မဆိုင်းနူးပန် မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်

မြစ်ကြီးနား IDP များဆန္ဒထုတ်ဖော်မှုကို လာရောက်သတိပေး တားမြစ်ခံရစဉ် ဓာတ်ပုံ မူပိုင် Yan Aung Htun / MPA
Image caption မြစ်ကြီးနား IDP များဆန္ဒထုတ်ဖော်မှုကို လာရောက်သတိပေး တားမြစ်ခံရစဉ်

စစ်ရှောင်တွေရဲ့ ဘဝခံစားချက်ကို သရုပ်ဖော်ပြသဖို့ ဦးဆောင်ခဲ့တဲ့ မဆိုင်းနူးပန်ဟာ ဒီကနေ့ မြစ်ကြီးနား အကျဉ်းထောင်က လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာတဲ့ မဆိုင်းနူးပန်က " ကျွန်မတို့ကတော့ အခုထိ အပြစ်ရှိတယ် မခံယူဘူး။ အပြစ်မရှိတဲ့အတွက်ကြောင့် ငွေဒဏ်မပေးဘူး။ ငွေဒဏ်မပေးတော့ ထောင်ဒဏ်ကျတာ ဖြစ်တယ်။ အခုလည်း ဆက်လက်ပြီးမှ ကျွန်မတို့အမှုကို အယူခံဝင်ဖို့ရှိတယ်။ အယူခံမှာလည်း အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ထားတယ် " လို့ပြောပါတယ်။

အခုမြန်မာနိုင်ငံရဲ့ တရားစီရင်စနစ်ကို ပြောင်းလဲချင်ပြီး တရားစီရင်ရေးစနစ်ဟာ လုံးဝ ယိုယွင်းနေတယ်လို့ မဆိုင်းနူးပန်က ဆိုပါတယ်။

ကချင်လူငယ် ၂ဦးဖြစ်တဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလုတို့ဟာ ဇွန်လ ၉ ရက်နေ့က မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာကချင်စစ်ဘေး ၈နှစ်ပြည့်အဖြစ် စစ်ရှောင်တွေရဲ့ ခံစားချက်ဘဝတွေကို တေးသရုပ်ဖော် တင်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီလိုတင်ဆက်ခဲ့တာကြောင့် ဦးဆောင်သူ နှစ်ဦးဖြစ်တဲ့ မဆိုင်းနူးပန်နဲ့ ကိုပေါလု ကို ပုဒ်မ ၁၉ နဲ့ စက်တင်ဘာ ၂ ရက်နေ့က ထောင်ဒဏ် ၁၅ ရက်စီချမှတ်လိုက်တာ ဖြစ်ပါတယ်။

မဆိုင်းနူးပန်နဲ့ အတူတူ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခံရတဲ့ ကိုပေါလုကတော့ သူတို့နှစ်ဦးကို စီရင်ချက်ချတဲ့ မြို့နယ်တရားသူကြီး ဦးသန်းထွန်းကို တရားခွင်မှာ ကြိုးပြတ်နေတဲ့ ချိန်ခွင်ပေးခဲ့တဲ့အတွက် ပုဒ်မ ၂၂၈ နဲ့ ထောင်ဒဏ် သုံးလ ထပ်မံ မှတ်ခံခဲ့ရပါတယ်။

တရားစီရင်ရေးနဲ့ ပတ်သက်လို့ လူရောမူပါ ပြင်ရမှာဖြစ်တယ်လို့ သရုပ်ဖော်ပြခဲ့လို့ ထောင်ဒဏ် ၁၅ ရက် ကျခံခဲ့ရတဲ့ မဆိုင်းနူးပန်က ဆိုပါတယ်။