အန်အယ်လ်ဒီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းချက်က မဲဆွယ်စည်းရုံးမှုတစ်ခုလား

ဓာတ်ပုံ မူပိုင် AFP/Getty Images

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြောင်း ဂျပန် သတင်းဌာန Nikkei Asian Review ကဖော်ပြပါတယ်။

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ပူးပေါင်းကော်မတီနဲ့ ဆောင်ရွက်နေပေမယ့် တပ်မတော်က စိတ်ဝင် စားမှုနည်းနေပြီး ပြီးပြည့်စုံတဲ့ ဒီမိုကရေစီဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ်အားလုံး ရွေးကောက်ခံဖြစ်ဖို့ လို တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လွှတ်တော်တွင်း အန်အယ်လ်ဒီပါတီက ဦးဆောင်ပြီး ၄၅ ဦးကော်မတီက ဖွဲ့စည်းပုံပြင်ရေး ဆွေးနွေးမှုတွေရှိနေချိန် ဖြစ်သလို တပ်မတော်သားအစုအဖွဲ့ကိုယ်စားလှယ်တွေတင်ထားတဲ့ ဥပဒေမူကြမ်း တစ်ခုနဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေတင်ထားတဲ့ ဥပဒေကြမ်းသုံးခုတို့လည်း ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလိုပြောကြားချက်ဟာ လွှတ်တော်ပြက္ခဒိန်နဲ့ ချိန်ထိုးတွက်ဆရင်လည်း ဖြစ်နိုင်ခြေရှိတဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဒီ ၂၀၁၉ ခုနှစ်အတွင်း လွှတ်တော်ပုံမှန်အစည်းအဝေးက နိုဝင်ဘာမှာ တစ်ကြိမ် ကျင်းပဖို့ ရှိနေပြီး ဒါဟာ ဒီနှစ်အတွက် နောက်ဆုံးအစည်းအဝေးလည်းဖြစ်ပါတယ်။

"၂၀၂၀ ထဲမှာ နှစ်ဆန်းပိုင်းမှာ ပုံမှန်အစည်းအဝေးတစ်ကြိမ်ရှိမယ်။ နှစ်လယ်မှာ တစ်ကြိမ်ရှိတယ်။ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင်ဆိုရင်တော့ စုစုပေါင်းမှာမှ သုံးကြိမ်လောက်ပဲ လုပ်နိုင်တော့မယ်။ ရွေးကောက်ပွဲ အပြီး လုပ်နိုင်ရင်တစ်ကြိမ်နဲ့ဆိုလေးကြိမ်ပေါ့။ ဒီလေးကြိမ်မှာမှ ဘတ်ဂျတ်နဲ့ပတ်သက်ပြီး ဆွေးနွေးရမယ့် အစည်းအဝေးကလည်းတစ်ကြိမ်ဆိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ကျန်နေတဲ့အစည်းအဝေးတွေ လောက်နဲ့တော့ ဖြစ်လာနိုင်စရာမရှိတော့တာသေချာတယ်" လို့ လွှတ်တော်လေ့လာစောင့်ကြည့်ရေး လုပ်ကိုင်နေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ရဲ့ ဒါရိုက်တာဦးအေးကျော်က ဘီဘီစီကို ပြောပါတယ်။

