ကြည့်မြင်တိုင်က ငါးတောင်း သပိတ် ပြဿနာ

တိုင်းဒေသကြီးအစိုးရ ဓာတ်ပုံ မူပိုင် Aye Myo
Image caption ဆိပ်ကမ်း အလုပ်သမားတွေရဲ့ အလုပ်ရှင်က တိုင်းဒေသကြီးအစိုးရ

အောက်တိုဘာလ ၃၀ ရက်ဟာ ရန်ကုန်တိုင်းအစိုးရရုံးဂိတ်မှာ ရန်ကုန်ဝန်ကြီးချုပ်ကိုတောင်းဆိုနေတဲ့ နက်ပြာရောင် ယူနီ ဖောင်းဝတ်ထားသူ အလုပ်သမား ခြောက်ယောက် အတွက် အဆုံးအဖြတ် တစ်ခုပေးမယ့် နေ့ဖြစ်ပါတယ်။

သူတိုဟာ လုပ်သက်လျော်ကြေးကို သွားထုတ်ပြီး အလုပ်ထုတ်တာကို လက်ခံနိုင်သလို မူလနေရာမှာ အလုပ် ပြန်ခန့်ဖို့ကိုလည်း အလုပ်ရှင် ရန်ကုန်တိုင်းအစိုးရဆီမှာ ဆက်ပြီး တောင်းဆိုင်နိုင်ပါတယ် ။

အဲဒီ နက်ပြာရောင် ယူနီ ဖောင်းဝတ် လုပ်သားတွေ ကတော့ လုပ်သက်ကြေးနောက်ဆုံးရက်ကို သွားမထုတ်ဘဲ ထိုင်သပိတ် ကို ဆက်ပြီးဆင်နွှဲကြပါတယ်။

သူတို့ဟာပြီးခဲ့တဲ့ဧပြီလက စလို့ ကြည့်မြင်တိုင် ကုန်တင်ကုန်ချ ကော်မတီရုံး ငါးတောင်းဌာန ကနေ အလုပ်ထုတ်ခံထားရတဲ့သူတွေ ဖြစ်ပါတယ်။

အလုံလမ်းဂိတ်၄ က နာရီ၃၀ကျော် တောင်းဆိုပွဲ

ဓာတ်ပုံ မူပိုင် MPA
Image caption မူလနေရာမှာ ပြန်ခန့်ပေးဖို့ ရန်ကုန်ဝန်ကြီးချုပ်ကို တောင်းဆိုနေကြ

ပြီးခဲ့တဲ့ ဧပြီလ တုန်းက ကန့်ကွက် ဆန္ဒပြ မှုကြောင့် သူတို့ဟာ အလုပ်ထုတ်ခံထားရတာလို့ပြောပါတယ်။ အဲဒီ နောက် အငြင်းပွားမှု ကို စစ်ဆေးအပြီး အပြစ်မရှိကြောင်း အလုပ်သမား အငြင်းပွားမှု စုံစမ်းရေးကော်မရှင် ကဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါအပြင် သူတို့ကို အလုပ်ပြန်ခန့် ဖို့ လည်း ဆုံးဖြတ်ပေးခဲ့ပါတယ်။

ဒီဆိပ်ကမ်း အလုပ်သမားတွေရဲ့ အလုပ်ရှင်က တိုင်းဒေသကြီးအစိုးရဖြစ်ပြီးတော့ သူတို့ကိုလည်း အစိုး ရက အလုပ်ပြန်ခန့်ခဲ့ပါတယ်။ ဒါပေမယ့် မူလနေရာတော့ မဟုတ်ပါဘူး မြို့နယ်တွေခွဲပြီး ခန့်ထားတာ ဖြစ်ပါတယ် ။

ဒါကို အလုပ်သမားတွေက မူလနေရာမှာ ပြန်ခန့်ပေးဖို့ ရန်ကုန်ဝန်ကြီးချုပ်ကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

သူတို့ ကို အလုပ်ခန့်ပေးထားတဲ့ နေရာတွေ မှာ အလုပ်မဝင်တော့ အတွက် သူတို့ ကို အောက်တိုဘာလ ၁၈ ရက်နေ့က စာရင်းက ပယ်ဖျက်ပြီး အောက်တိုဘာ လ ၃၀ရက်နေ့ မှ လုပ်သက်နှစ်အလိုက် ကရုဏာကြေးတွေလာထုတ်ဖို့ လည်း စာထုတ်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MPA
Image caption ဌာနတွင်းမှာ ဆူပူမှုဖြစ်အောင် အကြိမ်ကြိမ်လုပ်လို့ အလုပ်ထုတ်တာလို့ပြော

