ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြားချက်အပေါ် ဝေဖန်မှုတွေ ရှိနေ အပါအဝင် သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Chau Doan
Image caption နယ်မှာ တာဝန်ကျတဲ့ ဆရာမတွေအတွက် နေထိုင်ရေးနဲ့ လုံခြုံရေး အရေးကြီး။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေးကော်မတီက ပဲခူးဝန်ကြီးချုပ် ပြောကြားချက်အပေါ် သဘောထားထုတ်ပြန်

အောက်တိုဘာ ၅ ရက်နေ့က ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲမှာ ပညာရေး ဝန်ထမ်း ဆရာဆရာမတွေကို အကြမ်းဖက်ခံရမှုနဲ့ ဘဝလုံခြုံရေးကို ထိခိုက်စေတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီက အောက်တိုဘာလ ၁၁ ရက်နေ့က သဘောထားထုတ်ပြန်လိုက်ပါတယ်။

အဲဒီလူထုတွေ့ဆုံပွဲမှာ ကျေးရွာလူထုကနေ ပညာရေးဝန်ထမ်း ဆရာ/ဆရာမတွေရဲ့ နေထိုင်ရေးနဲ့ ပတ်သက်ပြီး တင်ပြချက်အပေါ် ပဲခူးတိုင်းဝန်ကြီးချုပ်က "ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်၊ ဆရာဆရာမတွေ ရပ်ထဲရွာထဲနေတော့ ဒီက ရွာသူ ရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှာ ၊ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ၊ လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကား လိုက်ပြောကြ၊ ဒါမှ ရွာမှာမြဲမှာ" လို့ ပြောကြားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီလို ပြောကြားချက်ဟာ အမျိုးသမီးပညာရေးဝန်ထမ်း ဆရာမများရဲ့ လက်တွေ့ဘဝ အခက်အခဲတွေနဲ့ လုပ်ငန်းခွင် အခြေအနေတွေကို ထိခိုက်စေတယ်လို့ အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟိုကော်မတီ ဧရာဝတီတိုင်းက ဆရာဦးမင်းမင်းထွဋ်က ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အနေနဲ့ ပညာရေး ဝန်ထမ်းတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်းတွေကို ဖန်တီးပေးဖို့နဲ့ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ပေးနိုင်ရေးကို အလေးအနက်ထား စီမံ ဆောင်ရွက်ပေးမယ့် အစား အမျိုးသမီး ပညာရေး ဝန်ထမ်းတွေ အကြမ်းဖက်ခံရတာနဲ့ ဘဝလုံခြုံမှု ထိပါးတာကို အားပေးအားမြောက် ပြောဆိုခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နိုင်ငံတော်က နေ ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးဖို့ အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂများ ဗဟိုကော်မတီက တောင်းဆိုထားပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ပြောကြားတဲ့ ရုပ်သံဖိုင်ဟာ အခုရက်ပိုင်းထဲမှာ အွန်လိုင်းလူမှုကွန်ရက် ပေါ်မှာ ပျံ့နှံ့ နေပြီး လူအများကြား ဝေဖန် ပြောဆို ဆွေးနွေးစရာလည်း ဖြစ်နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တိုက်ခိုက်မှုတွေကြားထဲက ပညာရေး ဝန်ထမ်းတွေရဲ့ အခြေအနေ

ပလက်ဝမှာ ပျောက်ဆုံးနေသူ ၁၅ ဦးအထိ ရှိလာ

တပ်မတော်နဲ့အေအေရခိုင့်တပ်တွေရဲ့ တိုက်ပွဲတွေကြားထဲမှာ ပလက်ဝမြို့နယ်ထဲက ဒေသခံတွေ ပျောက်ဆုံးနေတာဟာ အခုဆိုရင် ဒေသခံ (၁၅) ဦးအထိ ရှိလာပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဆလိုင်းတာရက ဘီဘီစီကို ပြောပါတယ်။