၄၅ ဦးကော်မတီ ဘာဆက်ဖြစ်လာမလဲ

ဓာတ်ပုံ မူပိုင် AFP/Getty Images

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ အချက်ပေါင်း သုံးထောင်ကျော်ပါတဲ့အစီရင်ခံစာကို အန်အယ်ဒီပါတီက ဦးဆောင်ပြီး လွှတ်တော်တွင်းက အခြားပါတီကိုယ်စားလှယ်နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ၄၅ ဦးကော်မတီက ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒီသက်တမ်းမှာ ဖွဲ့စည်းပုံပြင်ရေးမဖြစ်လာနိုင်တော့ဘူးဆိုရင် ကော်မတီရဲ့လုပ်ငန်းစဉ်တွေနဲ့ ဆွေးနွေးချက်တွေက နောက်လွှတ်တော်သက်တမ်းထိ ပါသွားနိုင်ခြေရှိမရှိဟာ ရွေးကောက်ပွဲမှာ အနိုင်ရပါတီပြောင်းလဲမှုမရှိဖို့ လိုတဲ့အခြေအနေနဲ့ ဆက်စပ်နေတယ်လို့ ဦးအေးကျော်က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ရလဒ်တွေထွက်ပေါ်လာချိန်မှာ ၂၀၁၆ ဒုတိယအကြိမ်လွှတ်တော်သစ်မစခင် နောက်ဆုံးပုံမှန်အစည်းအဝေးကို ၂၀၁၆ ဇန်နဝါရီမှာ ကျင်းပခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးလက်စ ဥပဒေကြမ်း တွေ အားလုံးကို ပြန်ရုတ်သိမ်းသွားတာကို တွေ့ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်အများစုရှိခဲ့ပြီး ဒုတိယအကြိမ်လွှတ်တော်မှာတော့ အန်အယ်လ်ဒီကိုယ်စားလှယ်တွေအများစုရှိနေတာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း နေရာအများစုရရှိတဲ့ အနိုင်ရပါတီ အပြောင်းအလဲဖြစ်ချိန်မှာ ပထမအကြိမ်လွှတ်တော်အစည်းအဝေးတွေမှာ ကြိုးပမ်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုတွေဟာ ဒုတိယ အကြိမ်လွှတ်တော်သက်တမ်းထဲ ပါလာတာမရှိဘူးလို့ သူက ဆိုပါတယ်။

ဒါကြောင့် အခု တစ်ကြိမ်မှာလည်း လက်ရှိ ပါတီကြီးက ပြန်မနိုင်ရင် ၄၅ ဦးကော်မတီရဲ့အစီရင်ခံစာဟာ နောက်တတိယအကြိမ် လွှတ်တော်သက်တမ်းကို ပါသွားနိုင်ဖွယ်မရှိဘူးလို့ ဦးအေးကျော်က ပြောပါတယ်။

လွှတ်တော်ဥပဒေနည်းဥပဒေတွေအရ လွှတ်တော်သက်တမ်းတစ်ခုအတွင်း တင်ထားတဲ့ အဆို ဥပဒေကြမ်းတွေကို ကာယကံရှင်တွေက ပြန်လည်ရုတ်သိမ်းခွင့်ရှိတယ်လို့ သူက ဆိုပါတယ်။

"ဒီ Process ကို တတိယအကြိမ်သက်တမ်းအထိ ပါဖို့ဆိုရင် တော့ အနိုင်ရပါတီပြောင်းလို့မ ရဘူးဆိုတဲ့ သဘောပဲ" လို့ ၄၅ ဦးကော်မတီရဲ့ ဖွဲ့စည်းပုံပြင်ရေးကြိုးပမ်းချက် နောက်သက်တမ်းထိ ပါလာနိုင်ခြေနဲ့ပတ်သက်လို့ ဦးအေးကျော်က ရှင်းပြပါတယ်။

လွှတ်တော်ထဲမှာ အဓိကနေရာအများစုကိုင်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တစ်ဖက်မှာ ဗီတိုအာဏာကို ကိုင်ထားတဲ့တပ်မတော်ကြားထဲက သဘောတူညီမှု ဆွေးနွေးမှုမရှိဘဲ ပြင်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ တကောင်းနိုင်ငံရေးလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ပြောပါတယ်။

အန်အယ်လ်ဒီက ၄၅ ဦးကော်မတီနဲ့ ပြင်ဖို့ကြိုးစားနေပေမယ့် အန်အယ်လ်ဒီနဲ့ တပ်မတော်ကြားထူးခြား တဲ့ဆွေးနွေးမှု၊ ထူးခြားတဲ့အရပ်ဖက်စစ်ဖက်ဆက်ဆံရေး တိုးတက်မှုဖြစ်စဉ်တွေမတွေ့ရတဲ့အတွက် ၄၅ ဦးကော်မတီလမ်းကြောင်းကနေ ပြင်ဆင်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့အနေအထားလို့ သူက ဆိုပါတယ်။

