ထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေ မျှော်လင့်ချက် မဲ့လာနေ

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ပေါင်း ကိုးသောင်းကျော်ရှိနေပါတယ်။ ဓာတ်ပုံ မူပိုင် TBC
Image caption ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်ပေါင်း ကိုးသောင်းကျော်ရှိနေပါတယ်။

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေ ကိုယ့်ကိုယ့်ကိုယ် သတ်သေတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာ တွေရှိလာနေတယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

ဒုက္ခသည် စခန်းတွေမှာ အလှူရှင်တွေ လျော့နည်းလာတဲ့နောက် ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် တခြား အထောက်အပံ့တွေ လျော့ကျလာ တာကြောင့် လူငယ်တွေဟာ ထွက်ပေါက်ပိတ်နေတဲ့ အနေအထားကို ကြုံနေရတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက တားမြစ်ထားတာကြောင့် ဒုက္ခသည်စခန်းတွေထဲကနေ တိုင်းရင်းသားတွေဟာ စခန်းပြင်ပကို ထွက်ခွင့်မရှိသလို တရားဝင် အလုပ်လုပ် ကိုင်ခွင့်လည်းမရှိပါဘူး။ တားမြစ်ထားတဲ့ကြားက ထိုင်းနိုင်ငံတွင်း အလုပ်ဝင်လုပ်ရင် ထိုင်းရဲတွေဖမ်းဆီးတာကိုခံရသလို ဖမ်းဆီးခံရသူတွေရဲ့ စခန်းတွင်း ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေမှာလည်း စိတ်ဒဏ်ရာတွေရတာရှိတယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ ကရင် အမျိုးသမီးအစည်းအရုံး အမြဲတမ်း ဗဟိုကော်မတီဝင် နော်ဝါးခူးရှီးက ဘီဘီစီကိုပြောပါတယ်။

နှစ်ပေါင်းများစွာ အပြင်ထွက်ခွင့်မရတာအပြင် တရားဝင်အလုပ်အကိုင်အခွင့်အလမ်းလည်း အရင်ကထက်ပို နည်းပါးတဲ့အတွက် လူငယ်တွေမှာ မျှော်လင့်ချက်မဲ့တဲ့အနေအထားရှိလာပြီး ပြီးခဲ့တဲ့ ၂၀၁၈ ကစလို့ မိမိကိုယ်ကိုယ် သတ်သေမှုများလာတယ်လို့ သူက ဆိုပါတယ်။

အထူးသဖြင့် ပြည်ပအလှူရှင်တွေက ဒုက္ခသည်စခန်းတွေကို ထောက်ပံ့တာတွေလျှော့ချလိုက်ချိန်မှာ လူငယ်တွေအတွက် ပညာသင်ဆုလို တန်ဖိုးကြီးတဲ့အထောက်အပံ့တွေပါ ပါသွားခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် SUKREE SUKPLANG
Image caption ၂၀၁၁အစောပိုင်းကာလတွေထိ နယ်စပ်ဒုက္ခသည်စခန်းတွေဟာ ပြည်ပက အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

"အရင်ကဆို စကော်လားရှစ်တွေရှိတယ်။ ခုတော့ အဲဒါတွေကလည်း ပြည်တွင်းကိုရွှေ့သွားတယ်။ ပြီးတော့ စကော်လာလျှောက်ရင် မြန်မာနိုင်ငံသားဖြစ်ရမယ်။ မြန်မာပတ်ပို့စ် ကိုင်ရမယ်ပေါ့။ အဲဒါတွေက ဒုက္ခသည်နဲ့ ဘယ်လိုမှမအပ်စပ်တာရယ်လေ။ နောက်ကျန်းမာရေးဆိုလည်း အရင်ကဆို နာမကျန်းရင် ထိုင်းဘက်က ဆေးရုံတွေမှာ ကုသခွင့်ရှိတယ်။ အခု အဲဒီလိုကုသဖို့ ဆောင်ရွက်ပေးတဲ့ ဒေါက်တာစင်သီယာမောင် ဆေးခန်းလည်း အထောက်အပံ့တွေလျှော့ချခံရတော့ မလုပ်ပေးနိုင်တော့ဘူး။ အခြေအနေက အရင်က ဆိုးတယ်။ အခုက ပိုပြီးဆိုးလာတာ။ အခြေခံအထောက်အပံ့တွေတောင်မရတော့ဘူး" လို့ နော်ဝါးခူးရှီးက ပြောပါတယ်။

ဒုက္ခသည်စခန်းထဲက ကလေးတွေရဲ့ ကျောင်းပညာရေးကို ထိုင်းနိုင်ငံကလည်း အသိအမှတ်မပြုသလို မြန်မာအစိုးရကလည်း အသိမှတ်မပြုတဲ့အတွက် ခက်ခဲရတဲ့အထဲ အခုလို တတိယနိုင်ငံတွေရဲ့ ပညာသင်ဆုအခွင့်အလမ်းတွေပါ ဆုံးရှုံးလာရတာဟာ ဒုက္ခသည်လူငယ်တွေ စိတ်ပိုင်းဆိုင်ရာပြဿနာကို ပိုဆိုးရွားစေတဲ့ဖြစ်စဉ်လို့ နော်ဝါခူးရှီးက ပြောပါတယ်။

