မြန်မာ့အရေးကို ထင်ဟပ်နေတဲ့၂၀၁၉ ခုနှစ်ထဲက ကိန်းဂဏန်းများ

တချို့ကိန်းဂဏန်းတွေကတော့ သတိထားပြုပြင်ဖို့လိုနေတယ်လို့ ညွှန်ပြနေပါတယ် ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption တချို့ကိန်းဂဏန်းတွေကတော့ သတိထားပြုပြင်ဖို့လိုနေတယ်လို့ ညွှန်ပြနေပါတယ်

မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၁၉ ခုနှစ်မှာ မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးကို ထင်ဟပ်နေတဲ့ ကိန်းဂဏန်း တချို့ရှိခဲ့ပါတယ်။ တချို့ကိန်းဂဏန်းတွေက အကောင်းဘက်ကို ဦးတည်ပေမယ့် တချို့ကိန်းဂဏန်းတွေကတော့ သတိထားပြုပြင်ဖို့လိုနေတယ်လို့ ညွှန်ပြနေပါတယ်။

ဒီနှစ်ထဲမှာ စီးပွားရေးမှာဆိုရင် ရွှေဈေးဟာ မြန်မာ့သမိုင်းတစ်လျှောက် မကြံစဖူးမြင့်တက်ခဲ့သလို ဒေါ်လာ ဈေးဟာလည်း မနှစ်ကလောက် သိပ်လှုပ် လှုပ်ရှားရှားမဖြစ်ခဲ့ပေမယ့် ၁,၅၀၀ ကျော်နဲ့ အမြင့်ဆုံးဈေးမှာပဲ ဆက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ကိန်းဂဏန်းတချို့ အဆင့်တက်လာ တာတွေ့ရပါတယ်။

နိုင်ငံရေးမှာတော့ ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက် အရေးကြီးတဲ့ ညွှန်းကိန်းထဲမှာပါတဲ့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းခဲ့သလို အဂတိလိုက် စားမှုညွှန်းကိန်းကလည်း အရင်နှစ်တွေထက် ကျဆင်းသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာဟာ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အမှုဖွင့်ခံရတဲ့ ဘယ်နှနိုင်ငံမြောက် ဖြစ်လာပါသလဲ။

ဒီနှစ်ထဲမှာ ထူးထူးခြားခြားဖြစ်ခဲ့တဲ့ ကိန်းဂဏန်းတချို့ကို ကြည့်ရအောင်ပါ။

(၁) ဂျီနိုဆိုက်နဲ့အမှုဖွင့်ခံရတဲ့ ၃ ခု မြောက်နိုင်ငံ

ဓာတ်ပုံ မူပိုင် KOEN VAN WEEL
Image caption အိုင်စီဂျေမှာ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဂျီနိုဆိုက်စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အမှုဖွင့်ခဲ့ပါတယ်။

ဒါဟာ အိုင်စီဂျေ သမိုင်းမှာ ဂျီနိုဆိုက် စွပ်စွဲချက်နဲ့ ၃ ခုမြောက် အမှုဖွင့်ခံရတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီရှေ့မှာ ဘော့စနီးယား က ဆားဘီးယားကို ဂျီနိုဆိုက်နဲ့ အမှုဖွင့်ခဲ့တာရှိပြီး ယူဂိုဆလားဗီးယားပြည်ထောင်စု ပြိုကွဲပြီးနောက် ခရိုအေးရှားက ဆားဘီးယားကို ဂျီနိုဆိုက်နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီအမှုနှစ်မှုကို ဂျီနိုဆိုက် မြောက်တယ်လို့ အမိန့်ချခဲ့တာ မျိုးမရှိပေမယ့် ဆားဘီးယားအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုမဖြစ်အောင် ကာကွယ်ဖို့ ပျက်ကွက်တယ်ဆိုတဲ့အချက်နဲ့ ဒါကြောင့် ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အိုင်စီဂျေက ဆုံးဖြတ်ခဲ့တာ ရှိတယ်လို့ ဥပဒေပညာရှင်ပါမောက္ခ ဒေါက်တာမြင့်ဇံက ပြောပါတယ်။

မြန်မာကို စွဲဆိုထားတဲ့အမှုကို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ၊ သည် ဟေ့ဂ်မြို့ မှာ ရှိတဲ့ အိုင်စီဂျေတရားရုံးထိ သွားရောက်ဖြေရှင်းထားပြီး တရားရုံး ဆုံးဖြတ် ချက်ကို နှစ်ဖက်စောင့်ဆိုင်းနေပါတယ်။

တရားရုံးက လာမယ့်ဇန်နဝါရီလောက်မှာ အမိန့်ချဖို့ရှိတယ်လို့ အတိုင်ပင်ခံက ပြောကြားထားပါတယ်။

