စစ်တပ်ရဲ့ လက်ကိုင်တုတ်လို့ စွပ်စွဲခံရတဲ့ ဦးဝှေ့တင်း အခြေအနေ

ဓာတ်ပုံ မူပိုင် Hluttaw
Image caption ချင်းတိုင်းရင်းသား လွှတ်တော် အမတ်ကို အေအေ ရခိုင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတာဟာ စိတ်၀မ်းကွဲပြားမှု ဖြစ်စေသလား

ပလက်၀ မြို့နယ်အတွင်း လူမျိုးစု မျိုးနွယ်စုတွေ အကြား အမုန်းစကား ပြောဆို သွေးထိုးလှုံ့ဆော်ခြင်း ၊ ပလက်၀ မြို့နယ်အတွင်းက ရခိုင်လူမျိုးတွေကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်နေတယ်ဆိုပြီး စစ်တပ်ကို တိုင်တန်းကာ အခက်ကြုံအောင် လုပ်နေတဲ့အတွက် ဦးဝှေ့တင်း ကို ဖမ်းထားရတာလို့ ရက္ခိုင့်တပ်တော် အေအေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ သိရအောင် အေအေ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက မေးမြန်းထားပါတယ်။

BBC - ဦးဝှေ့တင်း ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါသလဲ ။

AA - သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ် ၊ သူ့ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။

BBC - သူဟာ မြန်မာ စစ်တပ်ရဲ့ လက်ကိုင်တုတ် အဖြစ် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတော့ ဘာကြောင့် အခုလို ပြောတာပါလဲ။

AA - ပလက်၀ ခရိုင်ထဲမှာ ရခိုင်နဲ့ တခြားသော ရခိုင်မျိုးနွယ်စုတွေကြား အထူးသဖြင့် ရခိုင်မုန်းတီးရေး လုပ်ဆောင်ကာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် တောက်လျှောက် လုပ်ဆောင်နေတဲ့ အထောက်အထားတွေ သူ့ဆီက သိမ်းဆည်း ရမိထားလို့ ပြောရတာ ဖြစ်တယ်။

BBC - AAရဲ့ အခုလို ပြောကြားချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက မဟုတ်မမှန်ကြောင်း ၊ သူတို့အဖွဲ့တွေနဲ့ ဦးဝှေ့တင်း ဆက်စပ်မှု မရှိပါဘူးလို့ ပြောတာတွေကို ထည့်သွင်း မစဉ်းစားတော့ဘူးလား ။

AA - သူ့ဆီက သိမ်းဆည်း ရမိတဲ့ အထောက်အထားတွေ ကျွန်တော်တို့ လက်ထဲ ရှိပါတယ် ၊ သူလုပ်ဆောင် ထားခဲ့တာတွေ ကျွန်တော်တို့ စုဆောင်း ရထားပြီးပါပြီ။

BBC - ဘယ်လို အထောက်အထားတွေပါလဲ

AA - ခုချိန်မှာ စုံစမ်းစစ်ဆေးနေဆဲပါ အသေးစိတ် ပြောလို့ မရသေးပါဘူး။

Image caption ဦးဝှေ့တင်း ဟာ တပ်မတော်ရဲ့ လက်ကိုင်တုတ် လို့ အေအေ အဖွဲ့က စွပ်စွဲထား

BBC - ဒါဆိုရင် အမုန်းစကား ပြောတာနဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်လို့ ဘယ်ကြောင့် စပ်ဆက်ပြီး ပြောတာပါလဲ။

AA - သူဟာ ခမီးလူငယ်တွေကို လျှို့ဝှက် ဖွဲ့စည်းပြီး ULA/AA ရဲ့ လှုပ်ရှားမှုတွေကို တောက်လျှောက်စုံစမ်း ထောက်လှမ်းပြီး စစ်တပ်ကို နေ့စဉ် သတင်းပေးနေတယ် ၊ ပြီးရင် တချို့ ကိစ္စမှာ ပလက်၀က ရခိုင်တွေကို အေအေ ဆိုပြီး စစ်တပ်ကို စာရင်းပေး ၊ စစ်တပ်က ဖမ်းပြီး ဒုက္ခဖြစ်အောင် တောက်လျှောက် သူလုပ်လာတာ ဖြစ်တယ် ၊ နောက်ပြီး အေအေ ရဲ့ လှုပ်ရှားမှုတွေကို သူ့လူတွေက တဆင့် နေ့စဉ် သတင်းရယူပြီး စစ်တပ်ဆီကို သတင်းပေးနေတယ် ၊ ဒါ့အပြင် စစ်တပ်ရဲ့ တောထဲမှာ လူတွေကို လက်စဖျောက်ပစ်တာတွေကို သိသိကြီးနဲ့ ဒါကို ဖုံးဖိပြီး အေအေ ဖက်က လုပ်သလိုမျိုး မဟုတ်မမှန် သတင်း ဖြန့်ချိတယ် ၊ အထူးသဖြင့် ULA/AA ကို စစ်ရေး နိုင်ငံရေး အကြပ်အတည်း ဖြစ်အောင် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် တောက်လျှောက် လုပ်နေတဲ့ အထောက်အထားတွေ ကျွန်တော်တို့ လက်ထဲ ရှိနေပါပြီ။

