H1N1 ကြောင့် သေဆုံးသူ ၉၄ ဦးအထိ ရှိလာတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် AUNG KYAW HTET/AFP/Getty Images
Image caption ရာသီတုပ်ကွေးကြောင့် နှာခေါင်းစည်းတပ်ပြီး အပြင်ထွက်သွားလာနေတဲ့ ရန်ကုန်မြို့သားတစ်ဦး

(၁) H1N1 ကြောင့် သေဆုံးသူ ၉၄ ဦးအထိ ရှိလာ

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် အခုနှစ်အစောပိုင်းကစလို သြဂုတ်လ ၁၃ ရက်နေ့အထိ သေဆုံးသူ ၉၄ ဦးရှိလာပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သေဆုံးသူဟာ ရန်ကုန်တိုင်းထဲမှာ အများဆုံးဖြစ်ပြီး ၆၅ ဦးအထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ မွန်၊ ကချင်၊ ရခိုင် စတဲ့ တိုင်းနယ်ပြည်နယ်တွေထဲမှာလည်း သေဆုံးသူတွေ ရှိခဲ့ပါတယ်။

H1N1 ကြောင့် သေဆုံးမှုတွေ ဆက်ရှိနေတဲ့အပေါ် ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကတော့ "ရောဂါပိုးကြောင့် သေဆုံးသူအရေအတွက်က ဒီလောက်မများပါဘူး၊ နာတာရှည်ရောဂါလို ရောဂါအခံရှိနေတဲ့ အသက်အရွယ်ကြီးရင့်သူနဲ့ ကလေးငယ်တွေ သေဆုံးတာ များနေတာပါ၊ ဒါဟာ ကပ်ရောဂါအနေနဲ့ ကြေညာရမယ့် အနေအထား မရောက်သေးပါဘူး" လို့ ဘီဘီစီကို ပြောထားပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ ၈ လကျော်ကြာကာလအတွင်း သံသယလူနာ ၁၂၅၄ ဦးကို ဆေးစစ်ခဲ့ရာမှာ လူနာ ၇၂၃ ဦးမှာ H1N1 ပိုးတွေ့ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

သေဆုံးသူအရေအတွက်ဟာ ဇူလိုင်လအတွင်း အများဆုံးဖြစ်ခဲ့ပြီး ပိုးကြောင့် ၅၇ ဦးသေဆုံးခဲ့ရပါတယ်။

သြဂုတ်လထဲမှာတော့ ၁၃ ရက်နေ့အထိ သေဆုံးသူက ၁၁ ဦးရှိတယ်လို့ ထုတ်ပြန်ပါတယ်။

(၂) တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲ မြောက်ကိုရီးယားပယ်ချ

ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း

တောင်ကိုးရီးယားရဲ့ ပြုမှုဆောင်ရွက်မှုတွေကြောင့် မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ လုပ်မှာ မဟုတ်ဘူးဆိုပြီးတော့ ပြောလိုက်တာဖြစ်ပါတယ်။

တောင်ကိုရီးယားက အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ပြီးရင် ဆွေးနွေးမှုတွေ ပြန်စဖို့ မျှော်လင့်တာက အတွေးမှား တစ်ခုလို့ ပြုံယမ်းရဲ့ ငြိမ်းချမ်းရေးပြန်လည်ပူးပေါင်းမှုကော်မတီက နိုင်ငံပိုင်မီဒီယာကနေတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၄၅ ခုနှစ်ကျရင် ပြန်လည်ပေါင်းစည်းဖို့ ကတိပေးတိုက်တွန်းခဲ့တဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းရဲ့ မိန့်ခွန်းကိုလည်း မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

လက်ရှိမှာ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှုတွေ ခပ်စိပ်စိပ် လုပ်လာနေပြီး ၁ လ မပြည့်သေးတဲ့ ကာလအတွင်းမှာ စမ်းသပ်မှု ၆ ကြိမ်ထက်မနည်း လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည် ၂ စင်းဟာ ဂျပန်ပင်လယ်ပြင်ထဲ ကျရောက်သွားခဲ့ပါတယ်။

(၃) ဟောင်ကောင်ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဖို့ တရုတ်သမ္မတကို သမ္မတထရမ့်် တိုက်တွန်း

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးပွဲတစ်ခုမှာ တရုတ်သမ္မတနဲ့အတူ တွေ့ရတဲ့ သမ္မတထရမ့်

ဟောင်ကောင်မှာ လနဲ့ချီကြာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျန်ကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

မကြာခင်တုန်းကလည်း သမ္မတထရမ့်က ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ သူကိုယ်တိုင်လည်း သမ္မတရှီနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောထားမျိုး ပြောခဲ့ပါသေးတယ်။

ဟောင်ကောင်အရေးကို မစ္စတာရှီအနေနဲ့ ဂရုဏာထားပြီး ဖြေရှင်းနိုင်မယ်ဆိုတာ သံသယမရှိဘဲနဲ့ ယုံကြည်ပါတယ် လို့ သမ္မတထရမ့်က တွစ်တာပေါ်မှာ ရေးထားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လူရှောက်မင် ကတော့ "ဟောင်ကောင်အခြေအနေဟာ စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်နေပြီး အခြေအနေပိုဆိုရွားလာမယ်ဆိုရင် တရုတ်ပြည်မကြီးအနေနဲ့ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး" ဆိုပြီးတော့ လန်ဒန်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။