(၂) မီဒီယာလွတ်လပ်ခွင့်အဆင့် ၁၃၈

ဓာတ်ပုံ မူပိုင် MYO KYAW SOE
Image caption မီဒီယာလွတ်လပ်ခွင့်ပေးဖို့ အန်အယ်လ်ဒီအစိုးရလက်ထက် ဆန္ဒထုတ်ဖော်တာတွေရှိ

ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာတဲ့နေရာမှာအရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ဒီ ၂၀၁၉ ခုနှစ်မှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။

နယ်စည်းမခြားသတင်း ထောက်များအဖွဲ့ RSF က ထုတ်ပြန်တဲ့စာရင်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာက ၁၃၈ ဖြစ်ပြီး ၂၀၁၈ ကထက် အဆင့် ခြောက်ဆင့် ထပ်ကျသွားတာပါ။ မီဒီယာ လွတ်လပ်ခွင့်ဟာ ၂၀၁၃ ကနေ ၂၀၁၇ အထိ အဆင့် ၂၀ အထိ အဆင့်ဆင့်တိုးတက်လာတာကနေ ၂၀၁၈ မှာစကျဆင်းလာတာပါ။

သတင်းမီဒီယာတွေကို အာဏာပိုင်တွေက တရားစွဲဆိုဖမ်းဆီးမှုတွေရှိနေသလို အစိုးရရဲ့ ဦးစား ပေးအစီအစဉ်တွေထဲမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထည့်မထားဘူးလို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(၃) လာဘ်စားမှုအဆင့် ၁၃၂

ဓာတ်ပုံ မူပိုင် EPA
Image caption တနင်္သာရီ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ဟာ အန်အယ်လ်ဒီအစိုးရလက်ထက် လာဘ်စားမှုနဲ့အရေးယူခံရတဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်

အဂတိလိုက်စားမှုအဆင့်မှာလည်း မြန်မာက အဆင့် ဆက်လက်ကျဆင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အဆင့် ၁၇၆ ကနေ သမ္မတ ဦးသိန်းစိန်လက်ထက်အထိ ၁၃၆ အထိ အဆင့်ဆင့်တိုးတက်လာခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၆ ကစလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ကော်မရှင်ဥပဒေကိုပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်း တာတွေရှိခဲ့တဲ့ အတွက် ၂၀၁၇ ခုနှစ်မှာ အဆင့် ၁၃၀ အထိ တိုး တက်လာခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်အတွင်း FDA ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဥပဒေချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် စတဲ့ အစိုးရ အဆင့်မြင့်အရာရှိကြီးတွေကို လာဘ်စားမှုနဲ့ အရေးယူခဲ့ပေမယ့် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ International Transparency က ၂၀၁၉ ခုနှစ်အတွင်း နောက်ဆုံး ထုတ်ပြန်ထားတဲ့စာရင်း အရတော့ မြန်မာက အဆင့် ၁၃၀ ကနေ ၁၃၂ ကို ကျဆင်းသွားခဲ့ပါတယ်။

ဒါဟာ အစိုးရနဲ့ အောက်ခြေဌာနဆိုင်ရာတွေမှာ လာဘ်စားမှုပပျောက်အောင် ကြိုးနီစနစ်တွေကို ဖယ်ရှားဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ဒီထက်ပိုပြီး ထိထိရောက်ရောက်ကိုင်တွယ်ဖို့ လိုနေတာကို ညွှန်ပြနေတယ်လို့ နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပါတယ်။

(၄) ရွှေဈေး ၁၃ သိန်းကျော်နဲ့စံချိန်တင်

ဓာတ်ပုံ မူပိုင် Huw Evans picture agency
Image caption ရွှေဈေးဟာ ဒီနှစ်ထဲ တစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်အထိမြင့်တက်ခဲ့

ရွှေဈေးက ဒီနှစ်မှာ မြန်မာ့သမိုင်းတစ်လျှောက် အမြင့်ဆုံးအဖြစ် ကျပ် ၁၃ သိန်းကျော်သွားခဲ့တာပါ။ ကမ္ဘာ့ ရွှေဈေးတက်ခြင်းနဲ့ ပြည်တွင်းဘဏ်တွေနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ရွှေအလုအယက် ဝယ်ယူစုဆောင်းမှုတွေရှိလာခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းကျော်ခဲ့ တာဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာဈေးလည်း ပြန်ကျလာတဲ့အတွက် ဒီဇင်ဘာလအတွင်း ရွှေဈေး တစ်ကျပ်သားကို ကျပ် ၁၁ သိန်းကျော်ကို ကျဆင်းလာခဲ့ပါတယ်။ ဒေါ်လာဈေးကတော့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းတည်းက တစ်ဒေါ်လာ ၁,၅၀၀ ကျပ်အထက်ကိုစံချိန်တင်ရောက်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း အတက်အကျ သိပ်မရှိခဲ့ဘဲ ၁,၅၀၀ ကျော်အနေအထားမှာ ပုံမှန်ရှိနေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရွှေဈေးတွေ ခုန်တက်သွားတာ ဘာကြောင့်လဲ

