တပ်ကတင်တဲ့ အခြေခံဥပဒေပြင်ရေး ဥပဒေကြမ်း လွှတ်တော်ကော်မတီ စိစစ်မည်

တပ်မတော်က ပထမဆုံးတင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေးဥပဒေကြမ်းဖြစ်
Image caption တပ်မတော်က ပထမဆုံးတင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေးဥပဒေကြမ်းဖြစ်

တပ်မတော်သားအစုအဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ စက်တင်ဘာ ၁၇ ရက်မှာ တင်သွင်းတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်းမှာ ပုဒ်မနှစ်ခုကို အဓိက ပြင်ဆင်ထားတာ တွေ့ရပါတယ်။

အဲဒီပုဒ်မနှစ်ခုမှာ ပုဒ်မ ၂၃၂ က ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်ဖြစ်ပြီး ပုဒ်မ ၂၆၁ ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရသူတွေရဲ့ အရည်အချင်း သတ်မှတ်ချက် တွေဖြစ်ပါတယ်။

ပြင်ဆင်ချက်အရ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ကိုယ်တိုင် နိုင်ငံခြားသား မဖြစ်ရမယ့်အပြင် သူတို့နဲ့ဆွေမျိုးတော်စပ်သူတွေဟာ နိုင်ငံခြားအစိုးရလက်အောက်ခံနဲ့ နိုင်ငံခြားသား မဖြစ်ရဘူးလို့ ပါဝင်ပါတယ်။ ဒီအချက်ကို ထပ်တိုးပုဒ်မတွေအဖြစ် သက်ဆိုင်ရာပုဒ်မတွေနောက်မှာ ပုဒ်မခွဲ အဖြစ် ထည့်သွင်းမယ်လို့ တပ်မတော်က ဆိုပါတယ်။

'ပြည်ထောင်စုဝန်ကြီးတွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေ အပေါ်သစ္စာရှိဖို့၊ နိုင်ငံခြားနဲ့ အဆက်အစပ်ရှိတဲ့သူဖြစ်ရင် ဆွေမျိုးတော်စပ်မှု အကြောင်းပြုပြီးတော့ နိုင်ငံခြားရဲ့ ဝင်ရောက်စွက်ဖက်မှု မရှိဖို့အချက်တွေ ထည့်သွင်းတာ ဖြစ်ပါတယ်'' လို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ဒီဥပဒေကြမ်းနဲ့ပတ်သက်လို့ ဒီကနေ့လွှတ်တော်အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဝန်ကြီးနဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ မိမိကိုယ်တိုင်၊ မိမိရဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း၊ သားသမီးနဲ့ အဲဒီ သားသမီးရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက် ရိုသေသူ ဒါမှမဟုတ် နိုင်ငံခြားသား မဖြစ်စေရလို့ ဥပဒေမူကြမ်းမှာ ဖော်ပြထားပါတယ်။

ပြင်ဆင်ချက် ထည့်ရတာနဲ့ ပတ်သက်လို့ လက်တွေ့မြေပြင်မှာ ဒီလိုအခြေအနေမျိုးတွေ ကြုံတွေ့တာမျိုးတော့ မရှိသေးဘူးလို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

ဒီဥပဒေကြမ်းကို ဥပဒေနဲ့အညီ တင်သွင်းတာဖြစ်ပြီး ဥပဒေနဲ့ညီရင် သက်ဆိုင်ရာ ပူးပေါင်းကော်မတီက ဆွေးနွေးရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါဟာ သမ္မတအရည်အချင်းသတ်မှတ်ချက်ထဲမှာပါဝင်တဲ့ ပုဒ်မ ၅၉ (စ) ရဲ့နယ်ပယ်ကို ချဲ့ထွင်တာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာစိုးက ပြောကြားလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Pyi Htaung Su Hluttaw
Image caption ပုဒ်မ ၅၉ (စ) ကို နယ်ပယ်ချဲ့ထွင်တာလို့ အန်အယ်လ်ဒီအမတ်ပြော

