တရားခံပြေး ဦးစိုးထွန်းရှိန်နဲ့ AA ခေါင်းဆောင်ရဲ့ ညီမအမှု သက်သေရှာဖို့ ရဲတပ်ဖွဲ့ ဒီကနေ့ ထိုင်းသွားမယ့် အကြောင်းအပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် THET AUNG/AFP/Getty Images
Image caption သမ္မတရုံးသတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရတဲ့ ဦးဇော်ဌေး

(၁) တရားခံပြေး ဦးစိုးထွန်းရှိန်နဲ့ AA ခေါင်းဆောင်ရဲ့ ညီမအမှု သက်သေရှာဖို့ ရဲတပ်ဖွဲ့ ဒီကနေ့ ထိုင်းသွားမယ်

ထိုင်းနိုင်ငံမှာ ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ မိုးထိမိုးမိကုမ္ပဏီပိုင်ရှင် တရားခံပြေး ဦးစိုးထွန်းရှိန်ကို ဖမ်းဆီးဖို့နဲ့ ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ်ရဲ့ ညီမဖြစ်သူ အမှုနဲ့ ပတ်သက်ပြီး သက်သေရှာဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ထိုင်းနိုင်ငံကို သွားရောက်မယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက အောက်တိုဘာလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ရဲတပ်ဖွဲ့ဟာ အခုသီတင်းပတ် အစောပိုင်းကပဲ AA စစ်ဦးစီးချုပ်ရဲ့ ညီမဖြစ်သူနဲ့ အမျိုးသားကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ်ရဲ့ ညီမဟာ ထိုင်းနိုင်ငံမှာ စက်ချုပ်နေပြီး ယောက်ဖဖြစ်သူကတော့ အငှားကားမောင်းနေပြီး အခုတော့ ၂ ဦးလုံးကို စစ်ဆေးနေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် တရားခံပြေးအဖြစ် သတ်မှတ်ထားတဲ့ မိုးထိမိုးမိကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ဟာ တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံဘက်ကို သွားခဲ့တာဖြစ်ပြီး အခုတော့ သူ့ကို ဖမ်းဆီးမိနိုင်ရေး ထိုင်းနိုင်ငံမှာ သွားရောက်ဆောင်ရွက်မယ်လို့ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။

အခုလို ထိုင်းနိုင်ငံကို တိမ်းရှောင်သွားတဲ့ တရားခံပြေး ဖမ်းဆီးမိနိုင်ရေး ဆောင်ရွက်မှုတွေကို မီဒီယာတွေကနေတဆင့် ဦးဇော်ဌေးက လူသိရှင်ကြား ထုတ်ပြောလာတဲ့အတွက် တရားခံတွေအနေနဲ့ တိမ်းရှောင်ရ ပိုလွယ်စေတယ်ဆိုပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

(၂) အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို ၄ ရက်ကြာ ခရီးအဖြစ် လာရောက်မယ်

ဓာတ်ပုံ မူပိုင် AHN YOUNG-JOON/AFP/Getty Images
Image caption တောင်ကိုရီးယားမှာ သတင်းမီဒီယာတွေနဲ့ တွေ့ခဲတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် အာ စတေးဝဲလ် ဟာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ ရှိသလို အစိုးရခေါင်းဆောင်တွေ၊ တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အခုခရီးစဉ်ဟာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီးတော့ ရခိုင်ပြည်နယ်ကို သွားရောက်ရာမှာတော့ အစိုးရအကြီးအကဲတွေ၊ လူမှုအသိုက်အဝန်းအကြီးအကဲတွေ၊ ပဋိပက္ခဒဏ် ကြုံခံရသူတွေအပြင် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ အောက်တိုဘာလ ၂၄ ရက်နေ့ကစလို့ အာရှဒေသ ၆ နိုင်ငံ ခရီးစဉ်အဖြစ် ဂျပန်၊ မြန်မာ၊ မလေးရှား၊ ထိုင်း၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုတော့ တိုကျိုမှာလုပ်တဲ့ အမေရိကန်-ဂျပန် စီးပွားရေးမူဝါဒဆွေးနွေးပွဲတက်ရောက်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီနောက်တော့ မြန်မာနိုင်ငံကတဆင့် မလေးရှား၊ ထိုင်းနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ဘေဂျင်းကို ရောက်ရှိမှာ ဖြစ်တယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

(၃) အီရတ်ဆန္ဒပြပွဲ လူ ၄၀ ကျော်သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြသူတွေကို လုံခြုံရေးရဲတွေက အတားအဆီးတွေနဲ့ ပိတ်ကာထားခဲ့ပါတယ်

အီရတ်နိုင်ငံတဝန်း ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပြီး ၂ ထောင်ကျော် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။

မြို့တော် ဘက်ဂ်ဒတ်က ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူတွေထဲက ၂ ဦးဟာ မျက်ရည်ယိုဗုံးပေါက်ကွဲမှုက ထွက်လာတဲ့ အပိုင်းအစထိမိတာကြောင့် ဖြစ်ပါတယ်။

လောလောဆယ်မှာ ဆူပူဆန္ဒပြမှုတွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ ဘာဆာရာ၊ ဝါဆစ်၊ ဘာဘဲလ်နဲ့ ဒီကာ ပြည်နယ်တွေမှာ ရက်အကန့်အသတ်မရှိ ကာဖျူးအမိန့်ထုတ်ပြန် လိုက်ပါတယ်။

အာဏာပိုင်တွေဘက်ကတော့ အစိုးရဆန့်ကျင်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် တားဆီးတဲ့အနေနဲ့ လုပ်တာလို့ ပြောပါတယ်။

