နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်း ၇ မြို့နယ်မှာ အီတလီနဲ့ပေါင်းပြီး ရေနံရှာမယ်

မကွေးတိုင်းထဲက တရားမဝင်ကုန်းတွင်းရေနံလုပ်ကွက် တစ်ခု ဓာတ်ပုံ မူပိုင် Nay naing
Image caption မကွေးတိုင်းထဲက တရားမဝင်ကုန်းတွင်းရေနံလုပ်ကွက် တစ်ခု

နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၇ မြို့နယ်မှာ ကုန်းတွင်းရေနံလုပ်ကွက်တွေ တူးဖော်ဖို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက အီတလီအခြေစိုက် ENI ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီနဲ့ ပူးပေါင်းပြီး လုပ်ငန်းတွေ စဖို့ ပြင်ဆင်နေပါတယ်။

ကုန်းတွင်းရေနံလုပ်ကွက်တွေ တူးဖော်ဖို့ လျာထားတဲ့ နေရာတွေကတော့ နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးတိုင်းထဲမှာရှိတဲ့ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင် စတဲ့ မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက မြေဧရိယာ စတုရန်းကီလိုမီတာ ငါးထောင်တစ်ရာကျော်မှာ ဖြစ်ပါတယ်။

အဲ့ဒီနေရာတွေမှာ မြေအောက် ရေနံပမာဏ ဘယ်လောက်ရှိနိုင်မယ် ဆိုတာကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်း MOGE က အီတလီအခြေစိုက် ENI ကုမ္ပဏီနဲ့ ဘူမိဗေဒ စမ်းသပ်လေ့လာမှုတွေ စလုပ်ဖို့ ပြင်ဆင်နေပါတယ်။

မြို့နယ်ပေါင်း ၈ မြို့နယ်ထဲက ကျေးရွာအုပ်စုပေါင်း ၃၇၀ ကျော်မှာ တွင်းငယ်ပေါင်း ၁၃၀၀ ကျော်လောက်တူးပြီး စမ်းသပ်မှုတွေလုပ်ပြီးမှ စီးပွားဖြစ်ထုတ်နိုင် မထုတ်နိုင် သိရမှာဖြစ်တယ် ဆိုပြီးတော့ MOGE က ဘူမိဗေဒအရာရှိ ဦးကိုကိုဦးက ပြောပါတယ်။

အခုရေနံလုပ်ကွက်တွေ တူးဖော်ဖို့ လျာထားတဲ့ နေပြည်တော် တပ်ကုန်းနဲ့ မန္တလေးက မြို့နယ်တွေဟာ အရင်က စီးပွားဖြစ်ရေနံတူးဖော်မှုတွေ မရှိခဲ့တဲ့နေရာသစ်တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် MOGE
Image caption ENI ဟာ၂၀၁၄ခုနှစ် မှာ မြန်မာနိုင်ငံကုန်းတွင်းလုပ်ကွက်တွေကို ဝင်ရောက်လုပ်ကိုင်လာ

အခု ဒီနေရာတွေမှာ ရေနံတူးဖော်ခွင့်ကို နိုင်ငံတကာကုမ္ပဏီတွေကို တင်ဒါခေါ်ခဲ့တာဖြစ်ပြီး အဲ့ဒီကမှ အီတလီ ENI ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခြင်း Sharing Contract နဲ့ လုပ်ငန်း အကောင်အထည်ဖော်မှု အမ်အိုအေ စာချုပ်ကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နဲ့ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

မြေအောက်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဘယ်လောက်ရှိမလဲဆိုတာ သိနိုင်မယ့် ဘူမိဗေဒ စမ်းသပ်လေ့လာမှုတွေကို တပ်ကုန်းအပါအဝင် မန္တလေးက မြို့နယ်ပေါင်း ရှစ်မြို့နယ်မှာ လာမယ့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စလုပ်မှာ မှာဖြစ်ပါတယ်။

လတ်တလောမှာလည်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က ဦးဆောင်ပြီးတော့ လျာထားတဲ့ စီမံကိန်းဧရိယာထဲပါတဲ့ မြို့နယ် ၈ မြို့နယ်နဲ့ ကျေးရွာတွေကို ဆင်းပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းအကြောင်း ရှင်းပြတာတွေ လုပ်နေပါတယ်။

ENI ဟာ ၂၀၁၄ခုနှစ် မှာ မြန်မာနိုင်ငံကုန်းတွင်းလုပ်ကွက်တွေကို ဝင်ရောက်လုပ်ကိုင်လာတာ ဖြစ်ပြီး ကုန်းတွင်းလုပ်ကွက် နှစ်ခုကိုရှာဖွေဖို့ ထုတ်လုပ်မှု မျှဝေခြင်း စာချုပ် (PSC) နှစ်ခု ရရှိခဲ့ပါတယ်။

ENI ရထားတဲ့လုပ်ကွက်ဟာ RSF-5 လုပ်ကွက်ဟာ မကွေးတိုင်းမှာ ရှိပြီး နောက်တစ်ခုကတော့ ပဲခူးရိုးမထဲမှာ တည်ရှိပါတယ်။ ဒီလုပ်ကွက်တွေကို ရှာဖွေတူးဖော်ရေးအဆင့်မှာ (၆) နှစ်ကြာမှာ ဖြစ်ပြီး(၃) ပိုင်း ခွဲလုပ်မယ်လို့လည်း ENI ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဘူမိအနည်ကျ ချိုင့်ဝှမ်း ၁၇ ခု ရှိပြီး အဲဒီ ၁၇ ခု ထဲက ကုန်းပိုင်း လုပ်ကွက် ၅၃ ကွက်နဲ့ ကမ်းလွန်လုပ်ကွက် ၅၁ ကွက် စုစုပေါင်းလုပ်ကွက် ၁၀၄ ကွက် ပိုင်းခြားပြီး ဆောင်ရွက်နေကြောင်း၊ ကုန်းပိုင်း လုပ်ကွက် စုစုပေါင်း ၅၃ ကွက်ထဲက နိုင်ငံခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ကွက် ၂၅ ကွက်၊ မြန်မာ့ရေနံ နှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ဆောင်ရွက်နေတဲ့လုပ်ကွက် ၁၀ ကွက်နဲ့ လစ်လပ်နေတဲ့ လုပ်ကွက် ၁၈ ကွက် ရှိတယ်လို့ စွမ်းအင်ဝန်ကြီးက လွှတ်တော်မှာ ၂၀၁၉ ခုနှစ်က ပြောခဲ့ပါတယ်။