BBC - လူထု ရွေးကောက် တင်မြှောက် ထားတဲ့ လွှတ်တော် အမတ် တယောက်ကို ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေတာဟာ အေအေ အတွက် လူထု ယုံကြည်မှု ကျဆင်းစေတယ်လို့ မထင်ဘူးလား ။

AA - ဒါကတော့ ခွဲမြင်တတ်ဖို့ လိုပါတယ် ၊ လူထုက ရွေးကောက် တင်မြှောက်တာနဲ့ သူ့အဖြစ်တွေကို ခွဲမြင်ဖို့ လိုပါတယ် ၊ ဥပမာ လူထု တင်မြှောက်ထားတိုင်း သူ့ကို ဘာမှ အရေးမယူရဘူးလို့ ဆိုတာ လက်ခံ နိုင်စရာ မရှိပါဘူး။ သူက ရခိုင်နဲ့ ရခိုင် မျိုးနွယ်စုတွေကြား ပဋိပက္ခ ဖြစ်အောင် ဖန်တီးနေရင် ကျွန်တော်တို့က ဖမ်းသင့်ရင် ဖမ်းရမယ် ၊ စစ်ဆေးသင့်ရင် စစ်ဆေးရမယ် ၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တာနဲ့ သူ့ကို ဘာမှ မလုပ်ရတော့ဘူး ဆိုတာ ကတော့ မဖြစ်သင့်ဘူးလို့ ယုံကြည်တယ် ။ ဒေါက်တာ အေးမောင်လို့ ရခိုင် တမျိုးသားလုံးက ထောက်ခံတဲ့ ခေါင်းဆောင်က စာပေဟောပြောပွဲမှာ စကားပြောမိတာနဲ့ အစိုးရက နိုင်ငံတော် ပုန်ကန်မှုနဲ့ တစ်သက်တစ်ကျွန်း ထောင်ချထားတာမျိုးတောင် ရှိသေးတာပဲ။ ။

အစိုးရ အနေနဲ့ ကိုယ့်လူအဖမ်းခံရမှ မတရားဘူး ပြောမဲ့ အစား အစိုးရနဲ့ စစ်ခေါင်းဆောင်တွေ တရားမျှတမှုကို တန်ဖိုးထား လက်ခံပြီး ပြည်သူကို လေးလေးစားစား လက်ခံတတ်လာအောင် ကြိုးစားသင့်ပါတယ် ၊ နောက်ပြီး အန်အယ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီကိစ္စက ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အနှောက်အယှက် ဖြစ်စေတယ်လို့ ဆိုထားတာလည်း အကြောင်းပြချက် တခုသာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက တစ်ဆို့နေတာ ဖြစ်ပြီး ဒါကလည်း စစ်တပ်ကြောင့်သာ ဖြစ်ပါတယ် ။

BBC - ဒေါက်တာ အေးမောင်ကို ပြစ်ဒဏ်ချမှတ်မှုကြောင့် အဲဒီတုန်းက စိတ်၀မ်းကွဲပြားမှုတွေ ဖြစ်ခဲ့တယ် ဆိုတော့ အခုလည်း ချင်းတိုင်းရင်းသား အမတ် တစ်ယောက်ကို အေအေလို ရခိုင် လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးတာဟာ လူမျိုးစုတွေကြား သွေးခွဲမှု မဖြစ်စေဘူးလား။

AA - သူ့ကို ချင်းလူမျိုးမို့ အန်အယ်ဒီ အမတ်မို့ ဖမ်းတာ မဟုတ်ပါဘူး ၊ ပလက်ဝမြို့နယ် အတွင်း လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်လာအောင် နောက်ကွယ်က လူငယ်တွေကို သွေးခွဲမှု လုပ် ၊ ULA/AA လှုပ်ရှားမှုတွေကို နိုင်ငံရေး စစ်ရေး အကြပ်အတည်း ဖြစ်အောင် လုပ်တာတွေ အတွက် အထောက်အထား ရှိလို့ စစ်ဆေးတာ ဖြစ်တယ် ၊ ချင်းညီအစ်ကိုတွေ အနေနဲ့လည်း ဒီကိစ္စကို ခွဲမြင်တတ်ဖို့ ပြောချင်ပါတယ်။