ဒါ့အပြင် ဒီဝါနီယာမြို့မှာ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဖွဲ့ရဲ့ ဌာနချုပ်ကို မီးရှို့ဖျက်ဆီးစဉ် ဆန္ဒပြသူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ရဲက ပြောပါတယ်။

နာဆီရီယာမြို့မှာလည်း အီရန်ထောက်ခံအားပေးတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ရုံးတွေကို မီးရှို့ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူတွေထဲက ၉ ဦး ဟာ အဲ့ဒီလက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။ တချို့ကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်တာကို ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ဆန္ဒပြသူတွေကတော့ အဂတိလိုက်စားမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကျပ်တည်းမှုတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

အီရတ်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ပြည်သူတွေအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်အောင် လုပ်ပေးမယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်လို့ အစိုးရက ကတိတွေပေးခဲ့ပေမယ့် ပျက်ကွက်ခဲ့တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကတည်းက စခဲ့တဲ့ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေအတွင်း အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြီးကြီးမားမား ကျူးလွန်ခဲ့ကြတယ်လို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က ပြောပါတယ်။

(၄) ဗြိတိန်က လော်ရီကားပေါ် တွေ့ခဲ့ရတဲ့ အလောင်းတွေထဲ ဗီယက်နမ်လူမျိုးတွေ ပါဝင်မှာကို မိသားစုတွေ စိုးရိမ်

ဓာတ်ပုံ မူပိုင် FAMILY OF PHAM TRA MY
Image caption အသက်ရှုကျပ်သေဆုံးခဲ့ရဖွယ်ရှိတဲ့ ဗီယက်နမ်အမျိုးသမီး ဖန်တီတရာမိုင်

လော်ရီကားတစ်စီးပေါ်မှာ အသက်ရှုကျပ်နေတယ်ဆိုတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ဦးရဲ့ စိတ်မကောင်းစရာ text မက်ဆေ့ချ်တွေအရ သူဟာ ပြီးခဲ့တဲ့ လန်ဒန်မြို့အရှေ့ပိုင်းက အလုံပိတ်လော်ရီကားတစ်စီးပေါ်မှာ သေဆုံးလျက်သားတွေ့ခဲ့ရတဲ့ လူ ၃၉ ဦးထဲက ၁ ဦး ဖြစ်နိုင်တယ်လို့ သူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ဖန်တီတရာမိုင်ဆိုသူ အမျိုးသမီးဟာ ဗီယက်နမ်ကနေ ယူကေကို သွားတဲ့ခရီးမှာ အောက်တိုဘာလ ၂၃ ရက်နေ့တုန်းက သူ့ဆီက text မက်ဆေ့ချ်တွေရပြီးကတည်းက အဆက်အသွယ် မရတော့ဘူးလို့ သူ့ရဲ့မောင်ဖြစ်သူက ပြောပါတယ်။

သူဟာ အလုံပိတ်လော်ရီကား အင်္ဂလိပ်ရေလက်ကြားကို ဖြတ်နေတဲ့အချိန်မှာ text မက်ဆေ့ချ်တွေပို့ခဲ့တာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

text မက်ဆေ့ချ်ထဲမှာ မိဘတွေကို ချစ်ကြောင်းနဲ့ သူသေရခါနီးပြီးလို့ ရေးထားတာဖြစ်ပြီး လော်ရီကားထဲ တွေ့ခဲ့ရတဲ့ အလောင်း ၃၉ လောင်းထဲမှာ ပါနေမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

နောက်ထပ် ဗီယက်နမ်မိသားစု ၆ ခုကလည်း သေဆုံးသွားသူတွေထဲမှာ သူတို့မိသားစုတွေ ပါဝင်နေတယ်လို့ ဖွင့်ပြောလာပါတယ်။

မှောင်ခိုခက ဒေါ်လာ ၃ သောင်း ၇ ထောင်အထိ ရှိပြီး လူမှောင်ခိုတွေက ယူထားတဲ့ အခငွေတွေထဲက တချို့တဝက်ကို သူတို့ကို ပြန်အမ်းခဲ့တယ်လို့ မိသားစုတချို့က သူတို့ကို ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က ဗြိတိန်နိုင်ငံ Essex နယ် Grays မြို့က Waterglade စက်မှုဇုန်တခုမှာ ရပ်ထားတဲ့ လော်ရီကားတစ်စင်းပေါ်ကနေ အမျိုသား ၃၁ ဦးနဲ့ အမျိုးသမီး ၈ ဦး ပါဝင်တဲ့ လူသေအလောင်း ၃၉ လောင်းတွေ့ခဲ့တာ ဖြစ်ပြီး အဲ့ဒီထဲမှာ တရုတ်လူမျိုးတွေပါတယ်လို့ ဗြိတိန်ရဲတွေက ကနဦးတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ သေဆုံးသူတွေထဲမှာ ဗီယက်နမ်လူမျိုးတွေ ပါမပါ စိစစ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

လက်ရှိမှာတော့ မြောက်အိုင်ယာလန်က အသက် ၄၈ နှစ်အရွယ် နောက်ထပ်အမျိုးသားတစ်ဦးကို လန်ဒန်မြို့နားက လေဆိပ်တစ်ခုမှာ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အစောပိုင်းတုန်းက လူသေမှု၊ လူမှောင်ခိုမှုတွေ ကျူးလွန်ခဲ့တယ်လို့ ယူဆရသူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် လော်ရီကားမောင်းသူကိုတော့ ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။