအတွက် နိုင်ငံရေးအဖြေတစ်ခု ထွက်ပေါ်လာမှာပါ" လို့ ပြောပါတယ်။

(၄) ဘရက်ဇစ်မှာ အိုင်ယာလန်ကို ဖယ်ထုတ်ပေးဖို့ တောင်းဆိုချက်ကို အီးယူခေါင်းတောင်တွေ တုံ့ပြန်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ယူကေနိုင်ငံရဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်သစ် ဘောရစ် ဂျွန်ဆင်

ဥရောပသမဂ္ဂ အီးယူ ထဲကနေ ဗြိတိန်နုတ်ထွက်မယ့် ဘရက်ဇစ် သဘောတူညီချက်ထဲမှာ အိုင်ယာလန်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ဖယ်ထုတ်ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ရဲ့ တောင်းဆိုချက်ကို အီးယူကော်မရှင်ဥက္ကဌ ယွန်းကလေ့ာယန်ကာက သဘောတူညီချက်ကို ပြောင်းလို့ မရနိုင်ဘူးလို့ လေးလေးနက်နက် ပြောခဲ့ပါတယ်။

"ဗြိတိန်ဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်ဟာ လက်သင့်မခံနိုင်တဲ့ ကိစ္စရပ်မျိုး ဖြစ်တယ်" လို့လည်း အီးယူရဲ့ ဘရက်ဇစ်ဆိုင်ရာ ညှိနှိုင်းရေးမှူး Michel Barnie က ပြောပါတယ်။

တကယ်လို့ ဗြိတိန်နဲ့ အီးယူတို့ ဘရက်ဇစ်သဘောတူညီချက် မရခဲ့ရင် အိုင်ယာလန်အနေနဲ့ တစ်ခုတည်းသော ဥရောပဈေးကွက်ထဲမှာ ဆက်လက်ရှိနေရေးအတွက် အိုင်ယာလန်နဲ့ ပတ်သက်ပြီး ထည့်သွင်းချုပ်ဆိုထားတာ ဖြစ်ပါတယ်။

မစ္စတာ ဂျွန်ဆင်ဟာ သူ့ရဲ့ ဝန်ကြီးချုပ် မိန့်ခွန်းမှာ အီးယူကနေ နုတ်ထွက်ဖို့ ညှိနှိုင်းသဘောတူညီချက် ရရ မရရ လာမယ့် အောက်တိုဘာမှာ အီးယူထဲကနေ နုတ်ထွက်မယ်လို့ ပြောဆိုထားပြီး အိုင်ယာလန်ဝန်ကြီးချုပ် Leo Varadkar ကတော့ အီးယူနဲ့ ညှိနှိုင်းလို့ မရရင် ဗြိတိန်ရဲ့ အပြစ်ပဲလို့ ပြောထားပါတယ်။