ဒီဥပဒေကြမ်းမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ မပါဘဲ တပ်မတော်သား အစုအဖွဲ့က ၁၄၄ ဦးက လက်မှတ်ရေးထိုး တင်ပြတာဖြစ်ပါတယ်။ ဒါက လွှတ်တော်အမတ်တွေရဲ့ ၂၀ ရာခိုင်နှုန်းကျော်တဲ့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှစ်ရပ်ပါ ၃၀ ဦးကော်မတီက စိစစ်သွားမယ်လို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်လည်းဖြစ်တဲ့ သူက ဆက်ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေရဲ့ အရည်အချင်းမှာ ဒီလိုကန့်သတ်ဖို့ လိုမလိုနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံမှာရှိခဲ့ဖူးတဲ့ ၁၉၄၇ နဲ့ ၁၉၇၄ အခြေခံဥပဒေနှစ်ခုလုံးမှာ ဒီလိုသတ်မှတ်ချက် မပါဝင်ဘူးလို့ ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။

ဒါ့အပြင် ဒီအချက်ဟာ ကိုယ့်နိုင်ငံတစ်ခုတည်းကိုပဲ ထူးထူးခြားခြား ကန့်သတ်ထားရာ ရောက်နေလားဆိုတာကိုပါ ချိန်ထိုးကြည့်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

'နိုင်ငံတကာမှာ ပြဌာန်းတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့လည်း ကျွန်တော်တို့က ချိန်ထိုးပြီး ကြည့်ရပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုကန့်သတ်ချက်မျိုးမရှိပါဘူး။ တချို့နိုင်ငံတွေမှာဆို သူတို့နိုင်ငံမှာ နိုင်ငံသားခံယူပြီးတော့ ဘယ်နှနှစ်ကြာနေထိုင်ပြီးရင် ဝင်ရောက်ရွေးချယ်ခံပိုင်ခွင့်ရှိတယ် ဆိုတာမျိုး လည်းရှိပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က ချင့်ချိန်သုံးသပ် ဆောင်ရွက်ရမှာပေါ့'' လို့ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

အခု ပြင်ဆင်ထည့်သွင်းမယ့် သတ်မှတ်ချက်ဟာ သမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက တစ်ခု ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) နဲ့ သဘောတရား အတူတူဖြစ်ပြီး ဒီပုဒ်မကြောင့် ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက် လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ တာဝန် ထမ်းဆောင်ခွင့်မရခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် State Counsellor Office
Image caption ပြည်ထောင်စုဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေဟာ ကိုယ်တိုင်နိုင်ငံခြားသားမဖြစ်ရတဲ့အပြင် ဆွေမျိုးတွေကလည်း နိုင်ငံခြားသားမဖြစ်ရလို့ပါဝင်

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်းကို လွှတ်တော်ကို တင်သွင်းပြီး မဲခွဲဆုံးဖြတ် အတည်ပြု ချက်အရ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ တိုင်းပြည်ကို လက်တွေ့ဦးဆောင်နေပါတယ်။

ဒီဥပဒေကြမ်းနဲ့ဆိုရင် အခြေခံဥပဒေပြင်ဖို့ ဥပဒေကြမ်းတင်တာ သုံးခုရှိလာပြီဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၄၅ ဦးက တစ်ကြိမ်၊ ပြည်ခိုင်ဖြိုးအမတ် ဦးသိန်းထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၄၃ ဦးကတစ်ကြိမ် နှစ်ကြိမ်တင်ထားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ ၄၅ ဦးကော်မတီထဲမှာ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့လို့ အဆိုတွေအတည်မဖြစ်ခဲ့ပါဘူး။

လက်ရှိမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီကနေ တခြားပါတီတချို့က ကိုယ်စားလှယ် ၃ ဦး နုတ်ထွက်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