ဗစ်တိုးရီးယားနဲ့အတူ ရပ်တည်ကြောင်း အွန်လိုင်းလှုပ်ရှားမှုတွေရှိလာ၊ ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေခရီးကို စွန့်စားပြီးသွားခဲ့ရတာဖြစ် အပါအဝင် ဒီဇင်ဘာ ၂၁ ရက်မနက်ခင်းသတင်းများ

(၁) ဗစ်တိုးရီးယားနဲ့အတူရှိကြောင်း အွန်လိုင်းကမ်ပိန်း လှုပ်ရှားမှုတွေရှိလာ

ဓာတ်ပုံ မူပိုင် အိုးဝေပညာဒါန
Image caption ရဲတပ်ဖွဲ့ရဲ့အဲဒီလုပ်ရပ်က ပြည်သူတွေအကြား ကျယ်ကျယ်လောင်လောင် ဝေဖန်စရာဖြစ်လာနေပါတယ်။

ဗစ်တိုးရီးယားအမှုအတွက် ရဲတပ်ဖွဲ့က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ရဲဇာနည်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ဗစ်တိုးရီးယားနဲ့ မိသားစု ဘယ်သူဆိုပြီး ထုတ်ဖော်ပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ရှိလာနေချိန်မှာပဲ ဒီဇင်ဘာ ၂၀ ရက်ကစလို့ နစ်နာသူ ဗစ်တိုးရီးယားနဲ့အတူရှိကြောင်း လူမှုကွန်ရက်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အွန်လိုင်းကမ်းပိန်းလှုပ်ရှားမှုတချို့ရှိလာပါတယ်။

အိုးဝေစာကြည့်တိုက်နဲ့ ပညာဒါနသင်တန်းကျောင်းက ကျောင်းသားကျောင်းသူတွေဟာ မနေ့ညက ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်တဲ့ မှတ်ချက်တွေရေး သားထားတဲ့ ကတ်ပြားတွေကိုင်ဆောင်ပြီး သူတို့ ဖေ့စ်ဘွတ်စာမျက်နှာကနေ တင်ခဲ့ပါတယ်။

Image caption ဗစ်တိုးရီးယားနာမည်ကို ထုတ်ပြောခဲ့တဲ့ရဲတပ်ဖွဲ့အရာရှိကြီးသုံးဦး

"ဗစ်တိုးရီးယားလေးရဲ့ အချက်အလက်များ အားထုတ်ဖော်ပြောဆိုခဲ့သည့် လူမှုကျင့်ဝတ်ဖောက်ဖျက်သော ရဲတပ်ဖွဲ့၏လုပ်ရပ်အား ကန့်ကွက်သည်"၊ "ညီမလေး ဗစ်တိုးရီးယားနှင့်အတူ ရပ်တည်သည်"၊ "ငါတို့ အားလုံး ဗစ်တိုးရီးယားများသာ ဖြစ်သည်"၊ "ညီမလေးက ပြည်သူ့ရင်သွေး" ၊ "ကျွန်မတို့ကို စောင့်ရှောက်ပါ အနိုင်မကျင့်ပါနဲ့"၊ "လူမပီသသူတစ်စု၏မတရားအနိုင်ကျင့်မှုများ ချက်ချင်းရပ်" ၊ "မတရားမှုကို လက်ပိုက်ကြည့်နေရင် နောက်တစ်ကြိမ် ကိုယ့်အလှည့် ဖြစ်သွားမယ်" စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ထားတဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာတင်ထားတာဖြစ်ပါတယ်။

အလားတူပဲ ရိုက်တာသတင်းထောက်နှစ်ဦးအမှုနဲ့ပတ်သက်လို့ ထောင်ဒဏ်ကျ ခံခဲ့ရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်အပေါ် ဝေဖန်ရေးသားထားပြီး "ဗစ်တိုးရီးယားအပေါ် ဥပဒေနှင့်အညီဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးပါ" ဆိုတဲ့ စာတမ်းကိုင်ဆောင်ထားတဲ့ ဓာတ်ပုံနဲ့အတူ တောင်းဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် အိုးဝေပညာဒါန
Image caption မတရားမှုကိုထိန်ချန်သူတွေ လူမှုကျင့်ဝတ်ဖောက်ဖျက်သူတွေရှက်နေစေဖို့ ဒီကမ်းပိန်းကို တွန်းအားပေးပြုလုပ်တာဖြစ်

