ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၇၃ ဦး ရှိလာတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် EPA/NYEIN CHAN NAING
Image caption H1N1 ကြောင့် သေဆုံးသူတစ်ဦးရဲ့ အသုဘကို လိုက်လံပို့ဆောင်ကြသူများ

(၁) ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ၇၃ ဦး ရှိလာ

ရန်ကုန်အပါအဝင် တိုင်းနယ်ပြည်နယ်တချို့မှာ ဖြစ်နေတဲ့ ရာသီတုပ်ကွေး H1N1 ကူးစက်မှုကြောင့် သေဆုံးသူဦးရေဟာ ပြီးခဲ့တဲ့ မေလကစလို့ ဇူလိုင် ၂၆ ရက်နေ့အထိ သေဆုံးသူ ၇၃ ဦးရှိနေပြီး ရောဂါပိုး ကူးစက်သူဦးရေကလည်း ၃၀၀ ကျော် ရှိနေပြီ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါပိုး ကူးစက်မှုနဲ့ သေဆုံးမှုဟာ ရန်ကုန်မှာ အများဆုံးဖြစ်ပြီး ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ မွန် စတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း သေဆုံးသူတွေ ရှိနေပါတယ်။ ရန်ကုန်မှာတော့ သေဆုံးသူက ၅၇ ဦး ရှိနေပြီ ဖြစ်ပါတယ်။

"H1N1 ကြောင့် သေဆုံးသူ အများစုဟာ နာတာရှည်ရောဂါ ခံစားရသူတွေနဲ့ ကလေးငယ်တွေဖြစ်ပြီး သူတို့တွေဟာ ရောဂါအခံကြောင့် ရာသီတုပ်ကွေးကူးစက်တဲအခါ ခံနိုင်ရည်မရှိဘဲ သေဆုံးကြရတာ ဖြစ်တယ်" လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

လက်ရှိမှာ ရောဂါကြောင့် သေဆုံးသူတိုးလာနေပေမယ့်လည်း အရေးပေါ်အခြေအနေကြေညာဖို့ မရှိသေးသလို ဒါဟာ သာမန်ရာသီတုပ်ကွေးမျိုးပဲ ဖြစ်လို့ အထူးစိုးရိမ်ဖို့ မလိုဘူးလို့ ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကို ပြောထားပါတယ်။

(၂) ဖိလစ်ပိုင်မှာ ငလျင်လှုပ်လို့ အနည်းဆုံး လူ ၆ ဦးသေ

ဓာတ်ပုံ မူပိုင် DE SAGON ASA/AFP/Getty Images
Image caption ငလျင်ဒဏ်ကြုံခဲ့ရတဲ့ ဘုရားကျောင်းတစ်ကျောင်း

ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း Batanes ခရိုင်မှာ ဇူလိုင် ၂၇ ရက်နေ့က ငလျင် ၂ ခု ဆက်တိုက်လှုပ်ခဲ့လို့ လူအနည်း ၆ ဦးသေဆုံးပြီ အယောက် ၆၀ လောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

အင်အား မဂ္ဂနီကျူ ၅.၄ နဲ့ ၅.၉ အဆင့်ရှိတဲ့ ငလျင် ၂ ခု ဟာ မနက်အစောပိုင်း နေအိမ်တွေထဲ လူတွေအိပ်နေချိန်မှာ လှုပ်ခတ်ခဲ့တာဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတွေ များတာလို့ မြို့တော်ဝန် ရာအူးဒီဆာဂွန် က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ ဆူနာမီ သတိပေးချက် ထုတ်ပြန်တာမရှိသေးပါဘူး။

ရဲမှူး အူဇီဗီလာကတော့ ငလျင်ကြောင့် အိမ်တွေယိမ်းထိုး လှုပ်ခါကုန်တယ်၊ အိမ်နံရံတွေ ပြိုကျကုန်တယ်၊ ပြီးတော့ လူတွေပေါ် ပိကုန်တယ် လို့ ပြောပါတယ်။ အခုတော့ အပျက်အစီးပုံတွေအောက် ရှာဖွေကယ်ဆယ်မှုတွေ လုပ်နေကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ Pacific သမုဒ္ဒရာထဲက "Ring of Fire" လို့ခေါ်ဆိုတဲ့ မြေအောက်ကြမ်းပြင်ကြီးတွေ တခုနဲ့တခု ထိဆက်တာကြောင့် ဖြစ်နေတဲ့ ပြတ်ရွေ့ကြောတွေနဲ့ မီးတောင်တွေရှိတဲ့နေရာမှာ တည်ရှိနေလို့ ကမ္ဘာပေါ်မှာ ငလျင် မကြာခဏ လှုပ်တဲ့ အန္တရာယ်ကြုံရတဲ့ ဒေသတွေထဲက တစ်ခု ဖြစ်ပါတယ်။

