ဝန်ထမ်းလစာတိုးပေးဖို့ ညွှန်ကြားချက်မရှိလို့ စီမံဘဏ္ဍဝန်ကြီးဌာနပြောတဲ့အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် Thierry Falise/LightRocket via Getty Images
Image caption အစိုးရဝန်ထမ်း ကျောင်းဆရာမတစ်ဦး

(၁) ဝန်ထမ်းလစာတိုးပေးဖို့ ညွှန်ကြားချက်မရှိလို့ စီမံဘဏ္ဍဝန်ကြီးဌာနပြော

အောက်တိုဘာလက စတင်လို့ အစိုးရဝန်ထမ်းတွေရဲ့ လစာကို တိုးပေးဖို့ ဆိုတာကို သက်ဆိုင်ရာဌာနတွေမှာ ညွှန်ကြားချက် တစုံတရာ မရထားဘူးလို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်းက ပြောပါတယ်။

"ဝန်ထမ်းလစာတိုးမယ်ဆိုတာ မဟုတ်ပါဘူး၊ ကျွန်မတို့ဆီကို ဘာညွှန်ကြားချက်မှ ရောက်မထားပါဘူး" လို့ ဒေါ်သီတာထွန်းက ပြောပါတယ်။

စီမံဘဏ္ဍဝန်ကြီးဌာနက အရာရှိတစ်ဦးကလည်း "ဝန်ထမ်းလစာတိုးမယ်ဆိုရင် စာရင်းကြိုလုပ်ရတယ်လေ၊ ခုက ဘာမှကို မလုပ်ထားတာ၊ ညွှန်ကြားချက်လည်း မရှိဘူးလေ" လို့ ပြောပါတယ်။

အစိုးရ ဝန်ထမ်းတွေကို အောက်တိုဘာလကုန်က စလို့ လစာတိုးမြှင့်တာ (ဒါမှမဟုတ်) ထောက်ပံ့ကြေးတိုးမြှင့်တာမျိုးအဖြစ် ငွေကျပ် ၅ သောင်း ၄ ထောင် တိုးပေးမယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး အခု ဒီသတင်းတွေက မဟုတ်ပါဘူးလို့ ဝန်ကြီးဌာနဘက်က ပြောလာတာဖြစ်ပါတယ်။

(၂) မောင်တောကနေ ဘူးသီးတောင် ပြန်လာတဲ့ ရဲကားတစ်စီးမိုင်းခွဲတိုက်ခံရ

ဓာတ်ပုံ မူပိုင် NARINJARA
Image caption မိုင်းခွဲအတိုက်ခံရတဲ့ ရဲကား

ရခိုင်ပြည်နယ် မောင်တောခရိုင်တရားရုံးမှာ ရုံးတင်ပြီး ဘူးသီးတောင်ကို ပြန်လာတဲ့ အချုပ်ကားကို လုံခြုံရေးယူ မောင်းနှင်လာတဲ့ ရဲကားတစ်စီးကို အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲကျော်လောက်က မိုင်းခွဲ အတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၉ ဦးအထိ ရှိပြီး ဘူးသီးတောင်အခြေစိုက် စစ်ဆေးရုံမှာ ကုသနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောတယ်ဆိုပြီးတော့ ဘီဘီစီသတင်းထောက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းကတော့ မိုင်းခွဲအတိုက်ခံရတာကို အတည်ပြုပေမယ့် သတင်းအတိအကျ မရသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်က ဘူးသီးတောင်နဲ့ မောင်တောဟာ ၁၆ မိုင်ပဲကွာဝေးပြီး ဘူးသီးတောင် အကျဉ်းထောင်ထဲက အချုပ်သားတွေကို အခုလို အချုပ်ကားတွေနဲ့ မောင်တောခရိုင် တရားရုံးမှာ ရုံးထုတ်နေကျ ဖြစ်ပါတယ်။

(၃) ဘင်္ဂလားဒေ့ရှ်ကျောင်းသူလေးကို မီးတင်ရှို့မှုနဲ့ လူ ၁၆ ဦးကို သေဒဏ်ချမှတ်

ဓာတ်ပုံ မူပိုင် FAMILY HANDOUT
Image caption မီးတင်ရှို့အသတ်ခံရတဲ့ ကျောင်းသူ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆရာဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်တာခံခဲ့ရတဲ့ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် ကျောင်းသူလေးကို ဘာသာရေးကျောင်းတစ်ခုအတွင်း မီးတင်ရှို့သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ လူ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ကျောင်းသူလေး နျူဆာရတ် အပါအဝင် တခြားအတန်းဖော် အမျိုးသမီးကျောင်းသူ ၂ ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်နှောင့်ယှက်ခဲ့တယ်ဆိုတဲ့ ကျောင်းဆရာကိုလည်း လူသတ်မှုနဲ့ စွဲဆိုခဲ့ပါတယ်။

