ရိုဟင်ဂျာအရေး ဂျပန်ကြားဝင် ညှိနှိုင်းပေးဖို့ ဆန္ဒရှိနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် REUTERS/Rafiqur Rahma
Image caption ဘင်္ဂလားဒေ့ရှ် ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနို

(၁) ရိုဟင်ဂျာအရေး ဂျပန်ကြားဝင် ညှိနှိုင်းပေးဖို့ ဆန္ဒရှိနေ

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လာရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား ကြားဝင်ညှိနှိုင်းစေ့စပ်မှုတွေမှာ ဂျပန်နိုင်ငံအနေနဲ့ ပါဝင်ဖို့ ဆန္ဒရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် Dhaka Tribute သတင်းက ဖော်ပြပါတယ်။

ဒါဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုရဲ့ ဘင်္ဂလားဒေ့ရှ် ၃ ရက်ကြာခရီးစဉ်အပြီး ထွက်ပေါ်လာတာပါ။

ဆွေးနွေးပွဲတွေကိုလည်း လိုအပ်ရင် ဂျပန်နိုင်ငံမှာ လက်ခံကျင်းပဖို့ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက အဆိုပြုခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အတူပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးမှာ မြန်မာအစိုးရအနေနဲ့ လိုအပ်တဲ့ အခြေအနေတစ်ရပ်ဖန်တီးပေးနိုင်နဲ့ အကူအညီတွေပေးဖို့ကို အဓိကထားပြောခဲ့ပါတယ်။

လက်ရှိမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုဟာ နေပြည်တော်ကို ရောက်နေပြီး ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဖို့ရှိနေပါတယ်။

(၂) မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုထပ်လုပ်

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်

မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ဇူလိုင် ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ နိုင်ငံ South Hamgyung ပြည်နယ် Hodo ကျွန်းဆွယ်အနီးကနေ ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ်အဖွဲ့က ပြောလိုက်ပါတယ်။

တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်ပစ်ခတ်တာတွေ ထပ်မံလုပ်ဆောင်လာသလားဆိုတာ တိတိကျကျ မပြောနိုင်သေးဘဲ အခြေအနေကို ဆက်လက်စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။

ပစ်လွှတ်လိုက်တဲ့ တာတိုပစ်ဒုံးကျည်ဟာ ၁၅၅ မိုင်အထိ ရောက်ခဲ့ပြီး အဲ့ဒီနောက်တော့ ဂျပန်ပိုက်နက်ပင်လယ်ပြင်ထဲကို ကျသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုပစ်လွှတ်တဲ့ ဒုံးလက်နက်ဟာ အရင်ဒုံးလက်နက်တွေနဲ့ ကွဲပြားခြားနားတဲ့ အမျိုးအစားဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ မြောက်ကိုရီးယားရဲ့ ဒုံးလက်နက်စမ်းသပ်မှုဟာ ဂျပန်နိုင်ငံလုံခြုံရေးအပေါ် သက်ရောက်မှု တစုံတရာမရှိဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း တာတိုပစ်ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ပါသေးတယ်။

ဒါဟာ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်တာလို့ ပြောဆိုပြီး မြောက်ကိုရီးယားဘက်က တာတိုပစ် ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီးနောက် ၆ ရက် အကြာမှာ အခုလို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက မြောက်ကိုရီးယားရဲ့ တာတိုပစ် ဒုံးကျည် စမ်းသပ်မှုကိုတော့ မအောင်မြင်တဲ့ စမ်းသပ်မှု သဘောမျိုးပြောခဲ့ပေမယ့် ဒီအပေါ် ထူးထူးခြားခြား တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

(၃) ဘူးသီးတောင်မှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို ICRC ကယ်ထုတ်

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ICRC က ကယ်ထုတ်ခဲ့တဲ့ သက်ကြီးရွယ်အိုများ

ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာ၊ စံဂိုးထောင်၊ ရှပ်ရှားတောင်၊ နွားရုံတောင်ရွာတွေထဲမှာ ပိတ်မိနေတဲ့ ဆရာတော် ၁ ပါးနဲ့ သက်ကြီးရွယ်အို ၁၀ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က ကယ်ထုတ်ခဲ့ရတယ်လို့ ရန်ကုန် ICRC ရုံးက ပြောခွင့်ရသူ ဦးဇော်ဝင်းက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေတဝိုက်မှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ခဲ့လို့ ရွာသားတွေအားလုံးဟာ ရွာကိုစွန့်ခွာထွက်ပြေးသွားကြပေမယ့် သက်ကြီးရွယ်အိုတွေကတော့ ကျေးရွာတွေထဲ ပိတ်မိကျန်နေခဲ့တာ ဖြစ်ပါတယ်။

အခု ၁၀ ကို ကယ်ထုတ်နိုင်ပေမယ့် ဥယျာဉ်သာကျေးရွာမှာ မသွားနိုင် မလာနိုင်တဲ့ အဖွား ၁ ဦး ကျန်ခဲ့သလို ရှပ်ရှားတောင် ကျေးရွာမှာလည်း အဖွား ၁ ဦး ပျောက်ဆုံးကျန်နေခဲ့တယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။

အခုတော့ ဆရာတော်နဲ့ သက်ကြီးရွယ်အို ၁၀ ဦးလုံးဟာ ဘူးသီးတောင်မြို့ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိ ခိုလှုံနေကြရပါတယ်။

(၄) ဟောင်ကောင် ဆန္ဒပြပွဲ ရုန်းရင်းဆန်ခတ်ထပ်ဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင်ဆန္ဒပြပွဲတစ်ခု

ဒီမိုကရေစီအရေး တောင်းဆိုကြသူတွေရဲ့ ဟောင်ကောင်ဆန္ဒပြပွဲမှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေအကြား ထိပ်တိုက်တွေ့ပြီး အချင်းချင်း ကိုယ်ထိလက်ရောက် ရုန်းရင်းဆန်ခတ်မှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသမား အယောက် ၄၀ ကျော်ကို ဆူပူမှု ပုဒ်မတွေတပ် အမှုဖွင့်ခဲ့ပြီး နာရီအနည်းငယ် အကြာမှာပဲ ဆန္ဒပြသူတွေဟာ ရဲစခန်းရှေ့စုဝေးရောက်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့တွေကို ရဲတွေက ငရုတ်ရည်နဲ့ ပက်တာမျိုး တုတ်နဲ့ရိုက်တာမျိုးတွေ ပြုလုပ်ပြီး အင်အားသုံး လူစုခွဲခဲ့ကြပါတယ်။

လနဲ့ချီကြာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ဟောကောင်မှာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိန်ကနေ တရုတ်ကို လွှဲပြောင်းပေးပြီးတဲ့နောက် အဆိုးရွားဆုံးလည်း ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ တရုတ်ပြည်မကြီးထံ တရားခံလွှဲပေးရေး ဥပဒေကြမ်း လုံးဝဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး အကြမ်းဖက်နှိမ်နင်းရေးရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ သုံးပြီး နှိမ်နှင်းခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။