"ကျွန်တော်တို့ကျောင်းမှာရှိတဲ့ကလေးတွေကို ဗစ်တိုးရီးယားအမှုဖြစ်စဉ်ကို ရှင်းပြတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူမှုကျင့်ဝတ်ဖောက်ဖျက်မှုတွေကို ပြောပြတဲ့အခါမှာ ကေလးမလေးအတွက် သူတို့ မခံချင်စိတ်ဖြစ် လာတယ်။ ဝိုင်းရပ်တည်ပေး တဲ့စိတ်ဖြစ်လာတယ်။ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားတော့ နိုင်ငံတကာမှာလည်း လုပ်ကြသလို စိတ်ကူးထဲမှာရှိတဲ့စာလေး ဓာတ်ပုံရိုက်ပြီး ကျွန်တော်တို့ ပေ့ချ်မှာတင်လိုက်ပါတယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့အစီအစဉ်ရှိပါတယ်။ တခြားနိုင်ငံရေးသမားတွေ ၊တက်ကြွလှုပ်ရှားသူတွေလည်း အတူရပ်တည်ကြောင်း ပြတဲ့အနေနဲ့ ပါဝင်ဖို့ မေတ္တာရပ်ခံထား ပါတယ်" လို့ ကျောင်းတည်ထောင်သူ ကိုမင်းသွေးသစ်က ဘီဘီစီကိုပြောပါတယ်။

ဗစ်တိုးရီးယားဖခင်က ရဲတပ်ဖွဲ့ကိုတရားစွဲဖို့စီစဉ်နေတဲ့အပေါ်မှာလည်း ထောက်ခံပြီးလိုအပ်တဲ့အကူ အညီတွေအတူပူးပေါင်းပါဝင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOe Yan naing
Image caption ရဲတပ်ဖွဲ့ဝင်တွေကိုအရေးယူဖို့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကလည်း တောင်းဆိုနေပါတယ်။

နေပြည်တော် Wisdom Hill မူကြိုက အသက်သုံးနှစ်မပြည့်သေးတဲ့ ကျောင်းသူကလေးငယ် လိင်အနိုင် ကျင့်ခံရတဲ့အမှုမှာ သံသယတရားခံ ကိုအောင်ကြီးကိုလွှတ်ပေးလိုက်ပြီးတဲ့နောက် တရားရုံးအမိန့်ကိုမကျေနပ်သူတွေအနေနဲ့ ပြင်ဆင်မှုတက်ရောက်နိုင်တယ်လို့ ဒက္ခိဏခရိုင်တရားရုံး သတင်းနဲ့ပြန်ကြားရေးအရာရှိက ပြောကြားထားပါတယ်။

အမှုမှာ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် သက်သေ ခုနစ်ဦး စစ်ဖို့ကျန်သေးချိန်မှာ ခုလို သံသယတရားခံကို လွှတ်လိုက်တာဟာ စောနေသေးကြောင်းနဲ့ အံ့သြမိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက သူတို့ သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် အိုးဝေပညာဒါန
Image caption ဗစ်တိုးရီးယားအတွက် တရားမျှတမှုတောင်းဆိုတဲ့အွန်လိုင်းကမ်းပိန်းတွေလုပ်လာကြ

ဒီသတင်းစာရှင်းလင်းပွဲမှာဗစ်တိုးရီးယားနဲ့မိသားစုနာမည်တွေလိပ်စာတွေကို ထုတ်ပြန်ပြောဆိုခဲ့တဲ့အတွက် ကလေးသူငယ်ဥပဒေနဲ့ငြိစွန်းပြီး အရေးယူသင့်ကြောင်း တရားရေးအသိုင်းအဝိုင်းနဲ့ လွှတ်တော်အသိုင်း အဝိုင်းက ပြောနေကြပြီဖြစ်သလို ပြည်သူတွေကလည်း ရဲတပ်ဖွဲ့ရဲ့အဲဒီလုပ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေပါတယ်။

မိသားစုဘက်ကတော့ ဒါဟာ ဥပဒေနဲ့ငြိစွန်းရင်တရားစွဲမယ်လို့ ဗစ်တိုးရီးယားဖခင် က ဘီဘီစီကို ပြောကြားထားပါတယ်။

(၂) ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတစ်ထောင်တန် ထုတ်ဝေမယ်

ဓာတ်ပုံ မူပိုင် MOI
Image caption ဗိုလ်ချုပ်ပုံပါ ကျပ်တစ်ထောင်တန်ငွေစက္ကူနမူနာပုံစံ