(၃) ဟောင်ကောင်ဆန္ဒပြပွဲ လေဆိပ်ထဲအထိ ရောက်လာ

ဓာတ်ပုံ မူပိုင် REUTERS/Edgar Su
Image caption ဟောင်ကောင်က လေဆိပ်ဆန္ဒပြပွဲ တစ်ခု

ရက်အတန်ကြာ ဖြစ်နေတဲ့ ဟောင်ကောင်က ဆန္ဒပြပွဲမှာတော့ ထောင်ပေါင်များစွာရှိတဲ့ ဆန္ဒပြသမားတွေဟာ နိုင်ငံတကာလေဆိပ်ထဲမှာ ထိုင်သပိတ်ဆင်နွှဲပြီး တောင်းဆိုမှုတွေ ဆက်လုပ်ခဲ့ကြပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ ဆန္ဒပြပွဲတွေမှာတော့ လေကြောင်းလိုင်းတွေက ဝန်ထမ်းတွေပါ ဆန္ဒပြပွဲထဲ ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူတွေဟာ သူတို့တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကိုလည်း ရှုံ့ချတဲ့ ပိုစတာတွေကိုလည်း ကိုင်စွဲထားကြပါတယ်။

ဆန္ဒပြသမားတွေဟာ လေဆိပ်ထဲမှာ ဟောင်ကောင်ကို ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေကို လက်ကမ်းစာစောင်တွေ ကမ်းပေးခဲ့ကြသလို ဒါဟာ သူတို့ရဲ့ လှုပ်ရှားမှုတွေအကြောင်း ကမ္ဘာကပိုသိလာအောင် လုပ်ဆောင်တာလို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။

နာမည်ကြီး ဟောင်ကောင်ကျောင်းသားခေါင်းဆောင် ဆန္ဒပြသမား Joshua Wong က "တရုတ်ပြည်မကြီး အစိုးရထံ တရားခံလွှဲပေးရေး ဥပဒေကြမ်းကို ဆိုင်းငံ့ထားရုံ မဟုတ်ဘဲ လုံးဝဖျက်သိမ်းပေးဖို့အထိ တောင်းဆိုသွားမှာပါ" လို့ ပြောပါတယ်။

(၄) ရွှေ့ပြောင်းဖို့ကြိုးစားသူတွေကို ကန့်သတ်မယ့်သဘောတူညီမှု အမေရိကန်နဲ့ ဂွာတီမာလာကြား သဘောတူ

ဓာတ်ပုံ မူပိုင် EPA
Image caption အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းဖို့ ကြိုးစားလာကြသူတွေ

အမေရိကန်ပြည်ထောင်စုထဲ ရွှေ့ပြောင်းဖို့ကြိုးစားကြသူတွေအရေးနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်အစိုးရနဲ့ ဂွာတီမာလာနိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

စာချုပ်အရ ဟွန်းဒူးရပ်စ်နဲ့ အယ်လ်ဆာဗားဒေါ နိုင်ငံတွေကနေ ရွှေ့ပြောင်းသူတွေဟာ အမေရိကန်ကို ရောက်ဖို့ဆိုရင် ဂွာတီမာလာကို အရင်ဖြတ်သန်းကြရမှာမို့ သူတို့တွေကို ဂွာတီမာလာနိုင်ငံထဲမှာပဲ ခိုလှုံခွင့် လျှောက်ထားစေရမယ်ဆိုတဲ့ သဘောတူညီချက်ပါ။

သမ္မတထရမ့်က ဒီတောင်းဆိုချက်ကို အရင်ကတည်းက ပြောနေတာဖြစ်ပြီး ဒီလိုမှ သဘောမတူဘူးဆိုရင် ဂွာတီမာလာအပေါ်မှာ ကုန်သွယ်ရေးဆိုင်ရာ တင်းကျပ်မှုတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါသေးတယ်။

အခုတော့ ဂွာတီမာလာအစိုးရက လက်ခံလိုက်ပြီ ဖြစ်တဲ့အတွက် အပြန်အလှန်အနေနဲ့ ဂွာတီမာလာစိုက်ပျိုးရေးသမားတွေဟာ အမေရိကန်ထဲက စိုက်ခင်းတွေဆီ လာရောက်အလုပ်လုပ်ကိုင်ခွင့် အလွယ်တကူရရှိလာဖို့ အခွင့်အရေးရမယ်လို့ သဘောတူထားကြပါတယ်။

သမ္မတထရမ့်ကတော့ "အခုလို သဘောတူညီမှု ရလာတဲ့အပေါ် ကြိုဆိုကြောင်း၊ ဂွာတီမာလာနဲ့ရော တခြားနိုင်ငံတွေနဲ့ပါ သဘောတူညီမှုတွေ ရလာဖို့ မျှော်လင့်ကြောင်းနဲ့ ဂွာတီမာလာဘက်က အခုလို သဘောတူတဲ့အတွက် သူတို့အနေနဲ့လည်း အကျိုးရှိမှာ ဖြစ်တယ်" ဆိုပြီးတော့ ပြောခဲ့ပါတယ်။