ကာချုပ်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေအကြောင်းဆွေးနွေးတဲ့အကြောင်း အပါအဝင် မနက်ခင်းသတင်းများ

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး
Image caption ဟနွိုင်းမြို့ကို ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်

(၁) ကာချုပ်ရဲ့ ဗီယက်နမ်ခရီးစဉ်အတွင်း တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေအကြောင်းဆွေးနွေး

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ကို ရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဗီယက်နမ် တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing၊ အမျိုးသားလွှတ်တော် ဥက္ကဌ နဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးတို့ကို သီးခြားတွေ့ခဲ့ပြီး ၂၀၂၀ ကနေ ၂၀၂၂ အထိ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအမံကို မြှင့်တင်ဖို့၊ ၂ နိုင်ငံ စစ်ဘက်ဆိုင်ရာနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စတွေ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ တပ်မတော် ၂ ရပ်အကြား ကဏ္ဍစုံ မြှင့်တင်နိုင်ဖို့နဲ့ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ ပိုမို ပူးပေါင်းဆောင်ရွက် နိုင်ဖို့တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာ့ တပ်မတော်နဲ့ ၂၀၁၇ ခုနှစ်ကတည်းက အကျိုးတူပူးပေါင်းထားတဲ့ ဗီယက်နမ်ကာကွယ်ရေးဌာနပိုင် Viettel ကုမ္ပဏီကို သွားရောက်ခဲ့ပါတယ်။

အဲ့ဒီမှာ Viettel ကုမ္ပဏီ ဥက္ကဌနဲ့လည်း တွေ့ခဲ့သလို ၂ ဖက် ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုအတွင်း တိုးတက်မှုတွေ ရှိခဲ့ပြီး Mytel ဆက်သွယ်မှုကွန်ရက်ကိုလည်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

Viettel ကုမ္ပဏီဟာ ပြည်တွင်းက စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်တဲ့ Mytel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

(၂) သေဆုံးခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟာ AA တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ကို အပြန်အလှန်စွပ်စွဲနေကြ

Image caption ရခိုင်မှာတိုက်ပွဲတွေကြောင့် စစ်ရှောင်ဒုက္ခသည် နှစ်သောင်းကျော်လာ

မင်းပြားမြို့နယ် စိတ္တကျေးရွာအနီး တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ခဲ့စဉ်မှာ နေအိမ်တစ်လုံးအတွင်းကနေ စစ်ကြောင်းကို ပစ်ခတ်ခဲ့လို့ ပြန်လည် ပစ်ခတ်ခဲ့ပြီး သွားရောက်ရှာဖွေချိန်မှာ အဲ့ဒီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းနဲ့ အတူ ကျောက်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်အေးမောင် တို့ လက်နက်ငယ်ကျည်ထိမှန် သေဆုံးနေတာ တွှေ့ရတယ်လို့ ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းက တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ သေဆုံးသူ ဦးကျော်အေးမောင်ဟာ ရက္ခိုင့်တပ်မတော် AA က တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ တပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။

AA ဘက်ကတော့ နှိုင်းယှဉ်ဖော်ပြခဲ့ရသူဟာ လက်ရှိအချိန်အထိ သူတို့ဆီမှာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်တယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

မင်းပြားမြို့ခံ သတင်းသမားတချို့နဲ့ ဒေသခံတချို့ကတော့ ဦးကျော်အေးမောင်က သာမန် အရပ်သားပဲဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒီအကြောင်း မေးမြန်းဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်နေပေမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

(၃) အိန္ဒိယ ဆန္ဒပြပွဲ ၃ ဦးသေ၊ လူထောင်ချီ အဖမ်းခံရ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၃ ရက်ကြာ ဖြစ်နေတဲ့ အိန္ဒိယဆန္ဒပြပွဲ

အိန္ဒိယနိုင်ငံမှာ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ မြို့တော် နယူးဒေလီ၊ အူတာပရာဒတ်ရှ် နဲ့ ကာနာတာကာ ပြည်နယ်တွေမှာ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ရဲတွေက အင်အားသုံးနှိမ်နင်းတာကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး လူပေါင်း ထောင်နဲ့ချီကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။