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ကျပ်တစ်ထောင်တန် ငွေစက္ကူကို လာမယ့် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့မှာ စတင်ထုတ်ဝေမှာဖြစ်ပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ကျပ်တစ်ထောင်တန်တွေကိုလည်း ဆက်လက်အသုံးပြုနိုင်တယ်လို့ အစိုးရ က သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ဗိုလ်ချုပ်ပုံနဲ့ ငွေစက္ကူတွေ ပြန်လည်ထုတ်ဝေဖို့ ၂၀၁၇ ခုနှစ်နိုဝင်ဘာမှာ လွှတ်တော်မှာ ဆွေးနွေးခဲ့တာရှိပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်တွေ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ထောက်ခံမဲများလို့ အဆို အနိုင်ရခဲ့ပြီးနောက် နှစ်နှစ်ကျော်အကြာမှာ အခုလို တစ်ထောင်တန်ငွေစက္ကူတွေ ပြန်လည်ထုတ်ဝေတော့မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ပုံအပါအဝင် သခင်ဖိုးလှကြီးစတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ရုပ်ပုံပါတဲ့ငွေစက္ကူတွေကို ၁၉၈၅ နဲ့ ၁၉၈၇ တို့မှာ တရားမဝင်ကြောင်း ကြေညာခဲ့ပြီးတဲ့နောက်ပိုင်း ခြင်္သေ့နဲ့ ဆင်ပုံ ပါတဲ့ ငွေစက္ကူတွေကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

(၃) ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေရော အိုင်စီစီပါရှိတဲ့နယ်သာလန်ကို စွန့်စားသွားခဲ့တာဖြစ်

ဓာတ်ပုံ မူပိုင် KOEN VAN WEEL
Image caption နယ်သာလန် သည်ဟေ့ဂ်မြို့မှာ အိုင်စီဂျေအပြင် မြန်မာကိုတရားစွဲဖို့လုပ်နေတဲ့ အိုင်စီစီပါ ရှိနေတာဖြစ်

အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာကို ရင်ဆိုင်ဖြေရှင်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နယ်သာလန်ကို စွန့်စားသွားရောက်ခဲ့တာဖြစ်တယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ဥပဒေရေးရာအကြံပေးအဖွဲ့ဝင် ဦးသီဟန်မျိုးညွန့်က ပြောပါတယ်။

အိုင်စီဂျေရှိရာ နယ်သာလန်နိုင်ငံ၊ သည်ဟေ့ဂ်မြို့မှာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေတင်မက မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေတဲ့ International Criminal Court-ICC ရှိတဲ့မြို့လည်းဖြစ်တဲ့အတွက် ဒီခရီးမစတင်ခင်ကတည်းက အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ Head of state Immunity (နိုင်ငံတော်အကြီးအကဲတစ်ဦးရဲ့ သံတမန်အခွင့်အရေး) အပြည့်အ၀ ခံစားခွင့်ရမရ သေချာမသိခဲ့ရဘူးလို့ သူက နိုင်ငံပိုင်ရုပ်မြင်သံကြားက ပြုလုပ်တဲ့ အိုင်စီဂျေစကားဝိုင်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ နယ်သာလန်နိုင်ငံက Universal of Dual-station ဆိုတာကို လက်ခံထားတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်သလို အိုင်စီစီကလည်း ဖမ်းဖို့ (Arrest Warrant Issue) လုပ်မလုပ် ကျွန်တော်တို့ သေသေချာချာပြောလို့မရသေးပါဘူး။ စထွက်ထွက်လာချင်းကတော့ ကျွန်တော်တို့ စွန့်စွန့်စားစားလေး ထွက်လာရပါတယ်" လို့ ဦးသီဟန်မျိုးညွန့်ကပြောပါတယ်။

ဒီခရီးမစခင် နယ်သာလန်နိုင်ငံဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့ သံတမန်အခွင့်အရေးလုံခြုံရေး အပြည့်အဝတာဝန်ယူတဲ့အပြင် အိုင်စီဂျေနဲ့ အိမ်ရှင် နယ်သာလန်နိုင်ငံတို့ရဲ့ သဘောတူညီချက်အရ သီးသန့်လုံခြုံရေးကိုလည်း ခံစားခွင့်ရရှိမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ဖြေကြားထားပါတယ်။