ထိုင်းနယ်စပ်ဒုက္ခသည်စခန်းကိုးခုမှာ စုစုပေါင်း ဒုက္ခသည် ကိုးသောင်းကျော်ရှိနေပြီး ကရင်တိုင်းရင်းသား တွေက ၈၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်နေတယ်လို့ နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ TBC က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် TBC
Image caption ဒုက္ခသည်စခန်းတွေမှာ ပဋိပက္ခကြောင့် ခိုလှုံရသူတွေအပါအဝင် ရွှေ့ပြောင်းနေထိုင်သူတွေလည်းရှိနေပါတယ်။

တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်န်ယူတို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေဟာ အဲဒီထိုင်းနယ် စပ်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာ နှစ်သုံးဆယ်ကျော်လာပြီ ဖြစ်ပါတယ်။

အရင်က အလှူရှင်တွေက ပုံမှန်ထောက်ပံ့ခဲ့ကြပေမယ့် ၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ ကေအန်ယူတို့ကြား အပစ် ရပ်လက်မှတ် ထိုးခဲ့ပြီနောက်ပိုင်း ဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ညှိနှိုင်းမှုတွေရှိလာတဲ့နောက် ခုလို ထောက်ပံ့မှုတွေ လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်တွင်း ထိတွေ့တိုက်ပွဲတချို့ရှိနေဆဲဖြစ်ပြီး ဒုက္ခသည် တွေနေရပ်ပြန် ဖို့က မရေမရာဖြစ်နေတယ်လို့ ဒုက္ခသည်အရေးဆောင်ရွက်သူတွေကပြောပါတယ်။ အထူးသဖြင့် ကေအန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ ၃ နဲ့ တပ်မဟာ ၅ တို့မှာ ဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ တပ်မတော်ရဲ့ လမ်းဖောက်လုပ်မှုကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး အဲဒီက ဒေသခံတွေ တိမ်းရှောင်ရတာတွေရှိနေပါတယ်။

ဒီကိစ္စကို တပ်မတော်နဲ့ ကေအန်ယူတို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ဆွေးနွေးထားပြီး အဖြေမထွက်သေးသလို သေနတ်သံတွေပိုပြီး ကျယ်လောင် လာမှာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပြီးနောက်၂၀၁၆ ကစလို့ မိမိသဘောဆန္ဒအလျောက်နေရပ်ပြန်သူတွေရှိပေမယ့် စားဝတ်နေရေးနဲ့ ပြန်လည်ထူ ထောင်ရေး အဆင်မပြေလို့ ဒုက္ခသည် စခန်းကို ပြန်ဝင်လာနေသူတွေလည်း ရှိနေတယ်လို့ TBC က ထုတ်ပြန်တဲ့အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

လူငယ်တွေ သတ်သေမှုမှာ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်တယ်လို့ နော်ဝါးခူးရှီးက ပြောပါတယ်။ ဒါ့အပြင် အရင်က တောင်းစားတဲ့ ကလေးတွေ မရှိခဲ့ဘဲ အခုတော့ ဒုက္ခသည်ခစန်းတွေမှာ ပိုက်ဆံ လိုက်တောင်းနေတဲ့ ကလေးတွေရှိလာနေပြီလို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NICOLAS ASFOURI
Image caption ထိုင်းနယ်စပ် မယ်လဒုက္ခသည်စခန်း

"သတ်သေတာတော့ မိန်းကလေးရောယေက်ျားလေးတွေရော ပါတယ်။ သိပ်မကြာသေးဘူး။ ပြီးခဲ့တဲ့လပိုင်းကပဲ ကျွန်မတို့ နေခဲ့တဲ့ကျောင်းနားက စခန်းက လူငယ်တစ်ယောက် သတ်သေသွားတယ်။ ကျွန်မတို့လည်း camp (ဒုက္ခသည်စခန်း) တွေမှာနေလာတာ။ အရင်က မူးယစ်ဆေးသုံးတာ ရှိပေမယ့် မများဘူး။ ခုတော့ များလာတယ်။ ကျွန်မ သူငယ်ချင်းတွေဆိုလည်း တချို့ Mental (စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု) ပိုင်း ထိခိုက်တာတွေရှိတော့ စိတ်မကောင်းဘူး။ အခုဆို စခန်းတွေမှာ အရင်ကလို ကရင်နှစ်သစ်ကူးပွဲတောင်လုပ်လို့မရတော့တဲ့အခြေအနေပါ" လို့ သူက ဆိုပါတယ်။

ဒီအခြေအနေကို ဖြေရှင်းဖို့က ဒုက္ခသည်တွေကို လုံခြုံစိတ်ချစွာနေရပ်ပြန်ရေးအတွက် တာဝန်ရှိသူတွေက အာမခံချက်ရှိရှိနဲ့ ဆောင်ရွက်ပေးရမယ်လို့ သူက တိုက်တွန်းပါတယ်။

မြန်မာထိုင်းနယ်စပ် ဒုက္ခသည်စခန်းတွေမှာ ပြည်တွင်းပဋိပကွတွေကြောင့် ထွက်ပြေးခိုလှုံသူတွေရှိသလို ရွှေ့ပြောင်းနေထိုင်သူတချို့လည်းရှိနေပါတယ်။

ထိုင်းဥပဒေအရ စခန်းထဲကနေအပြင်ကိုလည်း ထွက်မရတဲ့အပြင် အရင်လို ထောက်ပံ့ကူညီမှုတွေလည်း နည်းပါးသွားတဲ့အတွက် စခန်းတွင်းက အရွယ်ရောက်လူငယ်တွေရဲ့အနာဂတ်ပျောက်သလိုခံစားလာရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