တပ်မတော်တက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ်တွေအတိုက်ခံရတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

(၁) တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် DSTA Facebook
Image caption ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)

ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)ကို သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်သွားလို့ တပ်မတော်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့ အရပ်သားဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တပြိုင်တည်းမှာပဲ ပြင်ဦးလွင်မြို့အဝင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ပါမပါဆိုတာကို အိတ်စရေးစက်နဲ့ ဖြတ်ပြီး စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မနက် ၇ နာရီကျော်လောက်မှာလည်း နောင်ချိုမှာရှိတဲ့ မူးယစ်ဆေးဝါးပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းနေရပါတယ်။

တိုက်ခိုက်ခံရမှု ၂ ခုလုံးကို ဘယ်လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့လဲ ဆိုတာတော့ စိစစ်ဆဲ ဖြစ်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

(၂) ကျောက်တော်နဲ့ မင်းပြားမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့

ဓာတ်ပုံ မူပိုင် Narinjara
Image caption မင်းပြားမြို့နယ်ထဲ တိုက်ပွဲ ပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့က အပေါက်၀ ရဲစခန်းရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို မင်းပြားမြို့နယ်ထဲက လူသွားလူလာများတဲ့ ရန်ကုန်-စစ်တွေကားလမ် နရန်းလမ်းဆုံမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တိုက်ခိုက်မှု ၂ ခုလုံးမှာ ထိခိုက်သေဆုံးတာ မရှိပေမယ့် ဒါဟာ ရခိုင်ပြည်နယ်ထဲမှာ ရဲတပ်ဖွဲ့ဟာ ရဲတွေရဲ့ အလုပ်ကို လုပ်ကိုင်ပြီး လူထုကို အနိုင်ကျင့် မနှိပ်စက်ကြဖို့၊ မြန်မာစစ်တပ်နဲ့ ပူးတွဲစစ်ဆင်ရေး မလုပ်ကြဖို့နဲ့ လုပ်မယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ ကြေညာချက်ထုတ်ပြီး ၂ ရက်အကြာမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် (AA) ဘက်က တစုံတရာ ထုတ်ဖော် မပြောကြားပါဘူး။

ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်မှု ၃၀ ကျော်လောက်ရှိနေပြီး ဒေသခံတွေကတော့ ဒီအပေါ် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

(၃) ဗိုလ်မှူးကြီးမင်းသန့်ကို ရခိုင်နယ်လုံဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption မောင်တောမှာ တာဝန်ကျနေတဲ့ တပ်မတော်တပ်ဖွဲ့ဝင်များ

ရခိုင်ပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းသန့်ကို ခန့်အပ်ဖို့ သြဂုတ် ၁၄ ရက်နေ့ ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုတင်သွင်းလိုက်တာ ဖြစ်ပါတယ်။ သူဟာ ရခိုင်-ဗမာ လူမျိုးစပ်တစ်ဦးဖြစ်သလို သိပ္ပံဘွဲ (စစ်တက္ကသိုလ်) နဲ့ မဟာဝဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) ရထားသူဖြစ်ပြီး နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာမှာ အစားထိုးတာဝန်ထမ်းဆောင်ရမှာပါ။

ဗိုလ်မှူးကြီးဖုန်းတင့်ကတော့ အခုလို တာဝန်အပြောင်းအလဲက လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ ပြောပေမယ့် ရခိုင်ပြည်နယ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးနဲ့ အနောက်ပိုင်းတိုင်း တိုင်းမှူးတွေလည်း မကြာခင်တုန်း အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

နယ်လုံဝန်ကြီးသစ် ခန့်အပ်ရေးအဆိုကိုတော့ ကန့်ကွက်မယ့်သူ မရှိဘူးဆိုရင်တော့ သြဂုတ် ၁၆ ရက်နေ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဗိုလ်မှူးကြီးမင်းသန့်ကို နယ်လုံဝန်ကြီးအဖြစ် အတည်ပြုမှာ ဖြစ်ပါတယ်။

(၄) ဟောင်ကောင်ဆန္ဒပြပွဲ တရုတ်ရှုတ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟောင်ကောင်က လေဆိပ်ဆန္ဒပြပွဲတွေဟာ သီတင်းပတ်နဲ့ချီကြာပြီး ဖြစ်နေတာပါ

လနဲ့ချီ ကြာမြင့်နေပြီဖြစ်တဲ့ ဟောင်ကောင်ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်လို့ တရုတ်အစိုးရက "ဆန္ဒပြသူတွေဟာ အကြမ်းဖက်တဲ့ အမူအကျင့်တွေ" ရှိတယ်ဆိုပြီး ရှုတ်ချပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်လေဆိပ် ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးရဲတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေတာဖြစ်ပြီး ဆန္ဒပြသူတွေဟာ အကြမ်းဖက်လုပ်ရပ်တွေအတိုင်း လုပ်ဆောင်နေတာလို့ တရုတ်ပြည်မကြီးဘက်က ပြောလိုက်တာဟာ သီတင်းတစ်ပတ်အတွင်း ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်လေဆိပ်ဟာ သြဂုတ်လ ၁၃ ရက်နေ့ကတည်းက ၂ ရက်ကြာ ဝန်ဆောင်မှုတွေ ရပ်ဆိုင်းခဲ့ရပြီး သြဂုတ်လ ၁၄ ရက်နေ့ကျမှ လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ပါတယ်။

လေ့လာသုံးသပ်သူတချို့ကတော့ ဒါဟာ တရုတ်ဘက်က စိတ်ရှည်သည်းခံမှု လျော့လာတာကို ပြသတာဖြစ်ပြီး ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ ပြည်မကြီးက ဝင်ရောက်စွက်ဖက်မှု ပိုမိုလုပ်ဆောင်လာတော့မယ်ဆိုပြီး ပြောဆိုနေကြတာပါ။

တချိန်တည်းမှာပဲ တရုတ်တပ်တွေကို ဟောင်ကောင်နယ်စပ်ရွှေ့လာတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရကတော့ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည်မကြီးဘက်က လေးစားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။