"ကျွန်တော်တို့ဆက်နေရမလား၊ ပြေးရမလား" နောင်ချိုဒေသခံ

ဂုတ်တွင်း တံတား မိုင်းခွဲခံရ ဓာတ်ပုံ မူပိုင် MPA
Image caption ဂုတ်တွင်း တံတား မိုင်းခွဲခံရ

တစ်ရက်ကို ကားစီးရေ ငါးထောင်လောက် ဖြတ်သန်း သွားလာနေတဲ့ နောင်ချို မြို့မှာ သြဂုတ်လ ၁၅ ရက် မနက်ကစလို့ လူသံတွေ ကားသံတွေဟာ တိတ်ဆိတ်သွားပါတယ် ။

မနက် ၉ နာရီကျော်တဲ့အထိ နောင်ချို မြို့ခံတွေဟာ လမ်းတွေပေါ်ထွက်လာတာ မတွေ့ရပါဘူး။

လွန်ခဲ့တဲ့ နာရီပိုင်းကတော့ နောင်ချိုကနေ ကျောက်မဲအထွက် ဂိတ်တွေ အပါဝင် သုံးဖာလုံ လောက်ဝေးတဲ့ ဂုတ်တွင်းရဲစခန်းနားမှာလည်း သေနတ်သံတွေ လက်နက်ကြီးပစ်သံတွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ် ။

နောင်ချို မြို့နဲ့ ကပ်နေတဲ့ စစ်ဆေးရေးဂိတ်မှာတော့ ကုန်တင်ကုန်ချ လုပ်တဲ့သူတစ်ဦး မီးရှို့သတ်ခံထားရတာ တွေ့တယ်လို့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်း မှာရှိနေတဲ့ နောင်ချို မြို့ခံတစ်ဦး ကပြောပါတယ်။

၁၅ ရက် မနက်ပိုင်းနောင်ချိုမှာဖြစ်ပွားခဲ့တဲတိုက်ပွဲတွေကြောင့် အရပ်သား၂ ဦး အပါအဝင် အနည်းဆုံးလူ၁၄ ယောက် သေဆုံးခဲ့တယ်လို့ လည်း နောင်ချို မှာ အလောင်းတွေကို မျက်မြင်တွေ့ခဲ့တဲ့ စေတနာမွန် နာရေးကူညီမှု အသင်းက ဘီဘီစီကို ပြောပါတယ် ။

ရခိုင်ထဲကတပ်တွေ ဆွဲထုတ်ဖို့ တိုက်ပွဲဖော်တာလား

မဟာမိတ်အဖွဲ့တွေတိုက်ခိုက်မှု ၁၄ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်ကနယ်မြေ လုံခြုံရေးယူထား

နောင်ချို မြို့ဆိုတာက ပြင်ဦးလွင်နဲ့ မိုင် ၅၀ လောက်ဝေးပါတယ်။ ဝင်တိုက်ခံခဲ့ရတဲ့ ဂုတ်တွင်း ရဲစခန်း ဟာ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး နောင်ချိုမြို့နဲ့ ကျောက်မဲမြို့ကြားမှာဖြစ်ပါတယ်။

ဂုတ်တွင်း တံတားမှာ တိုက်ပွဲစဖြစ်တာကတော့ သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း၅ နာရီကျော်လောက်ကဖြစ်ပါတယ်။

"ကျွန်တော်က တိုးဂိတ်နားမှာနေတာပါ မနက်က ပလောင် အဖွဲ့တွေ သွားနေတာတွေ့တယ်၊ နောက် သေနတ်သံ တစ်ချက်ကြားတယ် တိုးဂိတ်ကြီးတစ်ခုလုံးတိတ်ဆိတ်သွားတယ်။ နောက်မီးခိုးတွေတွေ့ရတယ် "လို့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ပေ ၅၀၀လောက် အကွာမှာရောက်နေသူကပြောပါတယ်။(လုံခြုံရေးကြောင့် သူနာမည် ကို မသုံးဖို့ သူ ကဘီဘီစီကိုပြောပါတယ်။)

"ကျွန်တော်တို့ ကိုယ်တိုင်လည်း တိုက်ပွဲကြားမှာပါ။ ကျွန်တော်တို့ ခေါင်းတွေပေါ်မှာလည်း ကျည်ဆန်တွေဝဲနေတယ် ။အိမ်အောက်ထဲ ဝင်နေရတယ်။ မနက်၉ နာရီလောက် မှာ အပြင်ကို ထွက်လို့ရတယ်၊ နောင်ချို အဝင်ဘက် ကျောက်ကြမ်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ အသံကြားရတယ်။ မြို့နှစ်ဖက်မှာ ပေါင်းဖြစ်တာပါ "လို့လည်း သူကပြောပါတယ်။

မဟာမိတ်အဖွဲ့တိုက်ခိုက်မှု ၁၄ ဦးသေဆုံး

အပစ်ရပ်မူကြမ်း တွေ့ဆုံဆွေးနွေးပွဲ နေရာညှိမရလို့ ကြန့်ကြာနေ

ကွတ်ခိုင်မှာ မူးယစ်ဆေးဝါးချက်တဲ့ စက်ရုံ ၆ ရုံကို ဖမ်းဆီးရမိ

ဓာတ်ပုံ မူပိုင် Yan Moe Naing
Image caption သေဆုံးသူတွေ ထဲမှာအရပ်သားတွေပါ

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲက နေရာ ၃နေရာနဲ့ မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော်နည်း ပညာတက္ကသိုလ်အပါအဝင် နေရာ ၂နေရာ စုစုပေါင်း ၅နေရာကို သြဂုတ်လ ၁၅ရက် မနက် ၅နာရီက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ် ။