ဖွဲ့စည်းပုံပြင်ရေးအန်အယ်လ်ဒီခြေလှမ်းနောက်ကျခဲ့သလား

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အခြေခံဥပဒေ မပြင်ဆင်လိုသူတွေကလည်း ဆန္ဒထုတ်ပေါ်

အစိုးရသက်တမ်းစတင်ကတည်းက ရွေးကောက်ပွဲကတိကဝတ်ဖြစ်တဲ့ဖွဲ့စည်းပုံပြင်ဆင်ရေးကို စလုပ်ခဲ့သင့်တယ်လို့ ဝေဖန်တာတွေရှိသလို လာမယ့်ရွေးကောက်ပွဲမတိုင်ခင်အထိ ဖွဲ့စည်းပုံပြင်ရေးမဖြစ်နိုင်ဘူးလို့ အတိုင်ပင်ခံပြောကြားလာတဲ့အတွက် ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုဟာ ၂၀၂၀ အတွက်မဲဆွယ်ရုံသက်သက်လို့ ဝေဖန်တာတွေရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လာမယ့်နှစ်အတွင်း ဖွဲ့စည်းပုံပြင်ရေးစွမ်းဆောင်ချက်တွေဟာ ရွေးကောက်ပွဲပေါ်မျှော်လင့်လုပ်ကိုင်နေတာမဟုတ်ဘူးလို့ Nikkei Asian Review သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

မဲဆွယ်တာ မဆွယ်တာထက် အန်အယ်လ်ဒီက ၂၀၁၅ ရွေးကောက်ပွဲအတွက်ပေးထားတဲ့ကတိကဝတ်ကို မဖြစ်မနေအကောင်အထည်ဖော်ရတာဖြစ်ပြီး ဒါဟာ နိုင်ငံရေးပါတီတွေလုပ်လေ့လုပ်ထရှိတဲ့လုပ်ငန်းစဉ်ပဲ ဖြစ်တယ်လို့ တကောင်းနိုင်ငံရေးလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်းက ဆိုပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီက သူပေးထားတဲ့ ရွေးကောက်ပွဲကတိကို ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အကောင်အထည်ဖော်ဖို့ကြိုးစားတာလို့ပဲ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီကတိကိုအကောင်အထည်ဖော်ဖို့ဆိုရင် တပ်မတော်နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုပြီး တကယ့်အခင်းအကျင်းမှာတော့ ယုံကြည်မှုတွေကို မစေ့စပ်နိုင်ဘဲ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အက်ကြောင်း ထင်လာတာတွေ့လာရတယ်လို့ သူက ဆိုပါတယ်။

အခုချိန်မှာ နှစ်ဖက်လုံးက တွေ့တောင် မတွေ့ နိုင်တဲ့အနေအထားဖြစ်လာတာဟာ အလားအလာမကောင်းဘူးလို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးပြသနာတွေပြေလည်ဖို့ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တိုင်းရင်းသား ပါတီတွေဖြစ်တဲ့ တိုင်းရင်းသားအစုအဖွဲ့၊ အန်အယ်ဒီနဲ့ တပ်မတော်တို့ သုံးဦးသုံး ဖလှယ်တွေ့ ဆုံဖြေရှင်းရမှာဖြစ်ပြီး လက်ရှိအချိန်အထိ ဒါမျိုးဆွေးနွေးဖြေရှင်းတဲ့အနေအထားမရှိသေးရင်တောင် အာဏာကိုအဓိက ကိုင်ထားတဲ့ အန်အယ်လ်ဒီနဲ့ တပ်မတော်ကြား မဖြစ်မနေ ဆေးနွေးမှုတွေရှိဖို့လိုပြီလို့ သူက အကြံပြုပါတယ်။

ဖွဲ့စည်းပုံပြင်ရေးဟာ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲကတိကဝတ်ဖြစ်တာကို ISP Myanmar ရဲ့ ပြင်ပ ဆက်ဆံဆက်သွယ်ရေးဒါရိုက်တာ ဦးအောင်သူငြိမ်းကလည်း သ ဘောတူပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images