(၅) စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်းမှာ မြန်မာ ၆ ဆင့်တက်

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption အထည်ချုပ်လုပ်ငန်းခွင်တစ်ခု

ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုစာရင်း (Ease of doing business Ranking) အစီရင်ခံစာမှာ မြန်မာက အဆင့် ၆ ဆင့်တက်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အဲဒီ အစီရင်ခံစာမှာ နိုင်ငံပေါင်း ၁၉၀ မှာ မြန်မာက အဆင့် ၁၇၁ ကနေ အခု အဆင့် ၁၆၅ ကို တက်လာ ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်က စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအဆင့်ကို လုပ်ငန်းစတင်လုပ်ကိုင်ဖို့ အခြေ အနေ၊ ချေးငွေရရှိမှု၊ လျှပ်စစ်မီး စတဲ့အခြေခံအဆောက်အအုံတွေရရှိမှုလွယ်ကူခြင်းအပေါ် အမှတ်ပေး ဆုံးဖြတ်တာဖြစ်ပါတယ်။ အခုလိုအဆင့်တက်လာပေမယ့် ထပ်ပြီး အဆင့်တက်ဖို့ ဖြေရှင်းရမယ့် ကြိုးနီစနစ်တွေရှိနေသေးတယ်လို့ စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ထူး က ပြောကြားထားပါတယ်။

(၆) စပါးတင်းတစ်ရာ ကျပ် ၅ သိန်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption စပါးတင်းတစ်ရာကို ကြမ်းခင်းဈေး ကျပ် ၅ သိန်းပေးဝယ်ဖို့အစိုးရသတ်မှတ်

အစိုးရက စပါးတင်းတစ်ရာကို ကြမ်းခင်းဈေး ကျပ် ၅ သိန်းပေးဝယ်ဖို့ ဒီနှစ်အောက်တိုဘာလမှာ သတ်မှတ်လိုက်ပါတယ်။ အဲဒီသတ်မှတ်ချက် အောက်ရောက်နေရင် ဆက်သွယ်ဖို့ လည်း အစိုးရက ဖုန်းနံပါတ်တွေထုတ်ပြန်ခဲ့ပါတယ်။ ဈေးကွက်ထဲမှာ စပါးတင်းတစ်ရာ ငါးသိန်းအောက်ရောက်နေရင် အစိုးရက ဈေးတက်လာအောင် ဝင်ဝယ်ပေးမှာဖြစ်ပြီး ငါးသိန်းကျော်သွားရင်တော့ ဈေးကွက်ကို လွှတ်ပေး မယ့် သဘောဖြစ်ပါတယ်။ တောင်သူတွေဘက်ကလည်း အစိုးရ အနေနဲ့ ဈေးသတ်မှတ်ရုံမဟုတ်ဘဲ အစိုးရ က အမှန်တကယ်ဝယ်ပေးဖို့လိုတယ်လို့ တောင်းဆိုမှုတွေရှိနေပါတယ်။ ဈေးပဲသတ်မှတ်ထားပြီး တကယ်မဝယ်ရင် ထိခိုက်နစ်နာမှုတွေရှိနိုင်တယ်လို့ တောင်သူလယ်သမားတွေကပြောကြားထားပါတယ်။

(၇) တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်

ဓာတ်ပုံ မူပိုင် Myanmar President office
Image caption တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့် အခမ်းအနား

အန်အယ်လ်ဒီအစိုးရလက်ထက်၂၀၁၆ ခုနှစ်၊ မတ်လမှာ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၃၄ ရာခိုင်နှုန်း သာရှိခဲ့ရာက အခု ၂၀၁၉ ဒီဇင်ဘာမှာတော့ တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲသူ ၅၀ ရာခိုင်နှုန်း အထိ ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၆ ကနေ သုံးနှစ်ခွဲအတွင်း လျှပ်စစ်ကဏ္ဍမှာ စုစုပေါင်း ငွေကျပ် ၂,၃၂၇ ဘီလျံကျော် ရင်းနှီးမြှုုပ်နှံခဲ့ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၉၀၀ ကျော် ထပ်တိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ နှစ်လယ်လောက်မှာ နောက်ထပ် မဂ္ဂါဝပ်တစ် ထောင်ကျော်ကို ထပ်မံထုတ်လုပ်သွားနိုင်ဖို့ အစိုးရက မျှော်မှန်းဆောင်ရွက်နေတာပါ။ ဓာတ်အားစနစ်ကို တိုးချဲ့ခဲ့လို့ အခုဆို မြို့ပေါင်း လေးရာနီးပါးနဲ့ ကျေးရွာပေါင်း တစ်သောင်းခွဲကျော် နိုင်ငံတော်ဓာတ်အားကနေ မီးရခဲ့ပြီးဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ တစ်နိုင်ငံလုံး ၇၅ ရာခိုင်နှုန်းဓာတ်အားရရှိ သုံးစွဲဖို့ရည်မှန်းထားတာဖြစ်ပါတယ်။