ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်

စစ်ရေးပြင်းထန်နေတဲ့ဒေသတွေဖြစ်လို့ တချို့လုပ်ငန်းစဉ်တွေမှာ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို
Image caption စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေ ဖြစ်လို့ တချို့လုပ်ငန်းစဉ်တွေမှာ လုံခြုံရေး စိုးရိမ်နေရတယ်လို့ဆို

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ သြဂုတ်လ ၅ ရက်မှာ တာဝန်ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်က နုတ်ထွက်သွားတယ် ဆိုတာ ဟုတ်ပါတယ်။ နုတ်ထွက်ခွင့် တင်ထားတာ ကြာပါပြီ။ အခုလကုန်မှာ နုတ်ထွက်ခွင့် ရရှိတာ ဖြစ်ပါတယ်။ နုတ်ထွက်တာကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ထွက်တာ ဖြစ်ပါတယ်။"လို့ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုက ပြောပါတယ်။

ရသေ့တောင်မြို့နယ်ဟာ တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းကလည်း ကျောက်တန်းကျေးရွာမှာ ရာနဲ့ချီတဲ့ ရွာသားတွေကို တပ်မတော်က ဖမ်းဆီး စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် မေလ ၂ ရက်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့အတွက် ၆ ဦး သေပြီး ၈ ဦးထိခိုက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ မြို့နယ် ဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်စပ်မှု ရှိတယ်ဆိုပြီး ရသေ့တောင်မြို့နယ် အတွင်းက ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တချို့ကို ဖမ်းဆီး တရားစွဲဆိုတာမျိုးလည်း ရှိနေပါတယ်။

"သူက ကျန်းမာရေးလည်း မကောင်းဘူး။ ဒါကြောင့် နုတ်ထွက်တယ်လို့တော့သိရပါတယ်။ ဒီမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ရွာ ဖွံ့ဖြိုးရေးတွေကိုလည်း လုပ်တယ်။ ဘာသာရေးကိုလည်း လိုက်စားတယ်"လို့ ရသေ့တောင် မြို့မိမြို့ဖတစ်ဦး ဖြစ်တဲ့ ဦးဦးသိန်းမောင် က ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြို့နယ်အားလုံးဟာ စစ်ရေး ပြင်းထန်နေတဲ့ဒေသတွေ ဖြစ်လို့ တချို့လုပ်ငန်းစဉ်တွေမှာ လုံခြုံရေး စိုးရိမ်နေရတာတွေလည်း ရှိနေသလို ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ ဆက်သွယ်သွားလာမှု ခက်ခဲလာနေပြီး အုပ်ချုပ်ရေးဌာနရဲ့ ကွန်ရက်တွေလည်း တဖြေးဖြေး ကျဉ်းလာနေတာကြောင့် လုပ်ကိုင်ဆောင်ရွက်ရမှု အခြေအနေတွေဟာ ထင်သလောက် မအောင်မမြင် ဖြစ်လာနေတယ်လို့ အမှတ် ၃ မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"သူနုတ်ထွက်တာက ကျန်းမာရေးကြောင့်လို့တော့ ဌာနတွင်းက ပြောကြားလို့ သိရပါတယ်။ ဒါပေမယ့် သူတို့ အုပ်ချုပ်ရေးဌာနက အရင်လို မဟုတ်တော့ဘူး။ လုံခြုံရေး စိုးရိမ်နေရတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာက စစ်ပွဲတွေ ပြင်းထန် နေတော့ တပ်က ရှိနေတယ်။ ထွေ/အုပ်ရဲ့ လုပ်ပိုင်ခွင့် ရှိတဲ့နေရာတွေက မြို့ပေါ်လောက်ပဲ ရှိတော့တယ်။ လုပ်ကိုင်ရတာတွေလည်း ခက်ခဲလာတယ်။ အပေါ်က ခိုင်းပြန်ရင်လည်း မလုပ်လို့မဖြစ် နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့လည်း ဆက်သွယ်ရေးတွေ ခက်ခဲလာနေတယ်။ သွားလာလို့ မရတာတွေ များတယ်။ အကုန်လုံးက ဖိအားတွေနဲ့ ဖြစ်လာတော့ လုပ်မယ်ဆိုရင်လည်း သူကိုယ်တိုင် စွန့်ပြီး လုပ်နေရမှာပဲလေ"လို့ ဦးခင်မောင်လတ်က ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး အခြေအနေတွေကို ထောက်ပြခဲ့ပါတယ်။

အခု လတ်တလောအနေနဲ့ဆိုရင် ကျောက်တော်မြို့နယ် ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ သာဒါဆိပ်ကျေးရွာ တာဝန်ခံတို့ဟာ သြဂုတ်လ ၃ ရက်မှာ ကျေးရွာအုပ်ချုပ်ရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေစဉ် ပျောက်ဆုံးသွားခဲ့ပြီး ၄ ရက်နေ့ ညနေပိုင်းမှာ သာဒါဆိပ်ကျေးရွာ တာဝန်ခံ ဦးမောင်ဝင်းနိုင်ရဲ့ အလောင်းကို ထိုးသွင်းဒဏ်ရာတွေနဲ့ ကုလားတန်မြစ်အတွင်းက ရေလယ်ကျွန်းတစ်ခုမှာ ကမ်းကပ်ပြီးတော့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဆင်အိုးချိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဦးသန်းမောင်ကိုတော့ ပြန်မတွေ့သေးပါဘူး။

မင်းပြား၊ မြေပုံ၊ ကျောက်တော်စတဲ့မြို့နယ်တွေအတွင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ၅ ဦးထက် မနည်းဟာလည်း လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီ့ ပြစ်မှုကျူးလွန်သူတွေကို မဖော်ထုတ်နိုင်သေးပါဘူး။

ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝစတဲ့ မြို့နယ်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာတာဝန်ခံ အများအပြားတို့ဟာလည်း AA နဲ့ ဆက်စပ်နေသူတွေ ဖြစ်တယ်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ ဖမ်းဆီး တရားစွဲဆိုခြင်း ခံနေကြရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး တရားစွဲဆိုတာတွေ များပြားလာနေတဲ့ အတွက် ရသေ့တောင်၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အုပ်စုလိုက် နုတ်ထွက်သွားကြတာတွေလည်း ရှိနေပါတယ်။

မြန်မာ့တပ်မတော်နဲ့ AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွေမှာ အင်တာနက် ဆက်သွယ်ရေး ကွန်ရက်ကို ပိတ်ထားတာ အခုဆိုရင် တစ်လကျော်အထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။