ကော့သောင်းမှာ တွေ့တဲ့ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်

လက်ရှိမှာ ဇာဒက်ကြီး ရေတပ်စခန်းမှာထိန်းသိမ်းထားတယ်လို့ဆို ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption လက်ရှိမှာ ဇာဒက်ကြီး ရေတပ်စခန်းမှာထိန်းသိမ်းထားတယ်လို့ဆို

ပြီးခဲ့တဲ့ သီတင်းပတ်က ကော့သောင်းရေပြင်မှာတွေ့ခဲ့ရတဲ့ လှေစီးဒုက္ခသည်တွေကို အမှုဖွင့် အရေးမယူဘဲ မူလနေရာကိုပြန်ပို့ဖို့အတွက် ပြည်ထောင်စုအစိုးရက ညွှန်ကြားလိုက်တယ်လို့ တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ် ဝန်ကြီး ဦးကျော်မင်းက ဘီဘီစီကိုပြောပါတယ်။

ဒီဇင်ဘာ ၁၅ရက်နေ့ ကော့သောင်းမြို့ မြန်မာ့ပင်လယ်ပြင်အတွင်းမှာ လှေစီးဒုက္ခသည် ၁၇၃ ဦးကို တပ်မတော်ရေ ကတွေ့ခဲ့တယ်လို့ တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအမျိုးသား ခုနစ်ဦးနဲ့ ခိုးဝင် ဘင်္ဂါလီ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၆၉ ဦး၊ ကလေး ၂၂ ဦး စုစုပေါင်း ၁၇၃ ဦးတို့ကို ဖမ်းဆီးရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။

အခုအချိန်ထိ သူတို့ကို ကော့သောင်း၊ ဇာဒက်ကြီး ရေတပ်စခန်းမှာထိန်းသိမ်းထားပြီး မူလနေရာကို ပြန်ဖို့ပို့ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြည်ထောင်စုအစိုးရက ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ဦးကျော်မင်းက ဘီဘီစီကို ပြောပါတယ်။

ပြန်ပို့မယ့်ရက် အတိအကျကိုတော့ ပြည်ထောင်စု အစိုးရက ထပ်မံ အတည်ပြုပေးမှာဖြစ်လို့ ပို့ရမယ့်ရက်ကို စောင့်နေတယ်လို့ ပြောပါတယ်။

"လောလောဆယ် ရေထဲမှာ တွေ့တယ်ဆိုတော့ အမှုဖွင့်တာတွေ ဘာတွေတော့ မလုပ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ နေရပ်ကို ပြန်ပို့မယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ဘင်္ဂါလီ အဖွဲ့ကိုတော့ စစ်တွေကို ပို့ဖို့ လောလောဆယ် ဇာဒက်ကြီး ကျွန်းမှာ ထားထားတယ်" လို့ ဦးကျော်မင်းက ပြောပါတယ်။

ဒီလှေစီးဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ၇သိန်းကျော်ထဲက တချို့ဖြစ်ပါတယ်။

အဲဒီထဲက ၁၇ဦးကတော့ ရခိုင်ပြည်နယ် စစ်တွေမြို့၊ သဲချောင်း ဒုက္ခသည်စခန်းက ဖြစ်လို့ သူတို့ကိုတော့ အဲဒီကို ပြန်ပို့မှာဖြစ်တယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့က သိရပါတယ်။

ကျန်တဲ့သူတွေကို အဲဒီကနေမှတဆင့် မူလနေရာကို ပြန်ပို့ဖို့ အတွက် ထပ်မံစီစဉ်မယ်လို့လည်း ပြောပါတယ်။

လှေစီးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောနဲ့အတူ ပိုင်ရှင်နဲ့ အလုပ်သမားတွေကိုတော့ ကော့သောင်းမှာပဲ ထိန်းသိမ်းထားဦးမယ်လို့ ဝန်ကြီးဦးကျော်မင်းက ပြောပါတယ်။

သူတို့ကိုတော့ အရေးယူဖို့ ပြင်ဆင်နေပြီး ဘယ်လိုပုဒ်မမျိုးနဲ့ အရေးယူမယ်ဆိုတာကိုတော့ ပြင်ဆင်နေချိန်မို့လို့ မသိရသေးဘူးလို့ ပြောပါတယ်။

"သူတို့ကို တင်လာလာတဲ့ စက်လှေကိုကျတော့ ကော့သောင်းမှာပဲ ဖမ်းထားတယ်တဲ့။ သက်ဆိုင်ရာကတော့ ဖမ်းထားပြီးပြီ။ အရေးယူတာကတော့ သူ့ဥပဒေ ပုဒ်မနဲ့ သွားမှာပေါ့" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း ရခိုင်ပြည်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကို ထွက်သွားခဲ့ကြတဲ့ ရိုဟင်ဂျာတွေက လူပွဲစားတွေကတဆင့် မလေးရှားနိုင်ငံဘက်ကို ရေလမ်းခရီးသာမက ကုန်းလမ်းတွေကပါ သွားရောက်နေတာပါ။

သူတို့ကို မြန်မာအာဏာပိုင်တွေက ဖမ်းမိတဲ့အခါ လဝက အက်ဥပဒေတွေနဲ့ အရေးယူတာ၊ မူလနေရာတွေကို ပြန်ပို့တာတွေရှိခဲ့ပါတယ်။