နမ့်ဆန် တောင်ရိုးဘုရားအနားမှာ တိုက်ပွဲတွေ ထပ်ဖြစ်အပါအဝင် မနက်ခင်း သတင်းများ

ဓာတ်ပုံ မူပိုင် Lway Ayemai
Image caption နမ့်ဆန်တောင်ရိုးက တိုက်ပွဲရှောင်များ

နမ့်ဆန် တောင်ရိုးဘုရားအနားမှာ တိုက်ပွဲတွေ ထပ်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန် မြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့ (ဒီနေ့) မနက် ခြောက်နာရီခွဲ ဝန်းကျင်က တောင်ရိုးဘုရား ပတ်ဝန်းကျင်တဝိုက် တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကတည်းက တိုက်ပွဲတွေ ဖြစ်နေတာ ဖြစ်ပြီး ဒီမနက်မှာ ထပ်ပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အနီးအနားက ပြည်သူတွေဟာ နမ့်ဆန် ဇယန်းကြီးဘုန်းကြီးကျောင်းကို စစ်ရှောင် ထွက်ပြေး လာကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ် TNLA တို့ကြားမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် နမ့်ဆန်မြို့အနားက ဟိုချောင်းကျေးရွာ၊ ဇယန်းကြီးကျေးရွာနဲ့ တောင်ရိုးဘုရားအနီးက ဒေသခံတွေမှာ တိုက်ပွဲလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေ ထံကသိရပါတယ်။

ဓာတ်ပုံ မူပိုင် Lway Ayemai
Image caption နမ့်ဆန်တောင်ရိုးက တိုက်ပွဲရှောင်များ

ဒီမနက် ထပ်ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တောင်ရိုးဘုရားနားမှာရှိတဲ့ ဟိုချောင်း၊ ပန်တူအူ၊ မန်ဆာ အစရှိတဲ့ ရွာတွေကနေ ရွာသားတွေဟာ စစ်ဘေးရှောင်ပြေးလာရတာဖြစ်တယ်လို့ နမ့်ဆန် ဒေသခံ တချို့က ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က ရဟတ်ယာဉ် ၂စီးနဲ့ လေကြောင်းပစ်ကူ ပေးခဲ့ပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်ပေါ်နေတဲ့ ရှမ်းမြောက်ပိုင်းဟာ မြန်မာ့တပ်မတော်ဘက်က အပစ်ရပ်ထားမယ်လို့ ကြေညာထားတဲ့ စစ်တိုင်းတွေထဲမှာ ပါဝင်ပေမယ့် အပစ်ရပ်ကြေညာပြီးအတွင်း ၁၀ကြိမ်ထက်မနည်း တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်ရဲ့ စည်းမျဉ်းနဲ့ ဘဏ်တွေပြဿနာကို ထိန်းကျောင်းမယ်

မြန်မာနိုင်ငံမှာ ဘဏ်တွေနဲ့ ပတ်သက်လို့ ကောလာဟလ နဲ့ပတ်သက်ပြီး လူတွေရဲ့ စိုးရိမ်မှုအပေါ် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းတွေနဲ့ ထိန်းကျောင်းသွား မှာဖြစ်တယ်လို့ စက်တင်ဘာ ၁၃ ရက်နေ့ က လုပ်တဲ့ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

ဦးဇော်ဌေးက " အခုမြန်မာနိုင်ငံ တစ်နိုင်ငံလုံးက ဘဏ်တစ်ဘဏ်ချင်းစီရဲ့ ငွေဘယ်လောက်ထုတ်တယ်။ ငွေဘယ်လောက်သွင်းတယ်၊ ငွေသွင်းငွေထုတ် စုစုပေါင်း စာရင်းချုပ်ကို ဗဟိုဘဏ်က နိုင်ငံတော် သမ္မတရုံးကို နေ့စဉ်တင်ပြပါတယ်။ အခုလောလောဆယ်မှာတော့ ငွေအထုတ် အသွင်းမှာ အရမ်းကွာဟတာ မရှိပါဘူး။ ထုတ်တာများပြီဆိုရင် ဒီထုတ်တဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ ဆိုတာကို အုပ်ချုပ်မှု နည်းလမ်းနဲ့ ဆောင်ရွက်ရတဲ့ အပိုင်းတွေရှိပါတယ် " ဟုဆိုပါတယ်။

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် မှာ သြဂုတ်လ ၂၇ ရက်နေ့ က ဖြေကြားသွားတာဟာ ဗဟိုဘဏ်ရဲ့ ရပ်တည်ချက်နဲ့ ပြည့်ဝစွာ ကိုက်ညီမှုမရှိဘူးလို့လည်းထုတ်ပြန်ချက်မှာပါပါတယ်။

ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်းဟာ ပြည်သူ့လွှတ်တော် မှာ သြဂုတ်လ ၂၇ ရက်နေ့ က လုပ်ငန်းရှင်များအတွက် ဘဏ်တွေ ဟာ လိုအပ်တာ ထက်တောင် ပိုပြီးလိုက်လျောမှုအများကြီးလုပ်ခဲ့ပြီးပြီ ဖြစ်ပြီးအတိုးလည်းမရအရင်းလည်း မရဖြစ်နေတဲ့ ချေးငွေတွေကို ထိထိရောက် ရောက် ကိုင်တွယ်ကြဖို့ လည်းပြောသွားခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဟောင်ကောင်မှာရှိတဲ့ ဆန္ဒပြသူတွေ စပ်တဲ့သီချင်း

ဟောင်ကောင်မှာရှိတဲ့ ဆန္ဒပြသူတွေ စပ်တဲ့သီချင်း

ဟောင်ကောင်က ဆန္ဒပြသူတွေဟာ Glory to Hong Kong အမည်ရှိတဲ့ သီချင်းတပုဒ်ကို စပ်ဆို ခဲ့ကြပါတယ်။ ဒီသီချင်းဟာ အပိုဒ်လေးပိုဒ် ပါဝင်ပြီး ကွမ်တုံ ဘာသာနဲ့ စပ်ဆိုထားတာ ဖြစ်ပါတယ်။

ဒီသီချင်းထဲမှာ ပါတဲ့ စာသားတွေကတော့ ငါတို့နိုင်ငံမှာကျတဲ့မျက်ရည်၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ အစရှိတဲ့ စကားလုံးတွေ ပါဝင်ပါတယ်။

ဒီသီချင်းစာသားတွေကို လူအများစုဝေးတဲ့ ဈေးဝယ်စင်တာ၊ ဘောလုံးပွဲ စရှိတဲ့ နေရာတွေက လူတွေဆီကနေ ကောက်ယူပြီးရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီသီချင်းကိုတော့ သောမတ်စ်လို့ အမည် ခံထားတဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ယောက် ရေးထားတာ ဖြစ်ပါတယ်။

သောမတ်စ်က ဒီသီချင်းဟာ ဟောင်ကောင်ပြည်သူတွေရဲ့ စည်းလုံးမှုနဲ့ စိတ်ဓါတ်ကိုမြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဘီဘီစီ တရုတ်ဌာနကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဟောင်ကောင် ဆန္ဒပြသူတွေကို တရုတ်သတိပေး

ဆက်စပ် အကြောင်းအရာများ