ဒါပေမဲ့ လွှတ်တော်လမ်းကြောင်းက ပြင်ဖို့စလာတဲ့အချိန်က အတော်နောက်ကျခဲ့ပြီး ဖွဲ့စည်းပုံပြင်ဖို့ အဆိုကို အန်အယ်လ်ဒီ တင်လာချိန်မှာ တပ်မတော်နဲ့တစ်စုံတစ်ရာနားလည်မှုရှိထားလား၊ တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ထားသလားဆိုတဲ့ စဉ်းစားချက်မျိုးရှိခဲ့တယ်လို့သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုကြိုတင်ညှိနှိုင်းထားတာမျိုး မတွေ့ရဘူးလို့ သူကဆိုပါတယ်။

ခုလို ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ဖွဲ့စည်းပုံပြင်ရေးလုပ်လာတာဟာ အဖုအထစ်အခက်အခဲတွေရှိတာ မှန်းဆနိုင်ပြီး နောက်ဆက်တွဲ အခြေအနေတွေကို လက်တွေ့ကျကျဖြေရှင်းနိုင်မလားဆိုတာကို အစပိုင်းတည်းက စဉ်းစားခဲ့သင့်တယ်လို့ ဦးအောင်သူငြိမ်းက အန်အယ်လ်ဒီကို အကြံပြုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံးကိုပြင်ဆင်ချင်စိတ်ရှိပေမယ့် အကျိုးစီးပွားတွေကတော့ အစုအဖွဲ့အသီးသီးမှာ မတူနိုင်တဲ့အတွက် အကျေအလည်ညှိနှိုင်းနိုင်ဖို့ကသာအဓိကလို့ သူက ဆိုပါတယ်။

"ဖိလစ်ပိုင်ဆိုရင် အမေရိကန်ဖွဲ့စည်းပုံကို တိုက်ရိုက်ကော်ပီလုပ်ထားတာ။ ဒါပေမဲ့ အမေရိကန်လို မဖြစ်လာ ဘူးလေ။ လိုက်ဘေးရီးယားဆိုလည်း ဒီလိုပဲ။ ဒါပေမဲ့အလုပ်မဖြစ်ဘူး။ ဆိုလိုတာက ဖွဲ့စည်းပုံ ကြီးကို အားစိုက်ပြီးကောင်းပေ့ညွှန့်ပေ့ပြင်နေရေးနေတာထက် ကြားထဲကကိစ္စပေါင်းစုံ ဥပမာ Institution တွေ အားကောင်းဖို့ကအစ ပြင်သွားဖို့လိုတယ်လို့ မြင်တယ်" လို့ ဦးအောင်သူငြိမ်း ကပြောပါတယ်။

အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလမ်းကြောင်းတစ်ခုဖြစ်အောင် ဒီ ၄၅ ဦးကော်မတီ ဖွဲ့စည်းထားတာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

ဒါပေမဲ့ ဒီကော်မတီမှာ အန်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက်တွေကသာ နေရာယူနေပြီး တခြားတိုင်းရင်းသား အင်အားစုတွေရဲ့ ဆွေးနွေးချက်တွေက ထိရောက်မှုမရှိ ဖြစ်နေတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ပြင်ပလမ်းကြောင်းကနေ ပြင်ဖို့ကြိုးစားနေရာမှာ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကနေ ဆွေးနွေးတာတွေရှိပေမယ့် ဒီဆွေးနွေးမှုတွေရပ်သွားချိန်မှာ အန်အယ်လ်ဒီက လွှတ်တော်လမ်းကြောင်းကနေ ပြင်ဖို့ ကြိုးစားလာာဖြစ်တယ်လို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကို အန်အယ်လ်ဒီအစိုးရလက်ထက် သုံးကြိမ် ကျင်းပထားပြီး လေးကြိမ်မြောက်အစည်းအဝေးကျင်းပဖို့ ကြိုးစားညှိနှိုင်းနေကြတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။