ဒီအမှုမှာ ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဆက်လက်မဖြစ်ပွားအောင် ကြားဖြတ်စီမံချက်တွေချပေးဖို့ Provisional measures တွေချကောင်းချခဲ့ရင်တောင်မှ မြန်မာက အမှုကို ရှုံးသွားတာမဟုတ်ဘဲ ပင်မအမှုကြီးဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်ကို မစရသေးတဲ့အပြင် ဒီအမှုကို စတင်စစ်ဆေးခဲ့ရင်လည်း ဂမ်ဘီယာဘက်က သက်သေအထောက်အထား အားနည်းတဲ့အတွက် မြန်မာက အရေးသာနိုင်တယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာပါဝင်တဲ့ ရှေ့နေချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးကလည်း ပြောကြားထားပါတယ်။

() ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဘရက်ဇစ်ဥပဒေကြမ်း အောက်လွှတ်တော် ထောက်ခံ

ဓာတ်ပုံ မူပိုင် Christopher Furlong
Image caption လေဘာပါတီအမတ်တွေကလည်း ဒီဥပဒေကြမ်းကိုထောက်ခံ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဥရောပသမဂ္ဂက ခွဲထွက်ရေး ဘရက်ဇစ်ဥပဒေကြမ်းကို ဗြိတိန်အောက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး ကွန်ဆာဗေးတစ်တွေ လွှမ်းမိုးထားတဲ့ အဲဒီလွှတ်တော်မှာ မဲအပြတ်အသတ်နဲ့ ထောက်ခံမှုရခဲ့တာပါ။

လေဘာပါတီအမတ် ၆ ဦးကလည်း ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့အဲဒီဥပဒေကြမ်းကို ထောက်ခံခဲ့ကြပါတယ်။

လာမယ့်ဇန်နဝါရီလဆန်းမှာတော့ အထက်လွှတ်တော်မှာ ဒီဥပဒေကြမ်းကို ဆက်ဆွေးနွေးကြရမှာဖြစ်ပြီး အထက်လွှတ်တော်မှာ ကန့်ကွက်မှုတွေကြုံရနိုင်ပေမယ့် ဥပဒေကြမ်းကို ပယ်ချနိုင်တဲ့ အာဏာမရှိတဲ့ အတွက် ဒီဥပဒေကြမ်းဟာ အတည်ဖြစ်လာမှာပါ။

(၅) အစ္စရေးမှာ စစ်ရာဇဝတ်မှုတွေရှိနေတယ်လို့ အိုင်စီစီရှေ့နေချုပ်ပြော

ဓာတ်ပုံ မူပိုင် VANO SHLAMOV
Image caption မြန်မာနိုင်ငံကိုလည်း အိုင်စီစီမှာတရားစွဲတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

နိုင်ငံတကာရာဇဝတ်မှုခုံရုံး တရားစွဲရှေ့နေချုပ် မစ္စဖာတူးဗန်ဆူးဒါက အစ္စရေးသိမ်းပိုက်ထားတဲ့ ပါလက်စ္စ တိုင်းနယ်မြေအတွင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေရှိခဲ့တယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ၊ အရှေ့ဂျေရူစလင်နဲ့ ဂါဇာကမ်းမြောင်ဒေသတွေမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အတည်ပြုပေးဖို့ တရားရုံးကို သူက လျှောက်ထားခဲ့ပါတယ်။

ပါလက်စတိုင်းအခြေအနေကို ပဏာမစစ်ဆေးချက်အရ အိုင်စီစီက ရရှိထားတဲ့ခိုင်မာတဲ့သတင်း အချက် အလက်တွေကို သုံးသပ်အပြီးမှာ ရောမဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးမှု စတင်သင့်တဲ့အကြောင်း သူက ပြောပါတယ်။

အစ္စရေးကတော့ သူတို့ကို အိုင်စီစီက တရားစွဲခွင့် မရှိဘူးလို့ ပြောပြီး အစ္စရေးဝန်ကြီးချုပ် ဘက်ဂျမင်နေ တန်ယာဟု ကလည်း ဒါဟာ အလွန်ဆိုးတဲ့လုပ်ရပ်လို့ ပြောပါတယ်။

ပါလက်စတိုင်းကတော့အိုင်စီစီရဲ့အခုလုပ်ရပ်ကို ကြိုဆိုလိုက်ပြီး ဒီထက်အစောကြီးကတည်းက ဖြစ်သင့်တဲ့ အရာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