သေဆုံးသူတွေထဲက ၂ ဦးက အိန္ဒိယတောင်ပိုင်း Mangalore မြို့ဆန္ဒပြပွဲတွေအတွင်း ရဲက ပစ်ခတ်ခဲ့တာကြောင့် ဖြစ်ပြီး ဒဏ်ရာရသူ ၄ ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ထားရပါတယ်။

အခုတော့ အဲ့ဒီမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်အရ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက တရားမဝင် ဝင်လာလာတဲ့ မွတ်ဆလင်မဟုတ်သူတွေကိုပဲ နိုင်ငံသားအဖြစ် လက်ခံမှာ ဖြစ်ပါတယ်။ ဥပဒေသစ်ထဲ အကျုံးမဝင်ကြသူတွေဟာ မွတ်ဆလမ်တွေ ဖြစ်ကြပါတယ်။

ဒါ့ကြောင့် ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္နူအမျိုးသားရေးမူဝါဒကို အသားပေးတဲ့ အပေါ် ဝေဖန်မှုတွေရှိနေပြီး နိုင်ငံသားဖြစ်ခွင့်ဟာ ကိုးကွယ်ယုံကြည်မှုနဲ့ မသက်ဆိုင်သင့်ဘူးဆိုပြီး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဝန်ကြီးချုပ် မိုဒီကတော့ ဝေဖန်မှုတွေအပေါ် ငြင်းဆိုထားပါတယ်။

ဒီဥပဒေသစ်ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကတော့ အိန္ဒိယနိုင်ငံတဝန်း ဆက်ဖြစ်နေပြီး ဆန္ဒပြပွဲ ၃ ရက်မြောက်နေ့မှာတော့ ဒီပြဿနာတွေအပေါ် ဆွေးနေးဖို့ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။

(၄) သမ္မတ ထရမ့်ကို စွပ်စွဲပြစ်တင်တဲ့အပေါ် အမတ်တွေ ငြင်းခုန်နေကြဆဲ

ဓာတ်ပုံ မူပိုင် BRENDAN SMIALOWSKI/AFP via Getty Images
Image caption အောက်လွှတ်တော် ကြားနာပွဲ တစ်ခုမှာ တွေ့ရတဲ့ သမ္မတထရမ့်

သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်လိုက်တဲ့အပေါ် ကွန်ဂရက်မှာ လွှတ်တော်အမတ်တွေ ဒုတိယနေ့အဖြစ် ဆက်လက်ငြင်းခုန် နေကြပါတယ်။

အထက်လွှတ်တော် ရီပါဘလစ်ကန်ခေါင်းဆောင် မက်ကော်နယ်လ်က အေက်လွှတ်တော်မှာ သမ္မတရမ့်ကို စွပ်စွဲပြစ်တင်ခဲ့တာဟာ သမိုင်းမှာ မတရားမှု တစ်ခုအဖြစ် သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပါတီကြီး ၂ ခုက အားပြိုင်မှုက အဆိပ်အတောက်တွေ ဖြစ်စေတာလို့ လည်း သူက ဆိုပါတယ်။

သမ္မတထရမ့်ကို အာဏာအလွဲသုံးစားမှု၊ ကွန်ဂရက်လုပ်ငန်းတွေကို နှောင့်ယှက်မှုဆိုတဲ့ စွဲချက် ၂ ခုနဲ့ စွပ်စွဲပြစ်တင်ဖို့ အောက်လွှတ်တော်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့တုန်းက မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီတရားစွဲမယ့် စွဲချက်တွေကို အောက်လွှတ်တော်က အတည်ပြုလိုက်တာကြောင့် အထက်လွှတ်တော် ဆီးနိတ်က ကြားနာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် သမ္မတထရမ့်ဟာ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာတော့ အမတ် ၁၀၀ မှာ ၆၇ ယောက် ၃ ပုံ ၂ ပုံက ထောက်ခံရမှာ ဖြစ်ပြီး အဲ့ဒီမှာ အမတ် ၅၃ ယောက်ဟာ သမ္မတထရမ့်ရဲ့ ရီပါဘလစ်ကန်ပါတီက ဖြစ်ပါတယ်။