ရက္ခိုင့်တပ်မတော်က ဖမ်းဆီးထားသူများအနက် NLD ပါတီဝင် ၂ ဦး ရှိလာ

ဓာတ်ပုံ မူပိုင် YE AUNG THU/AFP via Getty Images
Image caption ပလက်ဝက အမတ် ဖမ်းခံရပြီးနောက် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ပါ အဖမ်းခံနေရ

ရက္ခိုင့်တပ်မတော်က ဖမ်းဆီးထားသူများအနက် NLD ပါတီဝင် ၂ ဦး ရှိလာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဦးရဲသိန်းကို ရက္ခိုင့်တပ်မတော် AA က ဖမ်းဆီးထားတယ်လို့ အေအေဘက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပလက်ဝ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကိုလည်း ဖမ်းဆီးထားတာဟာ အခုဆိုရင် တစ်လကျော်ရှိနေပြီဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ မိသားစုက ဆိုပါတယ်။

အေအေဖမ်းဆီးထားတဲ့အထဲမှာ အခုဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်ဦး ရှိပြီဖြစ်ပါတယ်။

ဦးရဲသိန်းဟာ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ သွားရောက်ရင်ဆိုင်ဖြေရှင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲလုပ်ဖို့ ဦးဆောင် စီစဉ်နေချိန် ဒီဇင်ဘာ ၁၁ ရက်နေ့ နေ့လယ် ပိုင်းမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

အေအေဟာ အခုဆိုရင် NLD ပါတီဝင်တွေကို ဦးတည်ပြီး ဖမ်းဆီးလာတာ ဖြစ်တာကြောင့် ပါတီဝင်တွေအနေနဲ့ သတိပြုသွားလာဖို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ဆိုပါတယ်။

ဦးဝှေ့တင်းနဲ့ ဦးရဲသိန်းတို့ လွတ်မြောက်ရေးအတွက်တော့ လက်နက်ကိုင်တွေနဲ့ ညှိနှိုင်းပါက ဥပဒေကို ချိုးဖောက်ရာကျမှာဖြစ်တဲ့အတွက် ပါတီရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကိုပဲ တရားဝင် ထုတ်ပြန်မယ်လို့ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဘီဘီစီက အေအေပြောခွင့်ရခိုင်သုခကို ဒီဇင်ဘာ ၁၃ ရက်မှာ အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် NurPhoto
Image caption နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မှာ နိုင်ငံတော် အတိုင်ပင်ခံဘက်က ရပ်တည်ကြောင်းပြနေသူများ

နိုင်ငံတော် အတိုင်ပင်ခံရဲ့ အိမ်ပြန်ခရီးကို နေပြည်တော်ဒေသခံများ ကြိုဆိုကြမယ်

နယ်သာလန်နိုင်ငံ ၊ သည်ဟိတ်ဂ်ကနေ ပြန်လာမယ့် နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဒီကနေ့ အိမ်အပြန်ခရီးကို နေပြည်တော်ဒေသခံတွေက လေဆိပ်ကနေ သပြေကုန်းအဝိုင်းအထိ အဖွဲ့ ၃ဖွဲ့ခွဲပြီး ကြိုဆိုဖို့ ပြင်ဆင်ထားကြပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရှိတယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားတာကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

အရင်ကတော့ ဒီလို နိုင်ငံတော် အတိုင်ပင်ခံ ပြန်လာတာကို ကြိုဆိုလေ့မရှိပါဘူး။ ဒါပေမယ့် ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဟာ ဒီကနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်မှာ နေပြည်တော်လေဆိပ်ကို ရောက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သုံးရက်ကြာ နှစ်ဖက် အပြန်အလှန် လျှောက်လဲမှုတွေ ဒီဇင်ဘာ ၁၂ ရက်က ပြီးဆုံးခဲ့

နေပြည်တော်လေဆိပ်ကနေ ဒေါ်အောင်ဆန်းစုကြည်အိမ်အထိ စုစုပေါင်း မိုင် ၃၀ ကွာဝေးပြီးတော့ ကြိုဆိုသူတွေဟာ လေဆိပ်မှာတစ်ဖွဲ့၊ လယ်ဝေးမြို့နယ်က ငြိမ်းချမ်းရေးစေတီတော်အထိ တစ်ဖွဲ့ ၊ နေပြည်တော် ဟိုတယ်ဇုံကနေ သပြေကုန်းအဝိုင်းအထိ တစ်ဖွဲ့ ဆိုပြီး အဖွဲ့ သုံးဖွဲ့ခွဲထားတယ်လို့ ကြိုဆိုရေး ကော်မတီ ဥက္ကဋ္ဌ ပျဉ်းမနားမြို့ခံ ဦးကျော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NurPhoto
Image caption ဗြိတိန်ရွေးကောက်ပွဲကနေ ပြန်လည် ရွေးကောက်ခံရတဲ့ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်

စကော့တလန်လွတ်လပ်ရေး ဆန္ဒခံယူပွဲ ဝန်ကြီးချုပ်ပယ်ချ

ဗြိတိန်ရွေးကောက်ပွဲကနေ ပြန်လည် ရွေးကောက်ခံရတဲ့ ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်က စကော့တလန်ပြည်နယ် လွတ်လပ်ရေး လူထုဆန္ဒခံယူပွဲ ကျင်းပဖို့ တောင်းဆိုချက်တွေကို လက်မခံဘဲ ပယ်ချမယ်လို့ ပြောခဲ့ပါတယ်။

စကော့တလန်ပြည်နယ် လွတ်လပ်ရေးတောင်းဆိုမှုကို အားပေးတဲ့ စကော့တလန်အမျိုးသားပါတီ (SNP) ကို ရွေးကောက်ပွဲအတွင်းမှာ ထောက်ခံမဲပေးမှုတွေ အများအပြားရှိခဲ့ပါတယ်။

စကော့တလန်အမျိုးသားပါတီဟာ ဗြိတိသျှပါလီမန်မှာ အမတ်နေရာ ၅၉ နေရာထဲက ၄၉ နေရာကို အနိုင်ရရှိခဲ့ပြီး ဒါဟာနောက်ထပ် လူထုဆန္ဒခံခွင့်ရှိတယ်ဆိုပြီး ထင်ထင်ရှားရှားပြနေကြောင်း ပြောခဲ့ပါတယ်။

UK ဟာ အီးယူကနေ နုတ်ထွက်ရေး မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် အချိန်စောကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီက အတိုက်အခံ လေဘာပါတီရဲ့ အခိုင်အမား မဲဆန္ဒနယ်တွေမှာပါ အောင်ပွဲခံပြီး မဲအများစုနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီရွေးကောက်ပွဲ အနိုင်ရမှုဟာ လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီအတွက် ၁၉၈၇ နောက်ပိုင်း အကြီးကျယ်ဆုံး ရွေးကောက်ပွဲ အနိုင်ရမှု ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ယူကေ ရွေးကောက်ပွဲကြီး အတွက် ဘယ်လို ပြင်ဆင်နေကြပြီလဲ

ဆက်စပ် အကြောင်းအရာများ