BBC - ဖမ်းဆီးခံ လွှတ်တော် အမတ် ဦးဝှေ့တင်း နဲ့ ပတ်သက်လို့ သူ့မိသားစုဝင် ဇနီးသည်ကလည်း စိုးရိမ်နေတယ် ၊ ချင်းလူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြန်လွှတ်ပေးဖို့ တောင်းဆို နေတော့ ဒါတွေကို ထည့်သွင်း စဉ်းစားဖို့ ရှိပါသလား ။

AA - ဒီကိစ္စကို သိပြီးသား ဖြစ်ပါတယ် ၊ အဲဒီ ချင်းလူ့အခွင့်အရေး အဖွဲ့ကို ဘယ်သူ ထိန်းချုပ်ထားသလဲ ၊ ဦးဝှေ့တင်း နဲ့ ဘယ်လို အဆက်အသွယ် ရှိလဲ၊ အပေးအယူ ဘယ်လို ရှိလဲ ကျွန်တော်တို့မှာ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ရထားပြီးပါပြီ၊ဒါကြောင့် စစ်ဆေးနေပါတယ်။

Image caption ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ ကုလားတန် စီမံကိန်းက လူတွေကို ဖမ်းဆီးမှုဟာ AA လက်နက်ကိုင် အဖွဲ့အပေါ်မေးခွန်းထုတ်စရာဖြစ်နေ

BBC - ဦးဝှေ့တင်း ပြန်လွတ်လာနိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်း ရှိပါသလဲ ။

AA - စုံစမ်း စစ်ဆေးနေဆဲ ကာလ ဖြစ်ပါတယ် ၊ ပြီးမှ ပွင့်ပွင့်လင်းလင်း ပြည်သူကို အသိပေးသွားမှာပါ။

BBC - ခုရက်ပိုင်းတွင်းမှာဘဲ အေအေ အဖွဲ့ လက်ထဲ မီးသတ် အရာရှိ တစ်ယောက် ဆုံးပါး ခဲ့ရတယ် ဆိုတော့ ဦးဝှေ့တင်း အတွက်ကော စိုးရိမ်စရာ မရှိဘူးလား။

AA - သူက ကျန်းမာရေး ကောင်းသူမို့ စိုးရိမ်စရာ မရှိပါဘူး ။ အေအေ အနေနဲ့ မှန်မှန်ကန်ကန် လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်လို့ အများယုံကြည်မှု ကျဆင်းသွားမှာကိုလည်း မစိုးရိမ်မိပါဘူး။

BBC - အေအေ ကြေညာချက် အဆုံးမှာ အခုလို လုပ်ရပ်မျိုးနဲ့ ပတ်သက်လို့ ဘယ်သူကိုမဆို လုပ်သင့် လုပ်ထိုက်တာ လုပ်သွားမယ်လို့ ရေးသား ဖော်ပြ ထားတော့ ဦးဝှေ့တင်း အပြင် တခြားလူတွေကိုလည်း ပစ်မှတ် ထားတာတွေ ရှိနေပြီ ဆိုတဲ့ သဘောလား။

AA - ဒီဟာကတော့ ဘယ်သူတွေ ပါဝင် ပတ်သက်သလဲ ဆိုတာ ရှိမှာပါ ၊ ခုတော့ ဒီလောက်ပဲ ဖော်ပြလို့ ရလို့ ဒီလောက်ပဲ ပြောပြနိုင်တာ ဖြစ်ပါတယ်။

BBC - အဲဒီ ဖော်ပြချက်က ကျန်တဲ့လူတွေကို ခြိမ်းခြောက်တဲ့ သဘောလား။

AA - ဒီကိစ္စကတော့ လောလော ဆယ် ပြောလို့ မရသေးပါဘူး။

Image caption ချင်းတိုင်းရင်းသား လွှတ်တော်အမတ်ဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ် သဖွယ် လုပ်ဆောင်နေတယ်လို့ အေအေ စွပ်စွဲ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝှေ့တင်း အပါအဝင် လူဆယ်ယောက် ပလက်ဝ နဲ့ ကျောက်တော်ကြား မှာ အေအေ အဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ကြရပါတယ်။

အေအေအဖွဲ့ ဖမ်းထားတဲ့သူတွေထဲက အိန္ဒိယနိုင်ငံသား ၅ဦး ထဲမှာ တစ်ဦးက သေဆုံးခဲ့ပြီး ကျန်လေးဦး၊ စကားပြန်နှစ်ဦးနဲ့ စပိဘုတ်မောင်းသူ နှစ်ဦးတို့ကို အေအေက နိဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် လာရောက်ခဲ့ကြတာဖြစ်ပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ အမျိုးသား လွှတ်တော် အမတ် ဦးဝှေ့တင်း ကို အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာ တစ်ပတ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။