နောင်ချိုမြို့နယ်ထဲက လော့ပန်ရွာ၊ တိုးဂိတ်နဲ့ တိုးဂိတ်တံတား အထက်နေရာတွေ၊ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ ပြင်ဦးလွင်မြို့ရှောင်တိုးဂိတ်စတဲ့နေရာ ၅ခုမှာ မနက် ၅နာရီကနေ ၅နာရီခွဲအထိ တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ် ။

နေ့လယ်ပိုင်းအထိ နောင်ချို အနီးတစ်ဝိုက်မှာ ပစ်ခတ်သံ တွေကြားနေရပြီး မြိုပေါ်မှာလူသွားလူလာ မရှိသလို ဈေးတွေကျောင်းတွေ ရုံးတွေပိတ်ထားပြီး အိမ်ထဲမှာပဲနေကြတယ်လိုံ လည်း သူကဘီဘီစီကိုပြောပါတယ်။

ဒေသခံတွေနဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းတွေအရ နောင်ချိုနဲ့ပြင်ဦးလွင် နှစ်ခုပေါင်းရင်တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့် တပ်မတော်သား ၉ ဦး၊ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၃ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးသေဆုံးခဲ့ပါတယ်။

ပြင်ဦးလွင်က အရပ်သားတစ်ဦးပါပြီး နောင်ချိုမှာတော့ ယဉ်မောင်းတစ်ဦး အပါဝင် နှစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်က ရှမ်းပြည်မြောက်ပိုင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးနေတဲ့စခန်း ဖမ်းတာကြောင့် အခုလို တိုက်ခိုက်တာလို့ တပ်မတော် ဘက် ကသုံးသပ်ထားပြီး TNLA ဘက်ကတော့ ထိုးစစ်တွေကြောင့်လို့ပြောပါတယ်။

ရခိုင်ထဲကတပ်တွေ ဆွဲထုတ်ဖို့ တိုက်ပွဲဖော်တာလား

ဓာတ်ပုံ မူပိုင် MPA
Image caption အတိုက်ခံရတဲ့နောင်ချို တိုးဂိတ်

"နောင်ချိုမှာတော့တိုက်ပွဲတွေဖြစ်ပြီး မနက် ၈နာရီ ကျော်လောက်မှာတော့ တိုးဂိတ်က ဝန်ထမ်းတွေနဲ့ဒဏ်ရာရသူတွေကို မြို့ ကသွားခေါ်လို့ရတယ်၊ဒဏ်ရာ ရတဲ့သူတွေကို ဆေးရုံပို့ပါတယ် နောင်ချိုမှာ ၃ ဦးဒဏ်ရာရတယ် အားလုံး တိုးဂိတ်က ဝန်ထမ်းတွေပါ"လို့ မျက်မြင်တွေ့သူက ပြောပါတယ်။

"နောင်ချို အခေါ်မူးယစ်ဂိတ် မှာ ကား၃စီး မီးရှို့ သွားတယ်။ ကိုသောင်းဌေး ဆိုတဲ့ ဂိတ်က ကုန်တင်ကုန်ချလုပ်တဲ့သူ မီးရှို့သတ်ခံထားရတာ တွေ့တယ် "လို့လည်း တိုးဂိတ်နားမှာနေတဲ့ သူကပြောပါတယ်။

နောင်ချို နာရေးကူညီမှုအသင်းက အပြောအရ ဆိုရင်တော့ အခုသေဆုံးသူတွေဟာ နောင်ချိုတစ်ဘက်ခြမ်းက ကျောက်ကြမ်းတိုက်ပွဲကြောင့် သေဆုံးသူတွေ မပါသေးတာကြောင့် အဲဒီဘက်က သတင်းရရင်တော့ ဒီထက်များလာနိုင်တယ်လို့ လည်း သူကပြောပါတယ် ။

နောင်ချိုမြို့ဟာ အခုအခါ လုံခြုံရေးယူထားပေမယ် ဈေးဆိုင်တွေပိတ် ထားပြီး အသက်မဲ့သလိုဖြစ်နေတယ် လို့လည်း ပြောပါတယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်း ဈေးထွက်ဝယ်ဖို့တောင် တော်တော် ခက်နေပါတယ် လို့လည်း မြိုခံတွေကပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption နောင်ချို အဝင်ဘက် ကျောက်ကြမ်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတာ ကြားရတယ်

အရင်က နောင်ချိုလမ်းမကြီးဆိုတာ တစ်ရက်ကို ကားအစီးရေ ငါးထောင်နဲ့ တစ်သောင်းကြား သွားလေ့ ရှိပြီးတော့ အခုအခါ မှာ ဂုတ်တွင်း တံတား မိုင်းဖျက်ခံထားရလို့ ကားအသွားလာမရှိသလို တိုက်ပွဲတွေကြောင့် လုံးဝ တိက်ဆိတ်နေပါတယ်။

နောင်ချို မြို့သူမြို့သားတွေဟာ အခုအခါ ဘယ်သူကမှ အိမ်အပြင် မထွက်ကြတော့ဘူး။ တိုက်ပွဲတွေများ ထပ်ဖြစ်လာမလား၊ ထပ်ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲဆိုပြီး စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ လည်း နောင်ချိုဒေသခံတစ်ဦးကပြောပါတယ်။

ညနေပိုင်းအထိ သေနတ်သံတွေ ကြားနေရတယ်၊ ကျွန်တော်တို့ ဆက်နေရ မလား၊ တခြားပြေးရမလား၊ ဘာတွေဖြစ်လာမလဲ အခုထိ ဘာမှမပြောနိုင်သေးပါဘူး လို့လည်း နောင်ချိုဒေသခံ ကပြောပါတယ်။