တပ်နေရာချထားရေး ဆွေးနွေးဖို့ခက်နေဦးမယ့် စက်တင်ဘာဆွေးနွေးပွဲ

အရပ်ဘက်ကားတွေ ဆက်ပြီး မီးရှို့ခံခဲ့ရ ဓာတ်ပုံ မူပိုင် AFP/Getty Images

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲတွေ လျှော့ချရေးအတွက် ကျိုင်းတုံမှာ တွေ့ဆုံခဲ့ပြီး ညီနောင်သုံးဖွဲ့ကလည်း ထိုးစစ်တွေရပ်ပြီး ခုခံစစ်ပဲ တိုက်မယ်လို့ ကြေညာချက်ထုတ်ခဲ့ပေမဲ့ အရပ်ဘက်ကားတွေ ဆက်ပြီး မီးရှို့ခံခဲ့ရပါသေးတယ်။

တိုက်ပွဲတွေ လျှော့ချရေးအတွက် မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ သြဂုတ်လ ၃၁ရက် ကျိုင်းတုံမှာ ဆွေးနွေးခဲ့ပြီးတဲ့နောက် နောက်ထပ်ဆွေးနွေးပွဲကို စက်တင်ဘာ ၁၆၊ ၁၇ မှာ လုပ်မယ်လို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမယ့် နေရာကိုတော့ အစိုးရဘက်က ကျိုင်းတုံမှာ ထပ်လုပ်ဖို့ပြောထားပြီး မြောက်ပိုင်းအဖွဲ့တွေဘက်ကတော့ ပန်ဆန်း ဒါမှမဟုတ် မိုင်းလားမှာလုပ်ဖို့ ပြောထားပေမဲ့ ဆွေးနွေးမယ့်နေရာကို အတည်မပြုနိုင်သေးပါဘူး။

ကျိုင်းတုံဆွေးနွေးပွဲ မတိုင်ခင် နှစ်ရက် အလိုမှာပဲ တပ်မတော်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စာချုပ်ပါ အချက်အလက်တွေက ညီနောင် သုံးဖွဲ့ လက်မခံနိုင်တဲ့ အကြောင်းအရာတွေပါတယ်ဆိုပြီး ထုတ်ပြန်ချက် ထုတ်ထားပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲ အပြီးမှာလည်း အဲဒီလို သဘောမတူနိုင်တဲ့ အချက်တွေကြောင့် သူတို့ဘက်က အဆိုပြုချက်ကို ငြိမ်းချမ်းရေးကော်မရှင်ဘက်ကို ပြန်ပေးခဲ့တယ်လို့ ထပ်ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption သြဂုတ် ၃၁ ရက် ကျိုင်းတုံဆွေးနွေးပွဲ

တပ်နေရာချထားရေးဆွေးနွေးဖို့ခက်မယ်

ဒီလို သဘောထားကွဲမှု တွေရှိနေတဲ့ အခြေအနေမှာ နှစ်ဘက် ထပ်တွေ့ပြီးရင်တောင် ဖြစ်လာနိုင်မယ့် အနေအထားနဲ့ ပတ်သက်ပြီး -

"အပစ်ရပ်ကြမယ်လို့ ယေဘုယျ သဘောတူပြီးရင် တပ်နေရာချထားရေးမှာတော့ ခက်ခဲလိမ့်မယ် ထင်တယ်။

ရှမ်းမြောက်မှာရှိတဲ့ တပ်နေရာ ချထားရေးနဲ့ ပတ်သက်လို့ရော အဓိကအားဖြင့် ရခိုင်ပြည်နယ်မှာရှိတဲ့ တပ်နေရာ ချထားရေးနဲ့ ပတ်သက်လို့ရော အခက်အခဲအများကြီး ရှိလိမ့်မယ်လို့ထင်ပါတယ်" လို့ တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

စက်တင်ဘာဆွေးနွေးပွဲအလွန်

ငြိမ်းချမ်းရေးလုပ်ငန်းမှာပါဝင်နေတဲ့ အဖွဲ့ဝင်ထဲက တစ်ဦးကတော့ စက်တင်ဘာ ဆွေးနွေးပွဲမဖြစ်ခဲ့ဘူးဆိုရင်တော့ တပ်အနေနဲ့ ထိုးစစ်ဆင်ဖို့ အဆင်သင့်အနေအထားမှာ ရှိနေတယ်လို့ဆိုပါတယ်။

ဒီလို အခြေအနေနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက "မပြောနိုင်သေးပါဘူး။ ကျွန်တော်တို့ကတော့ အကုန်လုံး ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၆ ၊၁၇ ဆွေးနွေးပွဲမှာ တပ်ကိုယ်စားလှယ် ပါဖို့ မပါဖို့တောင်မှ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