ပျောက်ဆုံးနေသူတွေဟာ တောင်ယာသွားတဲ့အချိန်၊ ပလက်ဝမြို့မှာ ဆန်နဲ့ စားနပ်ရိက္ခာ သွားရောက်ဝယ်ယူတဲ့ အချိန်တွေမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ၊ သူတို့ပျောက်ဆုံးစဉ်က ရွာသားတွေ လိုက်လံရှာဖွေခဲ့ပေမယ့် ခြေရာလက်ရာ မမြင်ရအောင်ကို ပျောက်ဆုံးတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ပျောက်ဆုံးသွားသူတွေရဲ့ အနီးတဝိုက်မှာ အေအေရခိုင့်တပ်နဲ့ တပ်မတော်စစ်ကြောင်းတွေ သွားလာတဲ့နေရာတွေဖြစ်ပေမယ့် နှစ်ဖက်လုံးကတော့ ငြင်းဆိုထားပါတယ်။

ပျောက်ဆုံးနေတဲ့ ရွာသား (၁၅)ယောက်ဟာ သာယာကုန်းကျေးရွာ၊ ဝန်ချောင်းဝ ကျေးရွာတို့က ဖြစ်ပြီးတော့ ၂၀၁၈ အောက်တိုဘာလကနေ ၂၀၁၉ အောက်တိုဘာ လအထိ တစ်နှစ်အတွင်း ပျောက်ဆုံးခဲ့တဲ့စာရင်းဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်း တစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်

ဂျပန် နိုင်ငံဟာ ဆယ်စုနှစ် အတွင်း အပြင်းထန်ဆုံး မုန်တိုင်း တစ်ခုနဲ့ ရင်ဆိုင်ရဖို့ရှိ

ဂျပန်နိုင်ငံဟာ ဆယ်စုနှစ်တွေ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်း တစ်ခုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တိုင်ဖွန်း ဟာဂျီဘစ်စ် (Hagibis) လို့ အမည် ပေးထားတဲ့ အဲဒီ အင်အားပြင်း မုန်တိုင်းဟာ အောက်တိုဘာ ၁၂ ရက် စနေနေ့ (ဒီနေ့) နှောင်းပိုင်းမှာ မြို့တော် တိုကျို အနီးမှာ ကုန်တွင်းပိုင်းကို ဝင်ဖို့ ရှိပါတယ်။

အခု မုန်တိုင်း ဝင်မယ့် နေရာဟာ အရင်လက မုန်တိုင်း တစ်ခု ဒဏ်ခံခဲ့ရလို့ ပြန်လည် ထူထောင်ရေး လုပ်နေဆဲ ဒေသတွေလည်း ဖြစ်နေပါတယ်။

တိုကျို မြို့တော် နေရာ အနှံ့အပြားမှာ မုန်တိုင်း အကြို မိုးသည်းထန် နေပြီး လူနေအိမ် သောင်းနဲ့ချီဟာ လျှပ်စစ် မီး ပြတ်တောက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။

မြေနိမ့်ပိုင်း ဒေသက လူနေအိမ်တွေကိုလည်း ရွှေ့ပြောင်းကြဖို့ အမိန့်ထုတ်ပြန် ထားရပါတယ်။ လေယာဉ်နဲ့ ရထား ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။

မုန်တိုင်းကြောင့် ဂျပန်မှာ ကမ္ဘာ့ Rugby အားကစားပြိုင်ပွဲရဲ့ ပွဲစဉ် ၂ ခု ကို ရွှေ့ဆိုင်းထားပြီး တခြား ပွဲစဉ်တွေလည်း ရွှေ့ဆိုင်းဖို့ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဖော်မြူလာဝမ်း ဂရွန်းပရီ ကားမောင်းပြိုင်ပွဲ အကြို အဆင့် ပွဲစဉ်တွေနဲ့ လေ့ကျင့်မှုတွေကိုလည်း စနေနေ့ အတွက် ရပ်ဆိုင်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