အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒီကနေ့တွေ့ဖို့ရှိနေတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption ငြိမ်းချမ်းရေးဆွေးနွေးပွဲ တစ်ခုမှာ တွေ့ရတဲ့ တပ်မတော်စစ်ဦးစီးချုပ်နဲ့ KNU ခေါင်းဆောင်

(၁) အပစ်ရပ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကော်မရှင် ဒီကနေ့တွေ့မယ်

တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ကစလို့ ၂ ရက်ကြာ ဆွေးနွေးပွဲတွေ စနေပါပြီ။

ဆွေးနွေးပွဲကို တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လည်း တက်ရောက် နေပါတယ်။

ဆွေးနွေးပွဲမှာ ၂၀၂၀ မေလမတိုင်ခင်မှာ ၂၁ ရာစု ပင်လုံညီလာခံ ၁ ခုကို ကျင်းပပြီး၊ အဲ့ဒီကတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ ဆွေးနွေးရရှိလာမယ့် တတိယမြောက် ပြည်ထောင်စုသဘောတူညီချက်ကို ဖော်ထုတ်နိုင်ရေး ထည့်သွင်းဆွေးနွေးဖို့ ရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောထားပါတယ်။

(၂) တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မြောက်ပိုင်း ၃ ဖွဲ့က ၁ လတာ အပစ်ရပ်ဖို့ ကြေညာ

ဓာတ်ပုံ မူပိုင် TNLA information facebook
Image caption အပစ်ရပ် ကာလအတွင်း ထိုးစစ်ဆင်တာတွေ ရပ်ဖို့ မြောက်ပိုင်း အဖွဲ့တွေ ထုတ်ပြန်ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လကတည်းက တပ်မတော်နဲ့ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာ ၉ ရက်နေ့ကစလို့ ၁ လတာ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲဖို့ စက်တင်ဘာလ ၉ ရက်နေ့က ကြေငြာလိုက်ပါတယ်။

တဖက်သတ်အပစ်အခတ်ရပ်ဆိုင်းတဲ့ကာလမှာ မြန်မာစစ်တပ်က စပြီးတိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာ၊ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်လာမယ်ဆိုရင် ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့ အနေနဲ့ တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့် MNDAA နဲ့ တအာင်းပလောင်TNLA တို့ ၃ ဖွဲ့ဟာ ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ်၊ နောင်ချိုက ဂုတ်တွင်းတံတားတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ စတဲ့ ရှမ်းမြောက်က ပြည်ထောင်စုလမ်းမပေါ်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး အခုတော့ မဟာမိတ်အဖွဲ့တွေဟာ စက်တင်ဘာ ၉ ရက်နေ့ ကစပြီး အောက်တိုဘာ ၈ ရက်နေ့ အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်ဆိုင်းတယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

(၃) ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲကျင်းပရေးအဆို ရှုံးနိမ့်

ဓာတ်ပုံ မူပိုင် AFP
Image caption ဗြိတိန်ပါလီမန်ထဲ ဘရက်ဆစ်အရေးဆွေးနွေးနေတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်

ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ နုတ်ထွက်ရေး ဘရက်ဆစ်နဲ့ ပတ်သက်လို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေချိန်မှာပဲ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အဆိုပြုထားတဲ့ အထွေထွေရွေးကောက်ပွဲ ခေါ်ယူပေးရေးအဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ ဝန်ကြီးချုပ်ဂျွန်ဆင်ရဲ့ အဆိုပြုချက်ကို လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ ထောက်ခံဖို့ လိုအပ်တာဖြစ်ပြီး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၂၉၃ မဲ၊ ကန့်ကွက်မဲ ၄၆ မဲ၊ ကြားနေမဲ ၃၀၃ မဲ ရခဲ့ပြီး လုံလောက်တဲ့ မဲအရေအတွက် မရခဲ့ပါဘူး။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ "ဘရစ်ဆစ်နဲ့ ပတ်သက်လို့ အချိန်ဆွဲချင်တယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲသာ ခေါ်လိုက်ပါ၊ ဗြိတိန်မှာ ဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ရွေးကောက်ပွဲနဲ့ပဲ ဖြေရှင်းနိုင်မှာပါ၊ ပြည်သူတွေကို ဆုံးဖြတ်ခွင့်ပေးပါ" ဆိုပြီး အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

ဗြိတိန်လွှတ်တော်မှာတော့ ဘရက်ဆစ်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ အကြိတ်အနယ် လုပ်နေကြဆဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဗြိတိသျှပါလီမန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုးဟာ ဗြိတိန် ဥရောပသမဂ္ဂကနေ နုတ်ထွက်မယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဘရက်ဇစ်အရေး ထောက်ခံသူတွေကတော့ မစ္စတာဘားကိုးဟာ ပါလီမန်ကို ဘရက်ဇစ်အရေး ဆန့်ကျင်သူတွေ လက်ထဲရောက်အောင် ထိုးပေးခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။

သူကတော့ လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလာတာ ၁၀ နှစ် ပြည့်ပြီမို့ အခုအချိန်ဟာ အနားယူဖို့ အချိန်ရောက်ပြီလို့ ပြောထားပါတယ်။

(၄) တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဆုံးသတ်လိုက်ပြီလို့ သမ္မတ ထရမ့်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်

အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တွေနဲ့ ၁၈ နှစ်ကြာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေအဆုံးသတ်နိုင်ရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဖျက်သိမ်းခဲ့ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်တုန်းက အမေရိကန်စစ်သား ၁ ဦးကို သတ်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တာလီဘန်အဖွဲ့တစ်ခုကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံတွေ့ဆုံဖို့ လျှို့ဝှက်အစီအစဉ်ကို သမ္မတထရမ့်က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

"တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာက သူ့သဘောဆန္ဒအတိုင်း ဖြစ်ပြီး ဆွေးနွေးပွဲကို ဖျက်လိုက်တာကလည်း သူ့ဆန္ဒအတိုင်းပါ" လို့ သမ္မတထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းရေးနဲ့ ပတ်သက်လို့လည်း သမ္မတထရမ့်က "တပ်တွေကို ရုပ်သိမ်းမှာပါ၊ ဒါပေမဲ့ သင့်တော် မှန်ကန်တဲ့အချိန်မှာ လုပ်ဆောင်ဖို့ ပြင်ထားပါတယ်" လို့ ပြောပါတယ်။

အခုလို ဖျက်သိမ်းမှုထွက်ပေါ်မလာခင် သမ္မထရမ့်ဟာ တာလီဘန်တွေအပြင် အာဖဂန်သမ္မတ အာရှပ်ဖ်ဂါနီကို သမ္မတအပန်းဖြေစခန်း ကမ့်ပ်ဒေးဗစ်မှာ ဧည့်ခံတွေ့ဆုံဖို့ စီစဉ်ထားခဲ့တာလည်း ဖြစ်ပါတယ်။