အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေဘောင်အတွင်းကပဲ ပြင်မယ် ဓာတ်ပုံ မူပိုင် MPA
Image caption ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေဘောင်အတွင်းကပဲ ပြင်မယ်

အငြိမ်းစားဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ DNP ဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လက်ခံပေမယ့် ဥပဒေ ဘောင်အတွင်းကပဲ လုပ်ဆောင်သွားမယ်လို့ ပါတီခေါင်းဆောင် တစ်ချို့က ဆိုပါတယ်။

တိုင်းရင်းသား လူမျိုးပေါင်းစုံအတွက် အားကိုးအားထား ပြုနိုင်မယ့် နိုင်ငံရေးပါတီတစ်ရပ် လိုအပ်ပြီးဆိုတဲ့ အခြေအနေအရ ဒီပါတီကို ထူထောင်ရတာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ဦးဆောင်သူက ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးစိုးမောင် ဖြစ်ပါတယ်။ သူဟာ မြန်မာ့တပ်မတော်မှာ စစ်ဥပဒေချုပ် တာဝန်ထိ ထမ်းဆောင်ခဲ့သလို သမ္မတ ဦးသိန်းစိန် လက်ထက်မှာလည်း သမ္မတရုံး ဝန်ကြီးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

အခုလို အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီထူထောင်ရတာနဲ့ ပတ်သက်လို့ ပါတီဥက္ကဌ ဖြစ်သူ ဦးစိုးမောင်က တိုင်းရင်းအမျိုးသားများ ပြန်လည်စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ကြွေးကြော်သံတွေ ဆောင်ရွက်ခဲ့တာ။ ပြန်သုံးသပ်လိုက်ပါ။ ဘယ်အဖွဲ့က ဘယ်လောက်အထိ နိုင်ခဲ့သလဲ၊ဘယ်အဖွဲ့က ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတာ သုံးသပ်တဲ့အခါမှာ ဒီဟာကွက်တွေက ခေါင်းဆောင်မှုတွေ ပို့ဆောင်မှုအခန်းကဏ္ဍမှာ ဟာကွက်တွေတွေ့တယ်" လို့ ပြောပါတယ်။

ပါတီရဲ့ ဆောင်ပုဒ်အနေနဲ့ကတော့ အမျိုးသားစီးပွားရေးသည် ပထမ၊ အမျိုးသားပညာရေးသည် အဓိက အမျိုးသား စည်းလုံးညီညွတ်ရေးသည် ပဓာန၊ အမျိုးသားနိုင်ငံရေးသည် ထာဝရ လို့ကြွေးကြော်ထားပါတယ်။

ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် သမ္မတဦးသိန်းစိန်လက်ထက်က စာရင်းစစ်ချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်လွန်းမောင်က တာဝန်ယူထားပါတယ် ဒါအပြင်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေထဲမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက NDF ပါတီက အနိုင်ရခဲ့တဲ့ ဦးစိုးဝင်းလဲပါဝင်တာကို တွေ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်

အခုလို အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပါတီတစ်ခုအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဘယ်လို အလားအလာတွေ ရှိလာနိုင်လဲ ဆိုတာကို မြန်မာနိုင်ငံရေး လေ့လာသူ တစ်ဦးဖြစ်တဲ့ မဟာဗျူဟာလေ့လာရေး ဌာနက ဦးအောင်သူငြိမ်းက " ဗိုလ်ချုပ်ဟောင်းတွေ အခုလိုမျိုး ပါတီထောင်တယ်။ ဒီမိုကရက်တစ်ဖြစ်လာတယ်ဆိုတာ အဲဒါမျိုးကတော့ ကြိုဆိုရမယ်ဗျ၊ ဒါပေမယ့်လည်း သူတို့ လူထုက မဲပေးဖို့ကြတော့ သူတို့က ဘယ်လောက်ဆွဲဆောင်မှုရှိလဲပေါ့၊ ရေပန်းစားတာတို့ နာမည်ကြီးတာတို့ကတော့ ကျွန်တော်ထင်တယ် ရိုးသားရုံလောက်နဲ့တော့မရဘူးပေါ့ဗျာ၊ ရေပန်းစားတာတို့ နာမည်ကြီးတာတို့ လိုတယ်လို့ ကျွန်တော်ထင်တယ် " လို့ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေး ပါတီတွေထဲက အငြိမ်းစားတပ်မတော် အရာရှိတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီအပြင် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) နဲ့ အခု ဦးစိုးမောင် ဦးဆောင်တဲ့ DNP ပါတီဆိုပြီး သုံးပါတီရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