မီးတင်ရှို့အသတ်ခံရမှုနဲ့ ပတ်သက်လို့ နိုင်ငံတဝန်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ကြုံခဲ့ရပြီး အစိုးရရှေ့နေ ဟာမတ်စ်အာမန်ကတော့ ဒီသတ်ဖြတ်မှုမှာ ပါဝင်တဲ့ တစ်ဦးတစ်ယောက်မှ ဥပဒေကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ပါဘူး လို့ ပြောပါတယ်။

ကျောင်းသူလေး နျူဆာရတ်ဟာ ကျောင်းအုပ်အပါအဝင် ဆရာ ၃ ဦးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခဲ့တယ်ဆိုပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီးတဲ့နောက် သူဟာ မီးတင်ရှို့အသတ်ခံရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ တိုင်ချက်ဖွင့်ခံထားရတဲ့ ကျောင်းအုပ်အပါအဝင် ကျောင်းဆရာ ၃ ဦးဟာ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုတာ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက အောက်တိုဘာလ ၂၄ ရက်နေ့က အမိန့်ချမှတ်ခဲ့ပါတယ်။

နျူဆာရက်ရဲ့ မိသားစုကတော့ တရားရုံးရဲ့ အမိန့်ကို ကြိုဆိုလိုက်ပြီး ပြစ်ဒဏ်တွေကို ချမှတ်ထားတဲ့အတိုင်း မြန်မြန်စီရင်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သေဒဏ်အမိန့်တွေကို ကြိုးကွင်းစွပ် စီရင်တာဖြစ်ပါတယ်။

(၄) ဗြိတိန်က လော်ရီတစ်စီးပေါ်တွေ့ခဲ့တဲ့ အလောင်းတွေကို ဆေးရုံသယ်ပြီး စစ်ဆေးမှုတွေစလုပ်

ဓာတ်ပုံ မူပိုင် FACEBOOK
Image caption အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း မိုရော်ဘင်ဆင်

ဗြိတိန်မှာ လော်ရီကားတစ်စင်းရဲ့ အအေးခန်းထဲမှာ တွေ့ရတဲ့ အလောင်း ၃၉ လောင်းကို ရွှေ့ပြောင်းဖို့ ဗြိတိန်ရဲတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

အလောင်းတွေထဲက ၁၁ လောင်းဟာ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ ရဲတွေက ယုံကြည်နေပြီး အခုတော အလောင်းတွေကို ဆိပ်ကမ်းကနေ ဘရွန်းဖီးဆေးရုံကို သယ်ဆောင်သွားပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်း မိုရော်ဘင်ဆင်ကို အမျိုးသမီး ၈ ဦး နဲ့ အမျိုးသား ၃၁ ဦးကို သတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးထားပါတယ်။

အအေးခန်းနောက်တွဲယာဉ်ပါတဲ့ ဒီလော်ရီကားဟာ ဘယ်လ်ဂျီယံနိုင်ငံကနေ လန်ဒန်မြို့အရှေ့ဘက်က ဆိပ်ကမ်းတစ်ခုကို ဆိုက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်မှာရှိတဲ့ တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်ရဲတပ်ဖွဲ့နဲ့ အနီးကပ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

'ကျွန်တော်တို့ ရဲတွေနဲ့ စကားပြောခဲ့ပြီးပါပြီ၊ ရဲတွေကတော့ သေဆုံးသူ ၃၉ ဦးရဲ့ အချက်အလက်တွေ စိစစ်နေတယ်လို့ ပြောပါတယ်၊ ဒါပေမဲ့ ဘယ်သူက ဘယ်နိုင်ငံသားလဲဆိုတာတော့ အတည်ပြုဖို့ လိုနေပါသေးတယ်' လို့ တရုတ် တရုတ်သံအမတ် လူရှောက်မိန်းက တွစ်တာပေါ်မှာ ရေးထားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းဝင်ရောက်ခြင်းဆိုင်ရာအချက်အလက်တွေအရ ၂၀၁၆ ခုနှစ်မှာ မှောင်ခို ခိုးသွင်းတဲ့ လမ်းကြောင်းကနေ တနိုင်ငံကနေ တနိုင်ငံကို ရွှေ့ပြောင်း ဝင်ရောက်ခဲ့တဲ့ဦးရေ ၂ သန်းခွဲဝန်းကျင်ရှိခဲ့ပြီး အဲ့ဒီကနေ ရတဲ့အမြတ်အစွန်းကနေ ဝင်ငွေကလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၆ ထောင်ကနေ ၇ ထောင်ကြားထဲအထိ ရှိနေတယ်လို့ ဆိုပါတယ်။