ကိုယ်ထူကိုယ်ထ လုံခြုံရေးယူနေရတဲ့ အခြေခံပညာရေးလုပ်သားတွေ

တိုင်းရင်းသားဒေသတွေမှာ ပညာရေးဝန်ထမ်းရှားပါးဆဲ ဓာတ်ပုံ မူပိုင် Thierry Falise
Image caption တိုင်းရင်းသားဒေသတွေမှာ ပညာရေးဝန်ထမ်းရှားပါးဆဲ

အခြေခံပညာရေးမှာ နယ်တကာလှည့် တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ ၊ ဆရာမတွေအတွက် အခုချိန်အထိ ဝန်ထမ်းအိမ်ရာ မလုံလောက်တာတွေနဲ့ ကြုံနေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဆရာ ဆရာမတွေက မိမိတာဝန်ကျတဲ့ ရပ်ရွာတွေကို အားကိုးနေကြရပါတယ်။

ဒီလို အခြေခံပညာရေးဝန်ထမ်း ဆရာဆရာမတွေရဲ့ နေထိုင်ရေး အခက်အခဲနဲ့ ပတ်သက်လို့ အောက်တိုဘာ ၅ ရက်နေ့က ဒမငယ်သစ်ချိုခြံ၊ လူထု တွေ့ဆုံပွဲမှာ ရပ်ရွာက တာဝန်ရှိသူ တချို့က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို တင်ပြခဲ့ပါတယ်။

ဒီတင်ပြချက်အပေါ် ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက "ဝန်ထမ်းအိမ်ရာက ကျွန်တော်ပြောတာ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်။ ဆရာ၊ ဆရာမတွေ ရပ်ထဲရွာထဲ နေရတဲ့အခါကျတော့ ဒီက ရွာသူ ၊ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ထွက်မသွားမှာ။ မဟုတ်ရင် ဆရာ၊ ဆရာမ လိုအပ်ချက်တွေ ဖြစ်သွားမယ်။ လူငယ်လေးတွေက လိုက်ပြီး ရည်းစားစကားပြောပေါ့ " လို့ ပြောဆိုတုန့်ပြန်ခဲ့ပါတယ်။

ဒီစကားဟာ အခြေခံပညာရေးဝန်ထမ်း ဆရာဆရာမတွေရဲ့ တာဝန်ထမ်းဆောင်စဉ် အကြမ်းဖက်ခံရမှု ၊ ဘဝလုံခြုံမှုတွေကို ထိခိုက်စေတဲ့ စကားမျိုးကို ပြောခဲ့တဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ ပြောဆိုချက် အပေါ် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက ကန့်ကွက်ကြောင်းနဲ့ အမြန်ဆုံး အရေးယူပေးဖို့ အောက်တိုဘာ ၁၁ ရက်နေ့ ရက်စွဲနဲ့ စာထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

အခြေခံပညာ ပညာရေးလုပ်သား သမဂ္ဂ ဖြစ်မြောက်ရေး ဗဟိုကော်မတီအဖွဲ့ဝင် လေးမျက်နှာမြို့နယ်က မူလတန်းကျောင်းအုပ်ဖြစ်သူ ဦးမင်းမင်းထွဋ်က " သူ့အနေနဲ့ ဒီလိုမပြောသင့်ဘူး။ စည်းကမ်းမရှိ ပြောလို့မရပါဘူး။ ဆရာ၊ဆရာမဆိုတာ မြန်မာ့ယဉ်ကျေးမှု အသိုင်းအဝိုင်းမှာရော ကမ္ဘာ့အလယ်မှာပါ ဂုဏ်အင်္ဂါနဲ့ ဂုဏ်ဒြပ် တွေနဲ့ ညီအောင်နေတာပါ။ သူတို့ကတောင် ပြုစုစောင့်ရှောက်ရမှာလေ။ ဝန်ထမ်းအိမ်တွေ၊ ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့ လိုတာပေါ့ " လို့ ဆိုပါတယ်။

ဦးမင်းမင်းထွဋ်ကတော့ သူတို့အနေနဲ့ တိုင်ကြားစရာရှိတာ တိုင်ကြားပြီးပြီ ဖြစ်တဲ့အတွက် ပါတီဘက်က ပဲခူးတိုင်းဝန်ကြီးချုပ်ကို ချက်ချင်း အရေးယူပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ပြောခဲ့တဲ့ ရုပ်သံဖိုင်ဟာလည်း အခုရက်ပိုင်း အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပြီး လူအများကြား ဝေဖန်ပြောဆို နေကြပါတယ်။

ဓာတ်ပုံ မူပိုင် Chau Doan
Image caption ဝန်ထမ်းအိမ်ရာ မလုံလောက်တဲ့ ကိစ္စဟာ ပညာရေးလုပ်သားတွေအတွက် အကြီးမားဆုံးစိန်ခေါ်ချက်