မူလနေရာမှာ အလုပ်ပြန်ခန်ဖို့ ရန်ကုန် ဝန်ကြီးချုပ်ကို အောက်တိုဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့လယ် မှာ အလုပ်သမားရာ ဂဏန်းနီးပါး က ဆန္ဒပြခဲ့သကြလို အလုပ်ထုတ်ခံ အလုပ်သမား ၆ ယောက်ကလည်း ဝန်ကြီးချုပ် က သူတို့ကို မူလနေရာတွေမှာ ပြန်ခန့်ဖို့ ထိုင်သပိတ် လာတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရ ရုံးရှေ့မှာ သူတို့ လာတောင်းဆိုနေတာ အခုဆိုရင် နာရီ ၃၀ နီးပါးရှိပြီဖြစ်ပါတယ်။

အခုထိတော့ ဝန်ကြီးချုပ် က အလုပ်ခန့်ထားဖို့ အတွက် ဖြေရှင်းပေးတာမျိုးမရှိသေးပါဘူး။

သူတို့ဟာ အလုပ်သမားဌာန တွင်းမှာ ဆူပူမှုဖြစ်အောင် အကြိမ်ကြိမ်လုပ်လို့ ဖော်ပြထားတယ် လို့ အလုပ်ထုတ်ခံ ရသူတွေထဲက အလုပ် သမား ကိုကျော်သန့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aye Myo
Image caption ဗီနိုင်းကိုင်ပြီး ရပ်နေတာ ဥပဒေနဲ့မညီလို့ လာပြီးသတိပေး

အလုပ်သမားတွေဘက် ကတော့ အလုပ် သမားဌာန အတွင်းအဂတိလိုက်စားမှုတွေကို ဖော်ထုတ်ပြီး တောင်းဆို ဆန္ဒပြခဲ့တာကို ရည်ရွှယ်တယ် လို့ ထင်ကြောင်းလည်း ရှင်းပြပါတယ်။

ကြည့်မြင်တိုင်ငါးတောင်း မှာသမဂ္ဂ နှစ်ဖွဲ့ ရှိပြီးတော့ ဒီအလုပ်သမားတွေ ဟာ အရင်သမဂ္ဂဟာ အစိုးရ ဘက် ကဖွဲ့ပေးတာလို့ယူဆပြီး အလုပ် သမား အခွင့်အရေးတောင်းဆို မယ်ဆိုပြီး နောက်ထပ် သမဂ္ဂတစ်ခု ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လ ၂၃ ရက်နေ့တုန်းက လူဝင်မှု ကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ပဲ တွေ့ခွင့်ရပြီး အစိုးရဘက် က သူတို့ မူလနေရာမှာ အလုပ်ပြန်ခန့်ရင် အရင် ရှိပြီးသားသမဂ္ဂ က လူတွေနဲ့ ပြဿနာ ဖြစ်မှာ စိုးရိမ်ပုံရတယ်လို့ ကြည့်မြင်တိုင်ငါးတောင်း အလုပ်သမားအရေးဆောင် ရွက်ပေးနေတဲ့ သွေးစည်းသော အလုပ်သမားများအဖွဲ့ချုပ် က အထွေထွေ အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Aye Myo
Image caption ခုံရုံးဆုံးဖြတ်ချက် အတိုင်းအလုပ် မခန့်ဘဲ အလုပ်နေရာခွဲခန့် တာဟာ အလုပ်သမားတွေကို အပြစ်ရှိတယ်

ဝန်ကြီးချုပ်ကတော့ အောက်တိုဘာ ၃၀ရက်နေ့ အထိတော့ အလုပ်သမားတွေ တောင်းဆိုသလို အလုပ်ပြန်ခန့်ထားတာတော့ မရှိသေးပါဘူး ။

လုပ်သမားတွေ ဘက်ကတော့ အငြင်းပွားမှု အတွက် ခုံရုံးဆုံးဖြတ်ချက် အတိုင်း အလုပ်မခန့်ဘဲ အလုပ်နေရာခွဲခန့်တာဟာ အလုပ်သမားတွေကို အပြစ်ရှိတယ်လို့ စီရင်ရာရောက်ကြောင်းလည်း ပြောပါတယ်။

ဝန်ကြီးချုပ်ကို စောင့်နေတဲ့အလုပ်သမားတွေစောင့်ဆိုင်းမှု ၂၉နာရီအကျော်မှာတော့ ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူတွေက ဗီနိုင်းကိုင်ပြီး ရပ်နေတာ ဥပဒေနဲ့မညီလို့ လာပြီးသတိပေးတာရှိပါတယ်။

နက်ပြာရောင် ယူနီ ဖောင်းဝတ်ထားသူ လုပ်သားတွေကတော့ သူတို့ ကို မူလနေရာ အလုပ် ပြန်မခန့်မချင်းထိုင် သပိတ်ဆင်နွှဲသွားမယ်လို့လည်း ပြောပါတယ်။