တပ်ကိုယ်စားလှယ်ပါတယ်ဆိုရင် သူက နှစ်ဘက် တပ်နေရာ ချထားရေးတွေ ဆွေးနွေးနိုင်မှာ ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောပါတယ်။

တပ်မတော်က အပစ်ရပ်ကို ရက်ထပ်တိုးပေးထားတဲ့ စက်တင်ဘာလ၂၁ ရက်နေ့အထိ သဘောတူညီချက်တွေ မရနိုင်ဘူးဆိုရင်တော့ မြောက်ပိုင်းနဲ့ ရခိုင်စစ်မျက်နှာ နှစ်ခုမှာ တိုက်ပွဲတွေ ဖြစ်နိုင်တယ် ထင်ပါတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MPA

ညီနောင်သုံးဖွဲ့ အမြင်

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ညီနောင်သုံးဖွဲ့က ပြောခွင့်ရ TNLA က ဗိုလ်မှူးမိုင်အိုက်ကျော်က "ပထမတစ်ခေါက်မူကြမ်းက တစ်ဘက်နဲ့ တစ်ဘက် ကွာဟမှု တအား များနေတယ်။ မဖြစ်နိုင်တဲ့ဟာတွေ ရှိတယ်။ အလုပ်ဖြစ်နိုင်တဲ့နည်းလမ်း တစ်ဘက်နဲ့ တစ်ဘက် ဆွေးနွေးပြီးရင်တော့ ဖြစ်နိုင်ခြေတော့ရှိပါတယ်။ တစ်ဘက်က တင်းမာနေရင် ဒီဘောင်အတွင်းပဲ ဝင်ရမယ်၊ ဒီအတိုင်းပဲ လျှောက်ရမယ်ဆိုရင် တင်းမာနေမယ်ဆိုရင် လွယ်တော့မလွယ်ဘူးလို့ မြင်တယ်"လို့ ပြောပါတယ်။

ကျိုင်းတုံဆွေးနွေးပွဲနောက် ပဏာမ အပစ်ရပ်သဘောတူရာကနေ စစ်ပွဲအားလုံး ရပ်ဖို့အထိ လုပ်ဆောင်မယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်လိုက်ပေမဲ့ အရပ်သားကားတွေမီးရှို့ခံရတာနဲ့ ကွတ်ခိုင်က ရွာထဲကို လက်နက်ကြီး ကျလို့ ကလေးတွေ အပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ညီနောင်သုံးဖွဲ့က ဒီလုပ်ရပ်တွေ လုပ်တယ်လို့ တပ်မတော်က လိမ်ညာရေးတယ်ဆိုပြီး ညီနောင်သုံးဖွဲ့က ကန့်ကွက်ရှုတ်ချတဲ့စာကို စက်တင်ဘာ ၅ ရက်မှာ ထုတ်ထားပါတယ်။

သဘောမတူတာတွေကြားက စက်တင်ဘာဆွေးနွေးပွဲ

အခုလို သဘောမတူတာတွေရှိနေပေမဲ့ ဆွေးနွေးပွဲကိုတော့ မဖြစ်မနေ လုပ်မယ့်သဘောရှိတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးက ဘီဘီစီကို ပြောပါတယ်။

"ဧပြီ ၃၀ ရက်ကလည်း အပစ်အခတ် ရပ်စဲရေး ကုန်တဲ့ရက်တွေ့တာပဲ။ ဇွန် ၃၀ ရက်ကလည်း အပစ်အခတ် ရပ်စဲရေး ကုန်တဲ့ရက် တွေ့တာပဲ။ သြဂုတ် ၃၁ ကလည်း အပစ်အခတ် ရပ်စဲရေး ကုန်တဲ့ရက်မှာ တွေ့တာပဲ။ အပစ်အခတ်ရပ်စဲရေး ကုန်တဲ့ရက်မှာ မဖြစ်မနေ တွေ့လေ့ရှိတယ်လို့ ပြောလို့ရတယ်" လို့ သူက ပြောပါတယ်။

သြဂုတ်လ ၃၁ ရက် ကျိုင်းတုံ ဆွေးနွေးပွဲ အပြီးမှာ တပ်မတော်က အပစ်ရပ် ၂၁ ရက် ထပ်တိုးထားလိုက်ပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေဆုံမှုတွေ အပြီးမှာ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်အောင်ဆိုပြီး တပ်မတော်က အပစ်ရပ် သက်တမ်းကို ထပ်တိုးပေးလေ့ရှိခဲ့ပါတယ်။