ဆရာ၊ဆရာမတွေအတွက် အကြီးမားဆုံးစိန်ခေါ်ချက်

အခု တလော ပြောဆိုဆွေးနွေးနေတဲ့ ပညာရေးဝန်ထမ်းအိမ်ရာ ကျောင်းတိုင်းမှာ မထားရှိနိုင်တဲ့ ကိစ္စဟာ နှစ်ပေါင်းများစွာ ဆရာ၊ဆရာမတွေ ရင်ဆိုင်လာရတဲ့ စိန်ခေါ်ချက် တစ်ခုပဲဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေက ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ဇာဇာအောင်က "ကျွန်မတာဝန်ထမ်းဆောင်နေတဲ့ ကျောင်းနဲ့ မလှမ်းမကမ်းမူလတန်းကျောင်းမှာ ဆရာမလေးတွေနေတဲ့ အိမ်လေးရှိတယ်၊ ရွာနဲ့ အလှမ်းဝေးတယ်။ အဓိကက အိမ်လေးက မလုံခြုံဘူး။ သူတို့ညဘက် အိပ်နေတဲ့ချိန် ဘယ်သူမှန်းမသိတဲ့ လူတယောက်က အိပ်နေတဲ့ ဆရာမတယောက်ကို ဓားနဲ့ထောက်ထားတယ်။ ဘေးက တယောက်က အော်လို့မှ ရွာသားတွေရောက်လာတယ်။ဒါတစ်နေရာပဲ ရှိသေးတယ်။ အခု ဝန်ကြီးချုပ်ပြောတဲ့စကားက တစ်နိုင်ငံလုံးက ဆရာ ဆရာမတွေကို စော်ကားတာပဲ။ အားလုံး စိတ်မကောင်းလည်း ဖြစ်ကြတယ်" လို့ ဆိုပါတယ်။

နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းတွေအတွက် အစိုးရဘက်က ဝန်ထမ်းအိမ်ရာတွေ တည်ဆောက်ထားမှု မရှိတဲ့အတွက် ဝန်ထမ်းတွေဟာ ရပ်ရွာတွေရဲ့ အထောက်အပံ့တွေယူနေရသလို၊ တခါတလေ အိမ်ငှားနေရတာတွေကြောင့် ရတဲ့လစာနဲ့ မလုံလောက်ဘူးလို့ ဆရာမက ပြောပါတယ်။

အမျိုးသမီးပညာရေး ဝန်ထမ်းတွေ လုံခြုံမှုရှိအောင် ဝန်ထမ်းအိမ်ရာကို တောင်းဆိုတာဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဆရာဦးမင်းမင်းထွဋ်ကတော့ " အခုတောင်းဆိုနေတဲ့ ဝန်ထမ်းအိမ်ရာတွေက တိုက်ခန်းတွေ အိမ်ရာကောင်းကောင်းတွေလုပ်ပေးဖို့ ပြောတာမဟုတ်ပါဘူး။ သင့်တင့်ကောင်းမွန်တဲ့ လုံခြုံတဲ့ အိမ်ရာတွေ ဆောက်ပေးဖို့ တောင်းဆိုနေကြတာပါ" လို့ရှင်းပြပါတယ်။

တချို့နေရာတွေမှာ ဒေသခံ ရွာသားတွေက ဆရာမတွေရဲ့ အိမ်ထဲဝင်၊ ခြင်ထောင်ထဲထိ ဝင်ထိုင်နေတာမျိုးတွေ လုပ်တဲ့အတွက် ဆရာမတွေဘက်က ရပ်ရွာမှာ အရှက်သိက္ခာအရ မယူချင်ဘဲ ယူလိုက်ရတာမျိုးတွေထိ ရှိခဲ့တယ်လို့ ဆရာဦးမင်းမင်းထွဋ်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် ကျော်စွာလင်း
Image caption ဒေသခံတွေကိုပဲ နေထိုင်ရေးအတွက်အားကိုးနေရ

ပညာရေးဝန်ထမ်းအိမ်ရာ

ဒီလို ပညာရေးဝန်ထမ်းအိမ်ရာတွေကို ပြီးခဲ့တဲ့ ဘက်ဂျက်တွေတုန်းကတော့ အိမ်အလုံး ၂၀ဝ ကျော် ဆောက်လုပ်ပေးခဲ့တာတွေ ရှိခဲ့သလို နောက်ထပ် အိမ်ရာ ၃၀၀ ကျော် ၄၀၀ နီးပါး ဆောက်လုပ်ပေးဖို့ရှိတယ်လို့ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌဒေါ က်တာ တင်အောင်က ပြောပါတယ်။

ဒေါက်တာတင်အောင်က "ဘယ်လိုဟာတွေကို အဓိကထားလဲ ဆိုတော့ နည်းနည်းဝေးလံတဲ့ နေရာတွေပေါ့၊ တောင်တန်းဒေသတွေ အဓိကထား ဆောက်တာပါ။ သွားလာရခက်တဲ့နေရာတွေမှာ ဆောက်ပေးတာ နှစ်နှစ်ရှိပါပြီ။ "

ဝန်ကြီးဌာနတွေကို ခွဲတမ်းရတဲ့ ပညာရေးဘက်ဂျက်တွေထဲက သုံးစွဲရတာဖြစ်ပြီး ဒီနှစ်မှာတော့ ပညာရေးဘက်ဂျက် ၂.၇ ဘီလျံချပေးခဲ့ပြီး အရင်နှစ်ကတော့ ၂.၄ /၂.၅ ဘီလျံလောက်ပဲရတဲ့အတွက် နောက်ပိုင်း ဘက်ဂျက်တွေ တိုးတာနဲ့ အမျှ ဆက်ပြီး တိုးချဲ့ ဆောက်ပေးသွားမှာ ဖြစ်တယ်လို့ ဒေါက်တာ တင်အောင်က ဆိုပါတယ်။

ဒီလို ပညာရေးနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေက အရင်တုန်းကလည်း ဖြစ်ပျက်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ လွတ်လွတ်လပ်လပ် ပြောဆိုလာနိုင်တဲ့အတွက် အခုလို အဖြစ်အပျက်တွေ တင်ပြလာနိုင်တာ ဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတွေကပြောကြပါတယ်။